ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး အမဲသားပြန်စားဖြစ်တယ်.....။ အမဲသားမစားတာ နှစ်ဆယ်ချီပြီထင်တယ်...။ ကျွန်မအကြိုက်ဆုံးအသားက ဝက်သား....။ တကယ်တမ်း ဝက်သားက လူအတွက်ဘာမှမကောင်း ....။ ဝက်သားကိုဖြတ်မယ် အသက်ငါးဆယ်လောက်ဆို သက်သတ်လွတ်စားမယ်လို့တော့ စဉ်းစားထားတာပဲ...။ တကယ်လုပ်ရင်တော့ လုပ်နိုင်ပါတယ်...။ အဲအချိန်ရောက်ရင်သိရမယ်လေ....။ လောလောဆယ် အမဲသားပြန်စားလို့ အမဲခြောက်လုပ်ဖြစ်တာလေးကို အညာသူတစ်ယောက်ဆီကရတဲ့နည်းလေး ပြန်ပြောပြချင်လို့ပါ....။
နွေနေက ပြင်းတော့ အသားက နှစ်ရက်နဲ့ခြောက်ကတောက်ပဲ.....။ ကုလားတန်းက မူဆလင်အသိတစ်ယောက်ကို အမဲသားတစ်ပိဿာမှာလိုက်တယ် တစ်သောင်းခွဲပေးရတယ်....။ ကျွန်မတို့နားကဈေးမှာဆို နှစ်သောင်းလောက်ပေးရမယ်ထင်တယ် အမဲသားသည်ကလဲ တစ်ဆိုင်ထဲရှိတာပါ....။ အမဲတစ်ပိဿာမှာ အရွက်အကြောပါတဲ့နေရာတွေကိုဖယ်ထုတ်လိုက်တော့ ၇၀-၇၅ကျပ်သားလောက်ကျန်မယ်ထင်တယ်...။ ကျန်တဲ့ အရွတ်အကြောပါတဲ့အသားတွေကို အနေတော်တုံးပြီး ဆား ဆနွင်း မဆလာ သံပုရာသီး တစ်စိပ်ညစ်ထည့် ဂျင်း ကြက်သွန်ဖြူထောင်းအရည်ညစ်ထည့်ပြီး နယ်နှပ်ထားလိုက်တယ်....။ ကျန်တဲ့အသားတွေကို နေလှန်းဖို့အမြှောင်းရှည်ရှည်တစ်လက်မလောက်အထူလှီးပြီး ပါဝင်ပစ္စည်းတွေနဲ့နယ်လိုက်တယ်... တစ်ညသိပ်ပြီး မိုးလင်းတော့ ဝရံတာမှာ သုံးဆင့်ဇကာနဲ့လှမ်းလိုက်တယ် စကောနဲ့ဆို ငှက်စာဖြစ်သွားမယ်လေ...။
အမဲသား ၇၀-၇၅ ကျပ်သား
ဆား လက်ဖက်ရည်ဇွန်းတစ်ဇွန်း
ငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်း
သံပုရာသီး တစ်လုံးခွဲ
နနွင်း လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ငရုတ်သီးမှုန့် ထမင်းစားဇွန်း တစ်ဇွန်း (မထည့်လည်းရ)
နေပြင်းပြင်းမှာ နှစ်ရက်လောက်လှန်းတာနဲ့ အာလုံးခြောက်သွားပြီ....။ လေလုံတဲ့ ဗူးထဲထည့်ပြီး ရေခဲ ခဲခန်း မဟုတ်ရင် ပုံမှန်အခန်းထဲထည့်သိမ်းထားပါ....။ ခဲခန်းထဲထည့်တာကတော့ မစားဖြစ်သေးလဲ မှိုမတက်ဘူးပေါ့...။ ပုံမှန်အအေးခန်းကတော့ ရေငွေ့ပျံပြီး မှိုလိုက်တတ်ပါတယ်....။ အရမ်းခြောက်နေတဲ့အတွက် ဒီတိုင်းမီးဖုတ်တာထက် ၁၀မိနစ်လောက်ပေါင်းပြီး မီးပြန်ဖုတ်စားရင် ဂွတ်ရှယ်ပါလို့ပြောပါရစေ....။ ကိုယ့်စိတ်ကြိုက်အရသာထည့်ထားတာမို့ အငံမကဲဘဲ(အသားခြောက်ဟူသမျှ အထားခံအောင် ဆားပိုထည့်ရတာပေမယ့်) အနေတော်လေးနဲ့စားကောင်းတယ်...။ ထုထောင်းမျှင်ပြီး ဆီလေးဆမ်း ထမင်းပူပူနဲ့စားစား မနက်စာထမင်းကြော်နဲ့စားစား နေ့လယ်နေ့ခင်းအကြမ်းရည်နဲ့သောက်သောက် ညဦးပိုင်း အမြည်းပဲလုပ်လုပ် အဆင်ပြေပါတယ်လို့.....။ ကျွန်မကတော့ အဲနေ့က မီးဖုတ် ထုထောင်းပြီး တခါထဲ ကောက်ညှင်းပေါင်းပူပူနဲ့ ရှမ်းငရုတ်သီးထောင်းနဲ့ စားပါတယ်....။
သတိထားရမယ့်အချက်ကတော့ နေပူလှန်းမယ့်နေ့မှာ မိုးအုံ့နေရင်တော့ ဆက်မလှန်းပါနဲ့ အသားတွေပျက်သွားပါလိမ့်မယ် အဲလိုနေရောင်ကောင်းကောင်းမရရင် အပူချိန် ၁၁၀ လောက်နဲ့ Oven ထဲသာထည့်လိုက်ပါ .....။ အသားခြောက်သွားတဲ့အထိ လိုအပ်ရင် အချိန်ထပ်တိုးပါ....။
________________________
Revolution will prevail
မိုးငွေ့
No comments:
Post a Comment