Monday, 23 April 2012

ကြယ်တွေဝှက်ထားတဲ့ည.....



နွေခေါင်ခေါင်မှာ မိုးတွေရွာချလိုက်တယ်......။
တကယ်တော့ မျက်ရည်မိုးတွေပါ.....။

ကောင်းကင်ကြီးက အမှောင်ထုတွေနဲ့ ကြယ်တွေကိုဝှက်ထားတယ်....။

ကိုယ်...ဒီည... မင်းအကြောင်းရေးခဲ့တဲ့ စာတွေ မအိပ်ဘဲ အစအဆုံးပြန်ဖတ်တယ်...။

မင်းကို လွမ်းတဲ့စိတ်က ကိုယ့်ပါးပြင်တွေကို ရွှဲစိုကုန်တယ်....ကိုယ့်အမြင်တွေကို ၀ိုးဝါးစေတယ်....ကိုယ့်ရင်ခုန်သံကို လှိုက်မောစေတယ်.....။

ညက ကြယ်ကလေးတွေကို ၀ှက်ထားသလို မင်းကိုလဲ ၀ှက်ထားသလား အိန်ဂျယ်....။
ဒါကြောင့်မင်းကို ညထဲမှာ ကိုယ်လာရှာတာ....။

ဒီည ကိုယ့်ကို အဖော်လုပ်ပေးမယ့် ကြယ်ကလေးတွေလည်းမရှိဘူး လလဲမတွေ့ရဘူး.....။
နွေလေပူတချို့နဲ့ အဝေးက ခွေးဟောင်းသံရယ် တိုင်ကပ်နာရီဆီက စက္ကန့်တံသွားတိုင်း တချောက်ချောက်မြည်သံရယ်ပဲရှိတယ်.......။

ရင်ပူလွန်းလို့ ကိုယ့်သိပ်ကြိုက်တဲ့ မင်းဖျော်ပေးတတ်တဲ့ Ice Latte တစ်ခွက်လောက်သောက်ချင်လိုက်တာ...။

ခေါင်းတွေကိုက်လိုက်တာ ကိုယ်ညအိပ်ယာဝင်နောက်ကျတာ ရက်ဆက်နေပြီ..။

မင်းရောက်လာမလားလို့စောင့်ဆိုင်းရင်း ကိုယ်စာတွေထိုင်ဖတ်နေတယ်...။

ဒါပေမယ့် မင်းရောက်မလာတော့ဘူးဆိုတာ သေချာလာသလိုပဲ....။ ဘယ်အရာတွေက သေချာစေသလဲ ကိုယ်မပြောပြတတ်ဘူး...။ အချိန်တွေလား..???

မင်းတကယ်ပဲ...တကယ်ပဲ ကိုယ့်ကို အပြီးပိုင်ထားသွားတော့မှာလား အိန်ဂျယ်.....။

ကိုယ်ရပ်စောင့်နေပါမယ်.....။
စက်ဝိုင်းတစ်ပတ်လည်တဲ့အခါကျရင် ပြန်ဆုံမယ်လို့ ကိုယ်ယုံကြည်ထားလို့ပါ..။

စာတွေရေးရင်း ကဗျာတွေဖတ်ရင်း ကလေးတွေကိုစောင့်လျှောက်ရင်း အချိန်တွေကိုကျော်ဖြတ်မယ်....။

ညကိုပြောချင်ပါတယ် အိန်ဂျယ့်ကိုလွမ်းရင်း ရင်ကွဲနာကျသွားတဲ့ မိန်းမတစ်ယောက်ကိုလဲ ၀ှက်ထားပေးပါလို့....။


မိုးငွေ့

13 comments:

မောင်ဘုန်း said...

အင်း .. အလွမ်း ...အလွမ်း .... ခံရခက် .... တယ် ဗျာ ...
ထားပါလေ ..... ။။။။။။။။။။

ညတွေ လည်း ကြယ်တွေ မဝှက်နဲ့ တော့ နော် ... ။
အိန်ဂျယ် လည်း အမြန်ဆုံး ပြန်ရောက်လာပါစေ လို့ 
ဆုတောင်းပေးခဲ့ပါ တယ် .... ။

ခင်မင်စွာဖြင့်

မောင်ဘုန်း

သိင်္ဂါကျော် said...

အိန်ဂျယ်လေး အလုပ်များနေလို့ နေမှာပါ.. :)

Han Kyi said...

ဦးဟန်ကြည်လည်း ညဘက်ဆို ညဥ့်နက်မှ အိပ်ယာဝင်ဖြစ်တာ နှစ်နဲ့တောင် ချီနေပါပေါ့လား...ဒါပေမယ့် အိမ်က အိမ်ဂျယ်ကြီး မဒမ်ဟန်ကြည်ကိုတော့ ခေါင်းမူးတယ် ခေါင်းကိုက်တယ် ပြောရဲပေါင်ဗျာ...တော့်ဖာသာ အလုပ်ပျက်အကိုင်ပျက်နဲ့ ဘလော့ဂင်းနေသကိုးလို့ နှက်ထည့်လိုက်ရင် သေရချေရဲ့...း)

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ကြယ်တွေကြွေသွားသည့်တိုင် ပေါ့လေ..

ကြယ်တွေကြွေတဲ့အထိတော့ နေမှာဟုတ်ပါဘူးကွယ်.. အိန်ဂျယ် သိမှာပါ

မြတ်ပန်းနွယ် (Myat Pan Nwe) said...

စာစုလှလှလေးကို ဖတ်သွားခဲ့တယ် မိုးငွေ့ရေ ..

ညီလင်းသစ် said...

ကြယ်တွေကင်းတဲ့ ကောင်းကင်ထဲမှာ ice latte တစ်ခွက်နဲ့ ဖြတ်သန်းချင်တယ်-တဲ့လား၊ ညက ဘယ်လောက်ပဲ လမိုက်ပါစေ၊ ရောင်နီတော့ လာရဦးမှာပဲ မဟုတ်လား...။

blackroze said...

အိန်ဂျယ်ရေ
ကြယ်တွေကိုအမြန်ဆုံးပြန်ရှာပေးလိုက်ပါလို့
ပြောပါရစေကွယ်..

မိုးသက် said...

အစ်မစာကို ဖတ်ရင်းနဲ့ ဖေ့စ်ဘွတ်ပေါ်က
“ လွမ်းလွန်းလို့ငါသေသွားရင် နင့်တာဝန်နော်.” ဆိုတာလေးကိုသွားသတိရတယ်.။

လရိပ်အိမ် said...

ကြယ်ကလေးတွေတော့ ပြန်လင်းလက်လာမှာပါ

လွင်ပြင်လှိုင်းငယ် said...

တနေနေ့ ကြယ်တွေစုံတဲ့ ကောင်းကင်ကြီးမြင်ခွင့်ရပါလိမ့်မယ်

မဒမ်ကိုး said...

ဟုတ်တယ် အဲတနေ့ကိုကိုယ်လဲစောင့်နေတယ်အိန်ဂျယ်
ချစ်ခြင်းအားဖြင့်

စံပယ်ချို said...

အင်း--- ၀ှက်ထားပေးမယ်

San San Htun said...

ကြယ်တွေအမြန်ဆုံး တွေ့ ပါစေ