ဒီနေ့မနက်အိပ်မက်မက်တယ်....။ ကျွန်မ တက္ကသိုလ်တက်တုန်းက သူငယ်ချင်းနဲ့သူ့မိသားစုကို အိပ်မက်မက်တာ...။ အဲတုန်းက ကျွန်မက ဒုတိယနှစ် Zoology တက်နေတဲ့အချိန် သူငယ်ချင်းက Geography ပထမနှစ် သူတို့အိမ်က RC 3 ကြည့်မြင်တိုင်နဲ့ တစ်မှတ်တိုင်ပဲဝေးတာ....။ သူတို့အိမ်မှာ ကျွန်မ ခဏ ခဏ ထမင်းသွားစားခဲ့ဖူးတယ်....။ သူ့အဖေအမေနဲ့ရော အစ်မနဲ့ပါခင်တာ....။ သူတို့မောင်နှမက မြန်မာကရင်ကပြား ခရစ်ယာန်နှစ်ချင်းဘာသာဝင်တွေ....။ သူငယ်ချင်းရဲ့အဖေကတော့ မြန်မာ ဗုဒ္ဓဘာသာစစ်စစ် ... အန်ကယ်နဲ့အန်တီတို့က နားလည်မှုအပြည့်ရှိပြီး အိမ်ထောင်ရေး လူမှုရေး အေးအေးချမ်းချမ်းနဲ့ အတူဖြတ်သန်းနေထိုင်လာခဲ့ကြတဲ့သူတွေ....။ ခရစ္စမတ်နေ့တို့ ဆုတောင်းပွဲလုပ်တာတို့ဆို နှစ်တိုင်းသူတို့အိမ်မှာ သွားစားသောက်နေကျ....။ တစ်အိမ်လုံး သဘောအရမ်းကောင်းကြတယ်....။ သူတို့ အိမ်နားတဝင်းလုံး အမျိုးတွေပဲ အိမ်ဆောက်စုနေကြလို့ သူတို့အမျိုးတွေ တစ်ဝမ်းကွဲတွေနဲ့ပါ ကျွန်မနဲ့ခင်ကြတယ်....။ သူတို့အိမ်သွားလို့ ကျွန်မသတ်သတ်လွတ်စားတဲ့နေ့ဆို အန်တီက ကန်ဇွန်းရွက်ကြော် အာလူးကြော်တွေ လက်ဖက်သုပ်တွေလုပ်ပေးတတ်တယ်....။ အဲချိန်လေးတွေတောင် ပြန်လွမ်းသွားတယ်...။ ကျွန်မသူတို့နဲ့ အဆက်အသွယ်မရှိတော့တာ ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်လောက်ရှိသွားပြီ....။ ထူးဆန်းတာက သူတို့ကို အိပ်မက်မက်ရင် အမြဲတမ်း မိသားစုဝင်တွေ စုံစုံလင်လင်ပါတယ်....။ ဒီနေ့မနက် အိပ်မက်ထဲမှာတော့ သူငယ်ချင်းအိမ်ကို ကျွန်မဝင်သွားလိုက်တာနဲ့ သူ့အမေက ကျွန်မကိုလဲမြင်ရော "အိုး!!! အန်တီရဲ့ငါးကလေးနဲ့မတွေ့တာကြာပြီနော်" ဆိုပြီး ကျွန်မကိုလာပွေ့ဖက်ထားတာတဲ့ ဘာလို့ ကျွန်မကိုငါးကလေးလို့ခေါ်လဲလို့ ...နောက်တော့ အော်!!! ကျွန်မက မိန်ရာသီဖွား ငါးနှစ်ကောင်သင်္ကေတမို့လို့ခေါ်တာဖြစ်မယ်လို့ အိပ်မက်ထဲမှာတွေးလိုက်သေးတယ်.....။
ခုဆို အဲသူငယ်ချင်းလဲ မိန်းမရလို့ သူ့သားလေးတောင် တော်တော်ကြီးနေပြီ သူ့အစ်မရဲ့သမီးလေးဆို ခုအသက် ၁၈နှစ်ကျော်နေလောက်ပြီ....။ အဲကလေးမလေးနာမည်က Noe Noe တဲ့ ကျွန်မနဲ့သူတို့မိသားစု နောက်ဆုံးအဆက်သွယ်ရှိတဲ့အချိန် အဲကလေးလေးက သုံးနှစ်သမီးလေးလောက်ပဲရှိဦးမှာ....။ အဲကလေးလေးက ကျွန်မငယ်ငယ်ကပုံနဲ့သိပ်တူတာ.....။ အစ်မ ကိုယ်ဝန်ရှိတုန်းက ကျွန်မက သူတို့အိမ် အမြဲဝင်ထွက်စားသောက်နေတာကြောင့် ကျွန်မကို မြင်ပါများပြီး မွေးလာလို့ ကျွန်မငယ်ပုံနဲ့တူတာဖြစ်မယ်လို့ ...။ အစ်မကို ကျွန်မငယ်ပုံလေးပြတော့ သူတောင်အံ့အားသင့်သွားခဲ့ရသေး....။ ခုတော့ သူတို့မိသားစုလဲ အိမ်ပြောင်းသွားပြီကြားတယ် အဝေးကြီးတော့မဟုတ်ပါဘူး အဲကရင်ခြံနားတစ်ဝှိက်တွေမှာပါပဲ....။ မတွေ့တာကြာပြီ အိပ်မက်ကနိုးလာတော့ အားလုံးကို အရမ်းသတိရသွားတယ်...။ ဒီပို့စ်ရေးရင်းနဲ့ သတိရလို့ မျက်ရည်လည်မိတယ်....။ ခုလိုချိန်မှာ သူတို့ မိသားစု အေးချမ်းစွာ ကျန်းမာစွာရှိနေပါစေလို့ ဆုတောင်းပါတယ်....။
ကျွန်မညတိုင်း ဘုရားရှိခိုး ဩကာသရွတ် ငါးပါးသီလခံယူပြီးရင် ခင်ပွန်းကြီးဆယ်ပါးနေ့စဉ်မပြတ်ကန်တော့ဖြစ်တယ်....။ သူတို့မိသားစုလဲ ခင်ပွန်းကြီးဆယ်ပါးကန်တော့တဲ့ထဲမှာ ဆယ်ပါးမြှောက်ဖြစ်တဲ့ "ထမင်းတလုတ် ရေတမှုတ်ပေးကမ်းထောက်ပံ့ဖူးသော ကျေးဇူးရှင် ပုဂ္ဂိုလ်" ထဲမှာပါတယ်လေ... ကျွန်မ သူတို့အိမ်မှာ ထမင်းတစ်လုတ်မက စားခဲ့ဖူးတာကိုး....။
လူတွေဟာ ငယ်ကအကြောင်းရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောနေပြီဆို ဒုတိယအရွယ်ရဲ့နှောင်းပိုင်းကို ရောက်ပြီဆိုတာဖော်ပြတာပဲ...။ အသက်ကြီးလေလေ ငယ်တုန်းကအကြောင်းပြောလို့ကောင်းလေပေါ့ ပြန်မရနိုင်တော့တဲ့အချိန်လေးတွေကို ....။ ကဲ... အန်တီမိုးငွေ့လို့ခေါ်တတ်တဲ့ ထာဝရပရိတ်သတ်လေးလည်း ဖတ်ပြီးပြုံးနေလောက်ရော့ပေါ့...။
မိုးငွေ့
No comments:
Post a Comment