Sunday, 20 March 2022

ဆယ်စုနှစ်တာ မှတ်ဉာဏ်......(၁)

 



ကလေးဘဝမှတ်ဉာဏ်ဆိုတဲ့ ပို့စ်အဟောင်းကိုပြန်ဖတ်ပြီး ကျွန်မ လွန်ခဲ့တဲ့နှစ်တွေမှာ ဘာတွေမှတ်မိနေခဲ့လည်း ဘာတွေရေးဖို့ကျန်နေခဲ့သေးလည်းလို့ အပြေးအလွှားတွေးတောကြည့်တော့ 2000-2010 ဆယ်စုနှစ်ရဲ့ အဖြစ်ပျက်တွေအကြောင်း ကျွန်မဘလော့မှာ သိပ်မရေးဖြစ်ခဲ့ဘူး....။ တစ်ခါတုန်းက တက္ကသိုလ်မှာ ခေါင်းစဉ်နဲ့ ရေးတဲ့စာတွေက 1990-1999 ထိ အဖြစ်ပျက်တွေများပါတယ်.... ကျောင်းတက်တုန်းကအကြောင်းရေးရတာလည်း ပျော်စရာကောင်းတယ်လေ ဘာပဲဖြစ်ဖြစ် ကောင်းတဲ့ Memory တွေကို ရေးရတာ လူတွေပိုအားသန်ကြတာ ထုံးစံပါပဲ....။

2000-2010 ဆယ်စုနှစ်တာ အဖြစ်ပျက်တွေက ပြန်စဉ်းစားကြည့်တော့ ဆင်တူနေ့လရက်တွေ များခဲ့လို့ မှတ်ဉာဏ်ထဲ တသီးတသန့်ရှိမနေတာလည်းဖြစ်နိုင်ပါတယ်....။ အဲဆယ်စုနှစ်အကြောင်း မှတ်မိသလောက်လေး ပြန်ရေးပြပါဆို သူ့အရှေ့သုံးနှစ်လောက်ကို ခနပြန်ဆုတ်ရလိမ့်မယ်....။ 1996 ကျောင်းသားအရေးအခင်းမဖြစ်ခင် ရက်ပိုင်းအလိုမှာ ကျွန်မ တက္ကသိုလ် တတိယနှစ် စတက်တဲ့နှစ်လည်းဖြစ်တယ်....။ နှစ်အလိုက်သာ ကြီးကြီးကျယ်ကျယ်ပြောနေရတာ တကယ်တမ်း တစ်တန်းကိုတစ်နှစ်ပြည့်အောင်မတက်ခဲ့ရပါဘူး.... ။ RC 3 မှာ Zool  ပထမနှစ်စတက်တာက ၁၉၉၅ မှာပါ ...။ ပထမနှစ်သည် Semester နဲ့ပြောရရင် နှစ်ခုစာတော့အပြည့်တက်ခဲ့ရတယ် ....။ ဒုတိယနှစ်က တစ်ခုစာပဲ ခြောက်လတက် စာမေးပွဲဖြေ နောက်တစ်တန်းတက်ဖို့စောင့်ရတယ်....။ တတိယနှစ်ကျတော့ ၁၉၉၆ စက်မှုတက္ကသိုလ်ကစတဲ့ ကျောင်းသားအရေးခင်းနဲ့ထပ်တိုးပါလေရော အောက်တိုဘာ(၂၀)ရက်နေ့ ကျောင်းတက်ရက်က မှတ်မှတ်ရရ (၁၅) ရက်ပဲရှိသေးတယ်....။ အဲနေ့ကကျောင်းရောက်တော့ ကျောင်းထဲမှာ လူတွေက စုရုံးစရုံးဖြစ်နေကြပြီ YIT အင်းစိန်ကနေ‌ ကျောင်းသားတွေ လှည်းတန်းမှာစုပြီး ကြည့်မြင်တိုင် RC3 ဖက်ကိုချီတက်လာနေကြပြီလို့ပြောတယ်....။ ရောက်လာမယ့် စစ်ကြောင်းမှာ ချီတက်မယ့်အထဲ ပါဝင်ချင်သူတွေကလဲ လက်ပတ်တွေဘာညာနဲ့ စုပြီး စောင့်နေကြပြီအဆင်သင့်....။ ကိုယ်တွေက ကျောင်းထဲဝင်မရ ကျောင်းရှေ့က Sweet ကော်ဖီဆိုင်ရှေ့မှာ အခြေအနေကို ရပ်စောင့်ကြည့်နေသေးတယ်....။  စက်မှုကျောင်းသားတွေ အုပ်လိုက်တန်းလိုက်ရောက်လာချိန်မှာပဲ ခဏစောင့်ကြည့်ပြီး အိမ်ပြန်သွားခဲ့တယ် အကြောင်းရင်းက ဗိုက်နာလာလို့....။ စိတ်လှုပ်ရှားရင် ဗိုက်နာတတ်တဲ့အကျင့်က ရှိနေတာကိုး....။ 

ဒီဇင်ဘာ (၉)နေ့မှာပဲ အစိုးရက ကျောင်းပိတ်ရက်ရှည်ကြီး စတင်ကြေငြာလိုက်ပါတော့တယ်....။ ခုနှစ်တန်းနှစ်တုန်းကလဲ ရှမ်းပြည်ကနေ တစ်နှစ်မဖြေဘဲ ပြည်မကြီးကိုရောက်လာ ... မန္တလေး (၁၂)ကျောင်းမှာ သုံးလတက်ပြီး ၈၈ အရေးခင်းဖြစ် ခုနှစ်တန်း တစ်နှစ်ထပ်အောက်....။ ရန်ကုန်လသာ(၂)မှာ တစ်ခါ ခုနှစ်တန်းကို ပြန်စတက်ရ...။ ဆယ်တန်းအောင်တော့လဲ တက္ကသိုလ်ကို တန်းမသွားရသေးဘူး စီနီယာလိုက်စောင့်ရသေးတယ်....။ ၁၉၉၃ မှာဆယ်တန်းအောင်ပေမယ့် တကယ်တန်း တက္ကသိုလ်ပထမနှစ်ကို ၁၉၉၅ မှတက်ရတယ် ကြားထဲမှာ နှစ်နှစ်နားနေရတယ် အဲချိန်မှာ KMD မှာ ကွန်ပြူတာသင်တန်းတက် ဆရာကြီး လူထုဦးစိန်ဝင်းဆီမှာ အင်္ဂလိပ်စာတက် BC မှာ Library ကဒ်လုပ် စာသွားဖတ် American Center ပဲခူးကလပ်မှာလည်း Library ကဒ်လုပ် ရုပ်ရှင်တွေသွားကြည့် စာအုပ်ငှား စတာတွေကိုလုပ်ပြီး အချိန်နှစ်နှစ်ကိုကုန်လွန်စေခဲ့တယ်....။

၁၉၉၆ ဒီဇင်ဘာ(၉)ကနေ ပိတ်လိုက်တဲ့ကျောင်းပိတ်ရက်ရှည်ဟာ ၁၉၉၉-၂၀၀၀ ခုနှစ်ကျမှပဲ တတိယနှစ်စာမေးပွဲကို သက်ဆိုင်ရာ မိမိမြို့နယ်မှာရှိတဲ့ အ ထ က ကျောင်းတွေမှာဖြေကြဖို့ဖြစ်လာခဲ့တယ်....။ အဲချိန်တုန်းက ကျွန်မက လမ်းမတော်မြို့နယ်ကမို့လို့ လမ်းမတော် စိန်ဂျွန်းကျောင်းမှာသွားဖြေရပါတယ်....။ တတိယနှစ်ကို စာတွေ့ လက်တွေ့ဘာနကန်းတစ်လုံးမှမသိဘဲ စာမေးပွဲသွားဖြေရပါတယ်...။ Open Book စနစ်နဲ့ပါ....။ စဉ်းစားကြည့် စာမေးပွဲဖြေဆိုချိန် နှစ်နာရီအတွင်း စာအုပ်ဖွင့်ဖြေရတာတောင်မှ ဘာတွေမေးပြီး အဖြေကို ဘယ်လိုရှာရမှန်းမသိပါဘူး ....။ တွေ့တဲ့စာ ချကူးရေးလိုက်တာနဲ့ အအောင်ပေးတဲ့ခေတ်ပါ....။ အဲချိန်ကစပြီး ပညာတတ်တွေ အရမ်းပေါများလို့နေပါပြီ မြန်မာပြည်ကြီးမှာ....ဆိုလိုချင်တာက စာအုပ်ကနေကူးချရတော့ အဲနှစ်မှာ Qualified ဝင်တဲ့သူတွေ Honest တန်းဝင်သွားကြသူတွေတစ်ပုံတစ်ပင်ကြီးရယ်....။ အဲလိုကျောင်းသားတွေကတော့ Main ထဲ ရန်ကုန်တက္ကသိုလ်ကြီးထဲမှာ ကျောင်းဆက်တက်ခွင့်ရကြပါတယ်....။ အဲမှာ Honest  first year, second year တက်ပြီးရင် သတ်မှတ်ထားတဲ့ အမှတ်တန်းဝင်တာနဲ့ Ph.D ကိုဆက်တက်လို့ရပါတယ်...။ ကျွန်မကတော့ သစ္စာရှိစွာ အောင်မှတ်လောက်ပဲ ကူးဖြေပြီး နောက်ဆုံးနှစ်ကို သန်လျင်, သာဝတက္ကသိုလ်ကို ရောက်သွားခဲ့ရပါတယ်....။ 

ဒီလိုနဲ့ ၁၉၉၆ ကျောင်းသားအရေးခင်းပြီးနောက် ကျောင်းပိတ်ရက်ရှည်ကြီးမှာ ကျွန်မတို့ စီးပွားရေးလေးတစ်ခုလုပ်ကြမယ်လို့ ကျွန်မနဲ့‌မေဂျာတူအတန်းတူတဲ့ ကျွန်မထက်အသက် သုံးနှစ်လောက်ကြီးတဲ့ တိုက်ကွန်ဒိုက သူငယ်ချင်းနဲ့ တိုင်ပင်ပြီး မန္တလေး ၇၈လမ်းမ ဘူတာကြီးနားက ဆိုင်ခန်းတွဲတစ်ခုမှာ တစ်ခန်းငှားပြီး "The Rays" ဆိုတဲ့ အဝတ်အစားရောင်းတဲ့ ဖက်ရှင်ဆိုင်တစ်ဆိုင်ဖွင့်ဖြစ်သွားခဲ့တယ်....။ ရန်ကုန်မှာနေပြီး ဘာကြောင့်မန္တလေးမှာသွားဖွင့်ဖြစ်လဲဆိုတဲ့အကြောင်းကတော့ နံပါတ်တစ် ရန်ကုန်ထက် ဆိုင်ခန်းခသက်သာလို့ နံပါတ်နှစ်က မန္တလေးမှာကျောင်းတက်တုန်းကနေခဲ့တဲ့ အဒေါ်ရဲ့သမီး ညီမဝမ်းကွဲကလဲ ဆိုင်မှာရှယ်ယာပါလို့ နံပါတ်သုံးကတော့ မန္တလေးဈေးကွက်ကို အဲခေတ်တုန်းက တရုတ်တွေမလွှမ်းမိုးသေးဘူး ယိုးဒယားထည်တွေ ဈေးကွက်ဝင် ရောင်းကောင်းခေတ်စားနေချိန်ဆိုပါတော့....။ ကျွန်မတို့ဆိုင်က ရန်ကုန်ကရှယ်ယာနှစ်ယောက် မန်းကနှစ်ယောက် လေးယောက်စပ်တူလုပ်ကြတာပါ....။ အဓိကအထည်ကို ရန်ကုန် FMI Center (အရင်စကော့ဈေးဘေးနားက Shopping Mall) က ဒုတိယထပ်မှာဖွင့်ထားတဲ့ ယောကျ်ားအဝတ်စားဆိုင် KSL ကိုကျော်စိုးဆီမှာယူပါတယ်....။ မဝတ်ကျတော့ KSL နောက်ကျော ဒေါင့်ခန်းမှာဖွင့်ထားတဲ့ Queen's Land မှာယူပါတယ်...။ အဲခေတ်က ဘန်ကောက်ကို ကူးချီသန်းချီ ဘယ်သူမှ သွားမဝယ်နိုင်ကြသေးပါဘူး....။ 

နောက်ပိုင်း ကျွန်မကိုယ်တိုင် တာချီလိတ်ကိုဆင်းပြီးမယ်ဆိုင်ဖက်မှာ ဂျင်းဘောင်းဘီတို့ တီရှပ်တို့ကို လက်ကားသွားယူရပါတယ်....။ ကိုယ်က အဲဖက်က ဇာတိဖြစ်နေတာရယ် ထိုင်းဘာသာစကားကိုပြောနိုင်တာရယ်ကြောင့် အဝယ်ပိုင်းတာဝန်ကိုယူလိုက်ရပါတယ်....။ မယ်ဆိုင်ကိုသွားရင် ကျွန်မတို့ တာချီလိတ်နဲ့မယ်ဆိုင်ကို ဆက်ထားတဲ့ ချစ်ကြည်ရေးတံတားမှာ ဟိုဖက်ကမ်းသွားဖို့ လဝကမှာ လက်မှတ်ဖြတ်ရတယ်....။ တံတားပေါ်မှာ ကျွန်မ ရုတ်တရက်လူတစ်ယောက်ကို ဖြတ်ခနဲတွေ့ခဲ့လိုက်တယ်....။ ကျွန်မဆယ်တန်းအောင် ၁၉၉၃ ခုနှစ် အိမ်ခနပြန်တုန်းက တာချီလိတ် စင်တင်စားသောက်ဆိုင်တစ်ခုမှာ ခင်ခဲ့တဲ့ သီချင်းအဆိုကောင်းတဲ့ ကိုညီ့ကိုတွေ့လိုက်တာပါ....။ အဲအစ်ကိုက အင်းတိုင်းရင်းသား ချောလိုက်တာဆိုတာ စတွေ့တာနဲ့ ပျော်ဆင်း....။ ဒီနေ့ထိ သူ့လောက်ချောတဲ့ ယောကျာ်းမမြင်ဖူးသေးဘူး မြန်မာပြည်မှာ....။ အင်းသားပေမယ့် ဗမာနဲနဲစပ်တယ်လို့ ကိုညီကပြောပြဖူးတယ်...။ တကယ့်အင်းသားစစ်စစ်တွေဖြစ်တဲ့ ကိုယ်မြင်ဖူးတဲ့ ကိုလေး(လေးဖြူ)တို့ ကိုငဲကြီးတို့ဆို ဘယ်မှာချောကြလို့လဲ....။ ကိုညီလို့သေချာမှတ်မိလိုက်ပေမယ့် နှုတ်မဆက်လိုက်ပါဘူး လွန်ခဲ့တဲ့ခြောက်နှစ်လောက်က ဆယ်တန်းအောင်ခါစ ချာတိတ်မလေးကို သူမှတ်မိဦးပါ့မလား....။ ဘာပဲဖြစ်ဖြစ် ဆယ်ကျော်သက်လေးမှာ ဆုံခဲ့ဖူးတဲ့ဘဝရဲ့ သိမ်းဆည်းထားရမယ့် အမှတ်ရမှုတစ်ခုပါပဲ....။


To Be Continued 


__________________
Revolution will prevail
မိုးငွေ့


No comments: