
အင်းလျားကန်စောင်းရဲ့ နေညိုညိုညနေခင်းလေးတစ်ခုမှာ ကိုယ်တို့နှစ်ယောက် အတူမျက်နှာချင်းဆိုင်ထိုင်ခဲ့ကြတယ်...။
တကယ်ဆို ကိုယ်သူ့ကို ကောဖီဆိုင်တစ်ခုမှာ ကော်ဖီတိုက်ဖို့ အစီစဉ်ရှိပြီးသား....။ လေယာဉ်ကွင်းကနေ ကားစမောင်းထွက်လာကတည်းက ကိုယ်စိတ်ပြောင်းလိုက်တာ....။ ခုံနောက်မှီကိုလှဲချရင်း လမ်းတလျှောက်သူငေးမောရင်း သူလိုက်လာခဲ့တယ်...။ ညနေခင်းမြင်ကွင်းလေးဟာ သူ့အတွက်တော့ မှိန်ပြပြဖြစ်နေပါလိမ့်မယ်...။ သူ့ကိုဘာမှမပြောဘဲ အင်းလျားလမ်း ကွေ့ကြောကိုယူလိုက်တော့ သူက ကိုယ့်ကို တချက်ကြည့်ပြီး လက်မထောင်ပြတယ်...။ ဆယ်နှစ်ကျော်ကြာဝေးကွာသွားခဲ့ကြပေမယ့်ကိုယ်တို့နှစ်ယောက် အရင်လိုပဲ တစ်ယောက်စိတ်တစ်ယောက် နားလည်တတ်နေကြတုန်း...။ စိမ်းလန်းစိုပြေထဲက မြင်ကွင်းကောင်းပြီး လေလတ်ဆတ်မယ်ထင်တဲ့နေရာကို ရွေးထိုင်လိုက်ကြတယ်...။ ကိုယ်...ဘီယာတစ်ဂျားစမှာလိုက်တယ်...။ နောက် ကိုယ်စားချင် သုံးလေးမျိုးလောက်မှာပစ်လိုက်တယ်...။ စားပွဲထိုးထွက်သွားတော့ သူကိုယ့်ကို မျက်ခုံးပင့်ကြည့်ပြီး "အရင်လို စိတ်ညစ်တိုင်း အစားတွေ ဇွတ်စားတတ်နေတုန်းကိုး..."လို့မှတ်ချက်ချတယ်...။ ကိုယ်မသိသလို အဝေးကိုငေးရင်း ဘီယာတကျိုက်ကိုမော့လိုက်တယ်...။ "တစ်ခွက်ထက်ပိုမသောက်နဲ့နော် ပြီးမှလက်ကိုက်တယ်ဆိုပြီး ကိုယ့်ကိုလာမနှိပ်ခိုင်းနဲ့"...။ တွေ့လား... ဒါ ကိုယ့်ကို သူနှိပ်ပေးချင်လို့ စိန်ခေါ်လိုက်တဲ့စကား...။ ကိုယ့်တချက်ပြုံးပြီး သူနဲ့ခွက်တိုက်လိုက်တယ်...။ မတွေ့ရတဲ့ ဆယ်နှစ်ကျော်အတွင်း သူဘာမှ သိပ်ပြောင်းလဲမသွားပါဘူး...။ ပိုပြီးတော့တောင် ချောမောသန့်ပြန့်လာပါသေးတယ်...။ ကိုယ်တို့ အမြည်းစားလိုက် သောက်လိုက်ကြရင်း သူက သူ့အချစ်တော် ခွေးအကြောင်းစမေးပါတယ်...။ သူ့ခွေးနာမည်လေး ဘုတ်ဘုတ်တဲ့...။ ခွေးမလေးက သူ့သခင်မရှိတဲ့နောက်ပိုင်း ကိုယ့်ဆီရောက်လာခဲ့တယ်...။ ခွေးမချစ်တတ်တဲ့ ကိုယ့်ကို သူ့ကိုယ်စား ကြည့်ရှုစောင့်ရှောက်ပေးပါဆိုလို့ ခွေးတစ်ကောင်နဲ့ နှစ်တော်တော်ကြာကိုယ်အလုပ်ရှုပ်ခဲ့ဖူးသေးတယ်...။ ခုတော့လဲ ခွေးမလေးမရှိရှာတော့ပါဘူး...။ အင်းလေ သူထွက်သွားတာပဲ တိတိကျကျပြောရရင် ဆယ့်နှစ်နှစ်ရှိပြီလေ....။
သူ YIT ဒုတိယနှစ်တက်တော့ ကိုယ်က ပထမနှစ်ရှိသေးတယ်....။ သူ့ကျောင်းကို သူမသိအောင် တိတ်တိတ်ကလေးသွားလည်ပြီး ဩဘာလမ်းမှာ ပွဲစည်အောင်လုပ်ခဲ့လို့ တစ်ပတ်ကျော်ကျော်ထိ ကိုယ့်ကို သူစိတ်ကောက်ပြီး စကားမပြောခဲ့ဘူး....။ ကိုယ်တို့ဘေးခြံကို ပြင်ဦးလွင်ကပြောင်းလာနေတဲ့သူနဲ့ စသိတုန်းက ကိုယ်ဆယ်တန်းစာမေးပွဲဖြေထားတုန်းအချိန်....။ သူက YIT မှာပထမနှစ်လာတက်တာ...။ ကျောင်းပိတ်ရက်မှာအားနေတော့ စာအုပ်ဖတ်လိုက် ခြံထဲမှာကြက်တောင်ရိုက်လိုက်နဲ့ သူငယ်ချင်းသိပ်များများစားစားမရှိတာမို့ အပြင်သိပ်မထွက်ဖြစ်ခဲ့ဘူး...။ ညီမတစ်ဝမ်းကွဲနဲ့ ကြက်တောင်ရိုက်ကြရင်း သူ့ခြံထဲကိုကြက်တောင်ကျသွားလို့ ခြံစည်းရိုးကနေ သူ့ကိုလှမ်းကောက်ခိုင်းရာက စခင်သွားကြတာ...။ အဲဒီကတည်းက ကြက်တောင်ရိုက်တာများလို့ လက်ကောက်ဝတ်လာရင် သူကကိုယ့်ကို ဒိုင်ခံဆေးလိမ်းပေးနေကျလေ....။ ကိုယ့်ထက်နှစ်နှစ်ပဲကြီးပေမယ့် ကိုယ့်ကတော့ အမြဲတစေ သူ့ညီအငယ်ဆုံးလေးလို သူ့ကို ချွဲနွဲ့တတ်တယ်...။ သူကလဲ အဲလို ကလေးဆန်တာလေးကို သဘောကျတယ်...။ သူ့မှာက ညီတစ်ယောက်တည်းရှိတာကိုး...။ ခုပဲလေယာဉ်ကွင်းသွားကြိတာတောင် ငယ်ငယ်ကအကျင့်မပျက်သေး သူ့ကို ပြေးပြီးပွေ့ဖက်ဆီးကြိုလိုက်တယ်..။ ကိုယ်တို့နှစ်ယောက်လုံးမတွေ့တာကြာပေမယ့် ရှိုးတိုးရှန့်တန့်တော့ မဖြစ်ပါဘူး...။ တီရှပ်အကျပ်နဲ့ ခြေကျင်းဝတ်စည်း ဘောင်းဘီအပွနဲ့ ပိုလိုဦးထုပ်စောင်းထားတဲ့ ကိုယ့်ကို သူက ငယ်တုန်းကအတိုင်းပဲ နည်းနည်းပြည့်လာတာပဲရှိတာတဲ့...။ သူလဲဘာမှမပြောင်းလဲပါဘူး သူ့ကိုယ်နံ့တွေအရင်လိုပဲ မွှေးပျံ့လတ်ဆတ်ဆဲ သူ့ရင်ငွေ့လဲနွေးထွေးဆဲ...။ ဒါပေမယ့်သူဒီတစ်ခေါက်ပြန်လာတာဟာ သူ့ဘဝအပြောင်းအလဲတစ်ခုအတွက် ပြန်လာခဲ့တာ...။ သူ့မိဘတွေ အိမ်ထောင်ချပေးမယ့် သတိုးသမီးလောင်းကိုလာကြည့်တာ...။ အဆင်ပြေရင် တခါတည်းလက်ထပ်သွားမှာတဲ့...။
ကိုယ့်ရင်ဘတ်မှာဆွဲထားတဲ့ လော့ကက်သီးလေးကို သူအသာလေးဆွဲယူကြည့်နေတယ်...။ မိန်းကလေးတန်မဲ့ သံကြိုးပုံ 925 ကြိုးခပ်ရှည်ရှည်ကိုဆွဲထားတာ...။ တစ်လက်မခွဲလောက်ရှိမယ့် စိန်ပွင့်တွေစီခြယ်ထားတဲ့ "Y" ဆိုတဲ့ အဂ်လိပ်စားလုံးလေး...။ သူနိုင်ငံခြားမထွက်ခင်ကတည်းက ကိုယ့်ကိုပေးထားခဲ့ဖူးတဲ့ မွေးနေ့လက်ဆောင်လေးပါ...။ ကိုယ့်ကို ထူးထူးခြားခြား အမှတ်တရလက်ဆောင်ပေးချင်တယ်ဆိုလို့ ကိုယ်အလိုချင်ဆုံးအရာကို တောင်းခဲ့ဖူးတာပါ...။ ပြီးတော့..သူက သူ့ကုတ်အကျီအောက်က နို့စိမ်းရောင်ရှပ်ရဲ့ ဘယ်ဖက်အိပ်ကပ်ထဲကနေ ရွှေရောင်ကြိုးလေးတစ်ခု ဆွဲထုတ်လိုက်တယ်...။ ရွှေရောင်ကြယ်သီးကြိုးလေးရဲ့အစွန်းမှာ ကိုယ့်နှလုံးကြွေမတတ်ဖြစ်သွားစေတဲ့ "N" ဆိုတဲ့ စာလုံးလေး သူ့လက်ကြားကနေ လက်ခနဲပေါ်လာခဲ့တယ်...။ ကိုယ့်သူ့ကို ဒီလက်ဆောင်မျိုးတခါမှမပေးဖူးခဲ့ပါဘူး..။ ကိုယ့်အံ့အားသင့်နေလို့ သူကရှင်းပြတယ်....။ သူဟိုမှာအလုပ်လုပ်ပြီး ၂နှစ်နေတော့ သူစုထားတဲ့ငွေနဲ့ အမှတ်တရလုပ်ထားတာတဲ့.....။ ပြီးတော့ သူက အဲလို Suit တွေဝတ်တာကြိုက်တော့ ကြယ်သီးကြိုးလေးလုပ်ဖြစ်သွားတာပါတဲ့...။
ညနေခင်းက အရောင်ရင့်ရင့်လာပြီ.....။ မီးရောင်တွေ ဟိုဒီမှိတ်တုတ်လင်းပြနေတယ်...။ ကန်ရေပြင်ကို ဖြတ်တိုက်လာတဲ့ လေညှင်းက တစ်ချက်တိုးဝှေ့လိုက်တယ်.....။ ရုတ်တရက် ကိုယ့်ဦးထုပ်ကို သူချွတ်လိုက်တော့ နဖူးပေါ်ဝဲကျလာတဲ့ ဆံနွယ်ခွေတွေကို သူ့လက်နဲ့သပ်တင်ပေးနေသေးတယ်...။ ရပါတယ်... လေအဝှေ့မှာ ကိုယ့်ဆံနွယ်တွေလွှင့်ပျံနေဦးမှာပဲလေ....။ တခဏတာဆိုပေ့မယ့် ကိုယ့်အတွက်တဘဝစာ အမြဲလွမ်းတနေမယ့် အပြုအမူမျိုးဆိုတာ သူသိနေပါရဲ့သားနဲ့...။ နောက်သူ..သူ့အိပ်ထဲက မာဘိုရိုတစ်လိပ်ထုတ်လိုက်တယ်..။ကိုယ်အလိုက်တသိနဲ့ အသင့်ဆောင်ထားတဲ့ မီးခြစ်နဲ့လေကွယ်ပြီး မီးညှိပေးလိုက်တယ်...။ အဲဒီမီးခြစ်လေးသူ့ကိုပေးပါလားလို့ ကိုယ့်ကိုတောင်းတယ်...။ ကိုယ်ခေါင်းညိတ်ပြီး သူ့လက်ဖဝါးထဲ မီးခြစ်လေးကိုထည့်ပေးလိုက်တယ်...။ ဒီမီးခြစ်လေးသူ့ဆီရောက်လာတဲ့ချိန်ကစပြီး သူစီးကရက်မသောက်မိဖို့ ကြိုးစားရတော့မယ်တဲ့...။ ဘာလို့လဲ ဆိုတော့ မီးညှိပေးမယ့်သူမရှိတော့မယ့် စီးကရက်တစ်လိပ်ကို သူမမက်မောချင်တော့ပါဘူးတဲ့လေ...။
ဟိုး....နားက မြင်နေရတဲ့ စိမ်းမှောင်တဲ့ ကျွန်းစုဆီကို အိပ်တန်းပြန်ငှက်တွေ အုပ်လိုက်ဆူညံစွာ ပျံသွားနေကြတယ်...။ ကောင်းကင်အရောင်က အပြာနုကနေ အရင့်ဖက် ကူးပြောင်းစပြုနေပြီ.....။ ကြယ်တွေ ဟိုတစ်ပွင့် ဒီတစ်ပွင့် ပြိုးပြိုးပြက်ပြက် စထွက်လာကြပြီ...။ ဆန်းသစ်လခြမ်းကွေးလေးကလဲ လှနေတယ်....။ ပတ်ဝန်းကျင်အပံ့အပိုးကောင်းလျက်နဲ့ ကိုယ့်ရင်ထဲမှာတော့ တောက်လောင်မှုက တငွေ့ငွေ့....။ သောက်ထားတဲ့ တန်းခိုးကတော့ ချက်ချင်းပြတာပဲ ဘယ်ဖက်လက်ကောက်ဝတ်က ကိုက်တက်လာပြီ...။ ကိုယ်ညာဖက်လက်နဲ့ ဖိထားတာကို သူသဘောပေါက်လိုက်တယ်...။ သောက်လက်စစီးကရက်ကို နှုတ်ခမ်းမှာတေ့ထားပြီး ကိုယ့်လက်ကို သူလှမ်းယူပြီးနှိပ်ပေးနေတယ်...။ အဲလိုလေး သူ စီးကရက်ကို နှုတ်ခမ်းမှာ မထိတထိလေးတေ့ထားတာကို ကိုယ်ဖြင့် ချစ်လိုက်တာ....။ သူ့ကို ကိုယ့်ခဏငေးမောကြည့်မိသွားတယ်...။ နေပါစေတော့ နောက်လဲ ကိုယ့်ကိုဒီလို လုပ်ပေးနိုင်မှာမဟုတ်ဘဲနဲ့ များ ကိုယ့်ကိုပုံပြင်တွေနဲ့ ထပ်ထားမသွားပါနဲ့...။ ကိုယ်လက်ကို ရုန်း ပြန်ရုတ်လိုက်တော့ " ခုထိ ကလေးလေးလိုပဲ ညီမလေးကတော့..." တဲ့....။ သူ့လို မသိကျိုးကျွန်စိတ်လေး ထားတတ်ချင်လိုက်တာ...။ လေတိုက်လို့ထင်ပါရဲ့ ဘီယာတစ်ခွက်အရှိန်နဲ့ အာရုံတွေက ခပ်ထွေထွေဖြစ်လာတယ်...။ အိမ်အပြန်ကားကို သူမောင်းမယ်ချည်းလုပ်လို့ မနည်းတားထားရတယ်....။ ဆယ်နှစ်ကျော်အကြာမှာ ဒီလမ်းတွေကို သူအသားကျမှမဟုတ်မှန်းသိလို့ ကိုယ်ပဲမောင်းခဲ့လိုက်တယ်....။
ကားထဲမှာ FM ကလွှင့်တဲ့ သီချင်းကလဲ တိုက်တိုက်ဆိုင်ဆိုင် Richard Marx ရဲ့ "Now and Forever"....။ သူကျောင်းသားဘဝတုန်းက ကိုယ့်ကို ဂီတာတီးပြီး ဆိုပြခဲ့ဖူးတဲ့ သီချင်းလေး....။ သီချင်းလေးပြီးဆုံးသွားတဲ့ထိ ကိုယ်ခံနိုင်ရည်ရှိပါ့မလားကွယ်....။ ကိုယ်လက်ချောင်းတွေ ခလုတ်ပေါ်ရောက်သွားတော့ သူချက်ချင်း ကိုယ့်လက်ကို ဖမ်းဆုပ်လိုက်တယ်...။ "သီချင်းလေးကောင်းနေတာကို ညီမလေးရယ်.....ဒီသီချင်းလေးကိုတောင် လိုက်မညည်းဖြစ်တာ နှစ်ပေါင်းဘယ်လောက်ရှိပြီလဲ ကြည့်စမ်း..." လွတ်လပ်ပေါ့ပါးစွာသူလိုက်ဆိုနေပေမယ့် ကိုယ်ကတော့ ကားမောင်းရင်း မငိုမိအောင်မနည်းမြိုသိပ်ထားရတယ်....။ ရင်မှာဆွဲထားတဲ့ "Y" စာလုံးကို ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထားလိုက်ပြီး ပေါက်ခနဲကျလာတဲ့ မျက်ရည်စက်တွေကို လက်ဖမိုးနဲ့ ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်တယ်....။ လမ်းမီးတိုင်တွေက မီးအားနည်းနေလို့လား ဒါမှမဟုတ် ကိုယ့်မြင်ကွင်းတွေပဲဝေဝါးနေလို့လား မှိန်ပျဖျော့တော့နေကြတယ်...။
မဖြစ်နိုင်မှန်းသိလျက်နဲ့လည်း ဒီနေညခင်းလေး ကုန်ဆုံးသွားမှာကို စိုးရိမ်နေမိတယ်.....။
မိုးငွေ့
အရင်ပို့စ်အဟောင်းတုန်းက ကော်မန့်လေးတွေကို ပြန်တင်ပေးလိုက်ပါတယ်နော်...:)
၁. Pandora said.... (23.10.2010)
နူးနူးညံ့ညံ့လွမ်းစရာလေး
၂. ကြယ်လွမ်းသူ said.... (23.10.2010)
လွမ်းမောဖွယ်ဇာတ်လမ်းလေးပဲ အစ်မမိုးငွေ့ ဖတ်ရတဲ့အတွက် ကျေးဇူးပါပဲ နော်...
ခင်တဲ့
(ဖိုးကြယ်)
၃. blackroze said...(23.10.2010)
လွမ်းစရာလေးပါအစ်မရယ်...
၄. ဏီလင်းညို said ... (23.10.2010)
ဖတ်ရင်းနဲ့ ပြီးသွားတော့မှ သက်ပြင်းတိုးတိုးလေးချလိုက်မိတယ်...။ တကယ်ကောင်းတယ်မမိုး ..အဲဒါမျိုးလေးဖတ်ရတာ အရမ်းနှစ်သက်တယ်ဗျာ...။
ခင်မင်ခြင်းအားဖြင့်
ဏီလင်းညို
၅. အဖြူရောင်နတ်သမီး said... (23.10.2010)
အလုပ်အားတုန်းလေး ပြေးပြီးလာဖတ်သွားတယ် မမိုး
စိတ်မကောင်းဖြစ်ပြီး ပြန်ပြီ...:(
6. မြတ်မွန်....said (26.10.2010)
အင်းလျားရေပြင်က အတွဲလေးတွေအတွက် လွမ်းစရာလေးပဲနော်...။
၇. အင်ကြင်းသန့် .... said (28.10.2010)
ဖတ်ပြီးရင်ထဲမှာ....:((
No comments:
Post a Comment