လူတစ်ယောက်ရဲ့ မွေးရာပါ ဝါသနာဟာ အဲဒီလူတစ်ယောက်ရဲ့ ငယ်ဘဝကိုသွားပြန်လေ့လာကြည့်ရင် ထင်သာစွာမြင်ရလိမ့်မယ်....။ ကျွန်မငယ်စဉ် လေးငါးနှစ်သမီးကနေ ဆယ်နှစ်ထိ ဘာတွေဝါသနာပါပြီးဘာတွေ ဆော့ကစားခဲ့လည်း ပြန်တွေးကြည့်တဲ့အခါ.... ဖက်ရှင်ပိုင်းကို ဝါသနာပါခဲ့တာလို့အရင်ဆုံးတွေ့လိုက်ရတယ်....။ ကျွန်မအမေမှာ အမေအပါအဝင် ညီအစ်မခြောက်ယောက်ရှိတယ်....။ အမေကအကြီးဆုံး ကျန်အဒေါ်တွေကလည်း သူတို့ခေတ်အခါက ဓါတ်ပုံအလှရိုက်တာ မဂ္ဂဇင်းမျက်နှာဖုံးရိုက်တာတွေလုပ်ကြတယ်....။ သူတို့သုံးတဲ့ အသုံးအဆောင် အဝတ်အစား ဖိနပ် လွယ်အိတ် အလှကုန်မှန်သမျှ ကျွန်မမြင်တွေ့နေရတယ် နိစ္စဓူဝ....။ ခုပြန်ခေတ်စားနေတဲ့ Eye Liner နဲ့ Cat Eye ဆွဲကြတာ သူတို့ခေတ်ကတည်းက အဲတုန်းက လက်သည်းနီပုလင်းလေးလိုလာတာ အရောင်က အနက်နဲ့ ကော်ဖီရောင် ရှီရှဲဒိုး တံဆိပ်ဆိုတာ မှတ်မိနေတယ်....။ အဒေါ်တွေရဲ့ ဂါဝန်လှလှလေးတွေ ဒေါက်ဖိနပ်တွေ နားကပ်တွေ ဆွဲကြိုးတွေဝတ်ပြီး ဆော့တတ်တယ်...။ ထိုင်းကလာတဲ့ စက္ကူအရုပ်ကပ်တွေဆိုလည်း အရုပ်ကို အဝတ်အမျိုးမျိုးဝတ်ပေးတာ တခါတလေ ကိုယ့်ဘာသာ စက္ကူမှာ ပုံဆွဲပြီး ရောင်စုံခြယ် အဝတ်အသစ်တွေထပ်လု ပ်ပေးတတ်တာမျိုးလည်းရှိတယ်....။ အဲလို ဖက်ရှင်ပိုင်းကို စိတ်ဝင်စားခဲ့တာပေါ့ ကလေးထဲက....။ အဒေါ်တွေရဲ့ ဖတ်စာအုပ်ကို နေ့တိုင်း မရိုးမအီ ဟိုလှန်ဒီလှောလုပ်ခဲ့တာလည်း စာပေဖက်ဝါသနာထုံမယ့် နိမိတ်တစ်ခုပါပဲ....။
နောက်ပြီး ဟင်းချက်ဝါသနာပါတာကလည်း အဲအချိန်ကတည်းက အိုးပုပ်ကစားရင် ဒန်အိုးဒန်ခွက်သေးသေးလေးတွေနဲ့ တကယ့်စားစရာတွေနဲ့ချက်ပီးကစားတတ်တာလေ....။ ရန်ကုန်ရောက်တော့ ကိုးတန်း ဆယ်တန်းလောက်ကတည်းက MTV ကြည့်ပြီး VJ ဖြစ်ချင်ခဲ့သေးတယ်....။ အဲတုန်းက ဆယ်တန်းအောင်ပြီးလို့ အင်္ဂလိပ်စာသင်တန်းတက် MTV က VJ တွေလို မှန်ရှေ့မှာ စကားပြောကျင့်ရတာလဲအမောပဲ....။ သင်တန်းတွေတက်ရင်း လေယာဉ်မယ်လုပ်မယ်လို့ စိတ်ကူးပြီး လျှောက်ကြည့်မယ်လုပ်သေးတယ်....။ ကျောင်းကဆရာကြီးက လေယာဉ်မယ်ဘဝက အကန့်အသတ်ရှိတယ် နောင်အသက်ကြီးလာလို့ မြေပေါ်ပြန်ရောက်ရင် အတည်တကျ အလုပ်ပြန်ရှာရလိမ့်မယ်ဆိုပြီး မလုပ်ဖို့ အကြံပေးလို့ အဲအလုပ်မလုပ်ဖြစ်ခဲ့တာ...။
နောက်တော့ ကျွန်မဟာ အသက်အရွယ်အလိုက် အချိန်တွေရွေ့လျားလာတာနဲ့ မဖြစ်နိုင်တော့တဲ့ ဝါသနာတွေကို မေ့မေ့ပျောက်ပျောက်ရှိရင်းနဲ့ ကော်ဖီဆိုင်သေးသေးတစ်ခုဖွင့်ဖို့ စိတ်ကူးယဉ်လာခဲ့သလို အခွင့်ရှိတုန်း ကော်ဖီနဲ့မုန့်ဖုတ်သင်တန်းတက်ခဲ့တယ်...။ ခုတော့ အွန်လိုင်း Small Business နဲ့ ကျွန်မရဲ့မောင်လေး လက်တွေ့အကောင်အထည်ဖော်တဲ့ ကိတ်မုန့်ပေ့ချ်လေးတစ်ခု ရှိလာခဲ့တယ်....။ အခွင့်ရရင် ကျွန်မ အွန်လိုင်း Influencer တစ်ယောက်ဖြစ်ချင်ပါသေးတယ်.....။ လောလောဆယ် ငွေတစ်ပြားတစ်ချပ်မှမရတဲ့ ဒီဘလော့မှာ ကျွန်မရဲ့ ဝါသနာအရင်းမြစ်ဖြစ်တဲ့ စာရေးခြင်းကိုတော့ အဆက်မပြတ်လုပ်နေပါတယ်လို့....။
အခုတော့ ကျွန်မဘလော့မှာ နားထောင်ဖြစ်တဲ့ သီချင်းတွေကိုတင်ရင်း ကျွန်မအသွေးအသားထဲ စိမ့်ဝင်နေခဲ့တဲ့ ဂီတသံစဉ်တွေနဲ့ Blogs’ VJ လည်း လုပ်နေပါတယ် 😊❤️💋
No comments:
Post a Comment