အဲဒီနေ့တုန်းက လင်းက ကျွန်မကိုစာအုပ်ပြပွဲသွားဖို့ သူကိုယ်တိုင်ကားမောင်းပြီး လာခေါ်ခဲ့တယ်.....။ ရန်ကုန်တက္ကသိုလ် စိန်ရတုဝင်းထဲမှာ လုပ်တဲ့ စာအုပ်ပြပွဲပါ....။ စာအုပ်ပြပွဲကို သင်တန်းအတွက် အထောက်အကူ အဘိဓာန်စာအုပ်သွားရှာချင်လို့တဲ့....။ စာအုပ်ပြပွဲလျှောက်ကြည့်ပြီးတော့ ကျွန်မတို့ ကန်တော်ကြီးပဲလေ့စ် မြေအောက်ခန်းက ဟော့ရှော့ကလပ်မှာ ဒေးကလပ်ရှိလို့ ရောက်သွားခဲ့ကြတယ်...။ ဒေးကလပ်ဆိုတာ ဘာမှန်းကျွန်မ မသိဘူး အရင်ကလည်း တခါမှမရောက်ဖူးဘူး....။ အဲဒီရောက်တော့ လင်းက လက်မှတ်နှစ်စောင်ဝယ်ပြီးဝင်သွားကြတယ်....။ ဒီနေ့က ညီညီတာလုပ်တဲ့ပွဲတဲ့....။ ကိုမျိုးကျော့မြိုင် Unplugged ပါတယ်....။ အထဲရောက်တော့ မီးရောင်မှိန်ဖျော့ဖျော့အောက်မှာ ကိုမျိုးကျော့က “မယ်မဒီလေးလားမှားမိတယ်” ဆိုပြီး ဟောလိုဂီတာလေးနဲ့ဆိုနေတယ်....။ အကဝိုင်းထဲမှာ ကနေတဲ့သူတွေလည်းအပြည့်ပဲ...။ လင်းက ကျွန်မကိုအကကြမ်းပြင်ပေါ်ခေါ်သွားတယ် ကျွန်မမှမကတတ်တာကို...သူကတာကိုပဲ ရပ်ကြည့်နေလိုက်တယ် ကိုမျိးကျော့သီချင်းကို နားထောင်နေလိုက်တယ်...။ အဲဒီခေတ်ကခုခေတ်လို Day Club လို့မခေါ်ကြဘူး Tea Party လို့ခေါ်တယ်..။
ကျွန်မနဲ့လင်းခင်တာကြာပါပြီ ထူးထူးဆန်းဆန်းဒီနေ့ သူ့ကောင်မလေးမပါဘဲ ကျွန်မကိုလာခေါ်ပြီး ဘာမပြောညာမပြောနဲ့သူသွားချင်တဲ့ နေရာတွေခေါ်သွားပြီး အိမ်ပြန်ပို့တယ်...။ ည ရှစ်နာရီလောက်ကျတော့ လင်း”မေမေဆီကဖုန်းလာတယ်...။ လင်းမိန်းမခိုးပြေးသွားလို့တဲ့....။ ဘုရားရေ.....နေ့လည်တုန်းကမှာ ကျွန်မနဲ့လျှောက်သွားနေတဲ့ကောင်က သူမိန်းမခိုးဖို့အစီစဉ်ရှိတယ်လည်းပြောပြမထားပါဘူး.....။ ခါတိုင်းဆို သူ့ကောင်မလေးနဲ့ ဘယ်လိုဘယ်ဝါ စကားများကြသည်ဆိုပြီး ညညဆို ဖုန်းနဲ့အမြဲရင်ဖွင့်နေကျပါ.....။ အန်တီကစိတ်ပူလို့ လင်းဆီကဖုန်းရရင် သူ့ပြန်ပြောပေးပါလို့ပြောပြီးဖုန်းချသွားတယ်.....။ တကယ်ဆို လင်းက အိမ်ထောင်ပြုဖို့တော်တော်ကြီးကိုစောလွန်းပါသေးတယ်....။ ခုမှဆယ့်ရှစ်နှစ်တောင်ပြည့်သေးရဲ့လားမသိ လင်းအရမ်းကို ငယ်သေးတယ်ဆိုတာကိုတော့ သိတယ်လေ......။ ဆယ်တန်းအောင်လို့ တက္ကသိုလ်တက်ဖို့စောင့်နေတဲ့အချိန်......။ ဘယ်မိဘမဆို နှမြေသတဖြစ်မှာပဲ စိတ်ပူကြမှာပဲလေ......။ လင်းနဲ့ကျွန်မက သူငယ်ချင်းဖြစ်မယ့်သာဖြစ်တာ လင်းက ကျွန်မထက် ငါးနှစ်ငယ်တယ်....။ ကျွန်မတို့အင်္ဂလိပ်သင်တန်းမှာစဆုံတုန်းက မှတ်မိပါသေးတယ်......။ လင်းတို့သူငယ်ချင်းတွေက ငါးယောက်လားမသိ ပြိုင်တူသင်တန်းလာအပ်ကြတာ....။ ကျွန်မတို့ဆရာကြီးက အခုစာတွေရေးနေတဲ့ ဆရာကြီးလူထုစိန်ဝင်းလေ....။ ဆရာြ့ကီးက သူ့ဆီကျောင်းလာတက်တဲ့သူမှန်သမျှကို အင်္ဂလိပ်နာမည်အကုန်ပေးထားတာ....လင်းရဲ့မြန်မာနာမည်က လင်းပါလို့ဆိုပြီး Linus လို့မှည့်လိုက်တယ်.....။ ကျွန်မတို့က လင်းလို့ပဲ အဖျားဆွတ်ခေါ်ကြတာ..။ အခု...လင်းခိုးပြေးသွားတဲ့ ကောင်မလေးကလည်း လင်းတို့နဲ့ရွယ်တူပဲ ဒီကျောင်းကို ရှေ့ဆင့်နောက်ဆင့်လာအပ်သွားကြတာပဲ....။ ကျွန်မက အဲဒီတုန်းက ပထမနှစ်စတက်နေပြီ...။ ဒါပေမယ့် လင်းတို့အဖွဲ့က သူတို့နဲ့ရွယ်တူ ဆယ်တန်းအောင်လေးထင်ပြီး ကျွန်မကို နင်နဲ့ငါနဲ့ပဲစကားပြောတယ်....။ နောက်တော့ကျွန်မအသက်ကိုသိသွားတော့လည်း လင်းတစ်ယောက်ထဲ ကျွန်မကို နင်နဲ့ငါနဲ့ပဲဆက်ပြောတယ်....။ အိုခေလေ ပြဿနာမဟုတ်ပါဘူး....။ ခင်မင်တဲ့သူငယ်ချင်းတွေပဲလေ... ပြောမနာဆိုမနာပေါ့.....။ ကျွန်မတို့သင်တန်းမှာ လင်းတကယ်စပြီး ချစ်ကြိုက်မိတာက လင်းထက်သုံးနှစ်ပိုကြီးတဲ့ မြန်မာဆန်ဆန်နဲ့ ကိုယ်လုံးသိပ်လှတဲ့ ကောင်မလေးတစ်ယောက်ကိုပါ.....။ ကျွန်မနဲ့လည်း သိပ်ခင်တဲ့သူငယ်ချင်းမလေးပါ...။ သင်တန်းပြီးရင် ဟိုဖက်တစ်လမ်းက ဝက်သားတုတ်ထိုးဆိုင်မှာ သူငယ်ချင်းတွေတဖွဲ့ကြီး သွားထိုင်စားတတ်ကြတယ်....။ ပြီးရင် BC မှာစာအုပ်သွားဖတ်ကြတယ်......။ အဲတုန်းက ကျောင်းသားဘဝက ပျော်ပျော်ပါးပါး လွတ်လွတ်လပ်လပ်ပဲ.....။ သူငယ်ချင်းကများတော့ မွေးနေ့တွေက တန်းစီပြန်ရော ...။ တော်ကြာသူ့မွေးနေ့မို့ Feel မှာသွားကျွေးမယ် Burger King မှာသွားစားမယ် တချို့ကြတော့ အိမ်မှာမုန့်ဝိုင်းလုပ်ပြီး စုစားကြမယ်စသဖြင့်ပေါ့....။ အင်းလျားကန်ဘောင်သွားကြတယ်.....။ ပျော်စရာကြီးပါပဲ...။ ဒါပေမယ့် လင်းနဲ့ အဲဒီမမနဲ့ကလဲ နောက်ပိုင်း ပြဿနာခဏခဏဖြစ်ကြတယ်......။ လင်းက အရမ်းသဝန်တိုတတ်တာလေ သူ့မမနဲ့ပတ်သက် စကားပြောတဲ့သူတွေနဲ့ပေးစားလို ပေးစားနဲ့ပေါ့.....။ သူတို့တွဲတာ တစ်နှစ်ကျော်လောက်ပဲရှိမယ်ထင်တယ်....ပြတ်သွားကြရော.......။ နောက်တော့ လင်းက သူတို့အဖွဲ့ထဲက ကောင်မလေးနဲ့ရည်းစားဖြစ်သွားတယ်....။ ပြောမယ့်သာပြောတာ ဒီကောင်အတော်စွံတာ....အပြောအဆိုက ကလေးဆန်ပါတယ်.....။ လင်းက အရပ်ရှည်တယ် ခြောက်ပေတစ် နှစ်လောက်များရှိမလားဘဲ....။ ဆံပင်နဲနဲခွေတယ်.။ မျက်နှာက သွယ်သွယ်ရှည်ရှည်...။ အရပ်ကရှည်လို့ လမ်းလျှောက်ရင်နဲနဲကိုင်းချင်နေသေးတယ်.....။ ပြုံးလိုက်ရင် ပါးချိုင့်ကလေးတွေ ပါးနှစ်ဘက်လုံးမှာရှိတယ်...။ သွားလေးတွေ ညီညီညာညာရှိတယ်...။ ဒါကြောင့် ကောင်မလေးတွေခိုက်တာနေမှာ........။ လင်းတို့က မောင်နှမနှစ်ယောက်ပဲရှိတယ်....။ လင်းအစ်မလည်းချောတာပဲ ချစ်စရာကောင်းတယ်....။ နည်းနည်းထူးဆန်းတာလေးပြောပြချင်သေးတယ်..... ကျွန်မဘဝတစ်လျှောက်မှာ ဒီရန်ကုန်ရောက်လာပြီးနောက်ပိုင်းပေါ့ ပေါင်းသင်းသမျှအခင်ဆုံး သူငယ်ချင်းတွေအကုန်လုံးလိုလို ကြည့်လိုက်ရင် အမြဲတစေ မောင်နှမနှစ်ယောက် နှစ်ယောက်ဖြစ်နေတာများတယ်... ။ မောင်နှမမှာတောင်မှ အကြီးက မိန်းကလေးဖြစ်ပြီး အငယ်က ယောက်ကျားလေးအဲလို မောင်နှမတွေနဲ့ သူငယ်ချင်းဖြစ်ဖြစ်နေတာ တော်တော်လေးအံ့သြဖို့ကောင်းတယ်...။ လင်းမှာအမေပဲရှိတာ အဖေမရှိတော့ဘူး..။ လင်းမေမေက အစိုးရရုံးမှာ အလုပ်လုပ်တယ်....။ ဖိုးစိန်လမ်းထဲကတိုက်ခန်းမှာနေတယ်.....။ လင်းတို့မိသားစုနဲ့က အပြင်မှာသိပ်မမြင်ဖူးပေမယ့် ဖုန်းနဲ့တော့ ခင်နေတာပါ......။ ခုတော့ လင်းမေမေလဲ သူ့သားအတွက် သောကတွေဘယ်လောက်ရောက်နေမလဲ....။ အငယ်ဆုံးကလည်းဖြစ် ငယ်ကလည်းငယ်သေးဆိုတော့ပိုဆိုးပေါ့။ လင်းတို့ဘယ်ကို ခိုးပြေးကြတယ်ဆိုတဲ့သတင်း မရပါဘူး...။ ကျွန်မဆီကို သူလုံးဝဖုန်းမဆက်ဘူးလေ သူ့မေမေဆီပြန်ရောက်မယ်ဆိုတာသိနေတာကိုးး...။ နောက်နေ့ကျတော့ အန်တီက ကျွန်ဆီဖုန်းဆက်လာတယ် လင်းတို့နဲ့အဆက်သွယ်ရပြီတဲ့.... ( )မြို့မှာရောက်နေတာတဲ့....။ ပြန်လာဖို့ပြောထားတယ်တဲ့.....။ ခိုးပြေးပြီးပြီဆိုတော့လဲ လင်းကို ငယ်ငယ်ရွယ်ရွယ်နဲ့ မိန်းမပေးစားရတော့မယ်လေ သူလဲဘယ်လိုလုပ်စိတ်ကောင်းပါ့မလဲ...။ ကျွန်မလဲ ဟုတ်ကဲ့ ဟုတ်ကဲ့နဲ့ပဲ နားထောင်ပေးရတာပေါ့ ကိုယ်ကလည်းငယ်သေးတော့ လူကြီးတစ်ယောက်ကို ဘယ်လိုဖြေသိမ့်စကားပြောရမှန်းနားမလည်သေးဘူးလေ.....။ လင်းသာ...ဒီစာကိုဖတ်မိလို့ ကျွန်မကိုဆဲချင်ဆဲတော့ လင်းတို့မင်္ဂလာဆောင်တဲ့နေရာကို ကျွန်မတကယ် မမှတ်မိတော့ဘူး....။ ယုဇနဂါးဒင်းလား ဘုန်းကြီးကျောင်းမှာလားတစ်ခုခုပဲ....။ အဲ...ကောင်မလေးအိမ်မှာ ပြန်ပြီး အမှတ်တရဗီဒီယိုတွေရိုက်ကြ ကြိုးတွေတားကြ လက်ဖွဲ့ွတွေဖောက်ကြတာတော့ မှတ်မိသေးတယ်.....။ အဟဲ အကောင်းခန်းလေးကို မှတ်မိတာပဲ လင်းရယ် ငါ့ကို ခွင့်လွတ်လိုက်ပါနော်...။ အဲဒီနောက် လင်းနဲ့ သိပ်အဆက်သွယ်မရှိတော့ဘူး.....။ လင်းကောင်မလေးက ကျွန်မတို့နဲ့အပေါင်းသင်းလုပ်တာကို သိပ်ကြိုက်ပုံမပေါ်ဘူးလေ......။ လင်းအရင်ကောင်မလေးနဲ့ကျွန်မကသိပ်ခင်တာကိုးး...။ လင်းအမျိုးသမီးလေးက သဝန်တိုအရမ်းတိုဆိုပဲ...ကောင်းတယ်ဒီကောင်ဝဋ်လည်တာ...။ ပြီးတော့ ကျောင်းတွေလည်းဖွင့်တော့ တက္ကသိုလ်တက်တာနဲ့ သင်တန်းဖက်လည်း မရောက်ဖြစ်တော့ဘူး....။ ဒါနဲ့ ဝေးသွားကြရော......။ နောက်တစ်နှစ် နှစ်နှစ်ပဲ လင်းတို့ လင်မယားနှစ်ယောက်စလုံး အင်္ဂလန်ကိုထွက်သွားကြလို့ကြားလိုက်တယ်..။ အဲဒီကစပြီး လင်းနဲ့လုံးဝအဆက်သွယ်ပြတ်သွားတာ ဒီနေ့ထိဆိုပါတော့......။ တလောက ဖဘမှာ လင်းအမျိုးသမီးလေးကိုပြန်တွေ့လို့စကားပြောဖြစ်ကြတယ်....။ သူမြန်မာပြည်ပြန်ရောက်နေတာတဲ့... လင်းနဲ့သမီးလေးတစ်ယောက်ရထားတယ်တဲ့...ခလေးလေးက သုံးနှစ်ကျော်ကျော်လောက်ရှိနေပြီ ချစ်စရာလေး...အမေနဲ့ပိုတူတယ်....။ လင်းရော ဖဘမသုံးဘူးလားလို့မေးတော့ မသုံးဘူးဆိုတာနဲ့ လင်းနဲ့ဆက်သွယ်လို့ရတဲ့ တခြားလိပ်စာတွေကိုလည်း ကျွန်မ မတောင်းမိတော့ပါဘူး....။ လင်းပုံတွေကိုကြည့်ချင်တယ်ပြောတော့ သူ့ဖဘဖိုတိုထဲမှာတင်ထားတယ်ဆိုလို့ ကျွန်မဝင်ကြည့်ဖြစ်သေးတယ်.....။ ဒီကောင်နိုင်ငံခြားသားကြီးကျနေတာပဲ အရပ်က ကလန်ကလား ဆံပင်ကလဲ အရှည်ထားသေးတယ်.... ဝလာတယ် အရပ်ရှည်တော့ ထွားထွားကြီးဖြစ်နေတာပေါ့......။ ခုတော့ ကလေးဖအေ ရင့်ကျက်တဲ့ ယောကျာၤးကြီးလုံးလုံးဖြစ်နေပါပြီ........။ ကျွန်မတို့စခင်တုန်းက လင်းက ပိန်ပိန်ရှည်ရှည် ဆယ်တန်းအောင်လေးရှိသေးတာကိုးး...။ ကျွန်မ တစ်ခါတုန်းက တို့ရွာမှာ ခေါင်းစဉ်နဲ့ ငယ်ငယ်တုန်းက အကြောင်းတွေရေးတာတွေလည်း ကုန်သလောက်ရှိပြီလေ....။ ဒါကြောင့် ကျောင်းစတက်တဲ့အချိန် သင်တန်းတွေတက်တဲ့အချိန်တုန်းက အကြောင်းလေးရေးဦးမှပါလို့တွေးမိတော့ လင်းကို အရင်ဆုံးပြေးမြင်မိတာ...။ ဆယ်တန်းအောင်ပြီးနောက်ပိုင်း စတက်ဖြစ်တဲ့ သင်တန်းဆိုတော့ ဒီသူငယ်ချင်းအကြောင်းအရာတွေနဲ့ပဲစရတာပေါ့.....။ ကျွန်မ အဲဒီသင်တန်းတုန်းက သူငယ်ချင်းတွေကို ပြန်တွေ့တာ သုံးယောက်ပဲရှိသေးတယ် ဖဘကျေးဇူးကြောင့်ပေါ့နော်...။ တစ်ယောက်က အခုအပြာရောင်တောင်တန်းများဘလော့နဲ့ မမဝသုန်ရယ် လင်းရဲ့အမျိုးသမီးလေးရယ် အင်္ဂလန်မှာကျောင်းတက်နေတဲ့ နန်းစီနွမ်းဆိုတဲ့ ကျိုင်းတုံက ရှမ်းမလေးပါ....။
နောက်ထပ်သူငယ်ချင်းအကြောင်းလေးတွေကိုလဲ အလျဉ်းသင့်သလို ရေးဖြစ်သွားဦးမှာပါ.....။ အော်...ဒါနဲ့ ကျွန်မရဲ့ သူငယ်ချင်း"လင်း"ဆိုတာ ကညိမ်းနိုင်ရဲ့လင်းတော့မဟုတ်ဘူးနော် မှားနေမှာစိုးလို့ :)...။
မိုးငွေ့
10 comments:
မိုးငွေ့ရဲ့ ကျောင်းက အကြောင်းလေး ဖတ်ပြီး ပြန်ငယ်သွားသလိုပဲ..ဟိဟိ.. အဲ့ဒီအချိန်တုန်းကတော့ အပူအပင်မှ သိပ်မရှိပဲ လေ နော..။
ချစ်တဲ့
ဝသုန်
လင်းနပ်စ် ဆိုတော့ ကျွန်တော်က Linux OS အကြောင်းများလားလို့...။
ကောင်းတယ် အစ်မ..ကျောင်းသားဘ၀ကို ဘောင်ထဲမှာ ရှင်သန်ခဲ့ရလို့လားမသိဘူး.။ တက္ကသိုလ်ကျောင်းသားဘ၀ကို အရမ်းသိချင်တယ်.။ များများရေးပေးပါအစ်မ.။
ကျောင်းအကြောင်း...?
ငယ်ငယ်တုံးကအကြောင်းတွေဖတ်ရရင်..၊
လူလည်းပြန်ငယ်သွားသလိုဘဲနော်..:))
သူငယ်ချင်းတစ်ယောက် အကြောင်းကို ပို့စ် တစ်ပုဒ်ထဲနဲ့ မျက်လုံးထဲ မြင်လာအောင် ရေးနိုင်ပါတယ်၊ အမှတ်ရစရာ အချိန်တွေက ဒီလိုပဲ အမြဲရှိနေမယ် ထင်ပါရဲ့ဗျာ..။
ဘယ်အချိန် ဘယ်နေရာပဲရောက်ရောက်
သူငယ်ချင်းဆိုတာ မမေ့နိုင်ကြပါဘူး။
မိုးငွေ့ အက်ဆေးလေးဖတ်ပြီး သူငယ်ချင်းတွေကိုတောင် လွမ်းသွားပြီ
ခိုင်မြဲတဲ့ကြိုးတွေထဲမှာ သူငယ်ချင်းဆိုတဲ့ သံယောဇဉ်ကြိုးက အခိုင်မြဲဆုံးကြိုးပဲ မိုးငွေ့ရေ။
သမီးရည်းစားဆိုတာက ၅၂၈ထက်သာတယ်လို့ ထင်ရပေမယ့် စိတ်အခန့်မသင့်ရင် သူစိမ်းတွေပဲလေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
လင်းတကယ် စပြီး ချစ်ကြိုက်မိတဲ့ တစ်ယောက်ဆိုတာကို နဲနဲ ရိပ်မိသလိုဘဲ အစ်မ... နောက်တစ်ကြိမ် ပြန်သွားလို့ မရတော့တဲ့ ပျော်ရွှင်ဖွယ် ငယ်ဘဝလေးတွေပါ အစ်မရေ...
တိုက်ဆိုင်တယ်ပြောရမယ်...ကျွန်တော်တို့လည်း
မောင်နှမ၂ယောက်တည်းဗျ...၊ကျွန်တော်ရယ်...အမ
ရယ်...။ဒါနဲ့ လင်းက မလေးကလင်းမဟုတ်ဝူးနော်.....:)))
သူငယ်ချင်းတွေအကြောင်းကတော့ ဖတ်ရတိုင်း ပျော်ဖို့ ကောင်းတာပဲ
သူငယ်ချင်းတွေအကြောင်းကတော့ ဖတ်ရတိုင်း ပျော်ဖို့ ကောင်းတာပဲ
Post a Comment