ရာသီဥတုကမှုန်မှိုင်းအေးစက်လို့ နေရာတိုင်းနေရာတိုင်းမှာ မီးခိုးရောင် မြူခိုးတွေထနေတယ်....။ ကိုယ့်ဘေးပတ်ပတ်လည်မှာတော့ မြက်ပင်ရှည်တွေက ကိုယ့်အရပ်နဲ့ရွယ်တူ တချို့အပင်ဆို ကိုယ်ထက်တောင်ရှည်နေသေးတယ်....။ လေအေးတချက်ဝှေ့လိုက်တိုင်း နှင်းစက်မှုန်တွေက ကိုယ့်ပါးပြင်ကို စူးခနဲလာထိမှန်ကြတယ်...။ ဒီလိုအရောင်အဆင်း ဒီလိုအေးစိမ့်မှု ဒီလိုနေရာလေးကိုရောက်လာခဲ့တာ ဟိုး....အရင်ငယ်စဉ်တုန်းက အချိန်ကို ပြန်ပြီး အမှတ်ရစေတယ်...။ အဲဒီတုန်းက ဆောင်းရာသီနှင်းတွေပိန်းပိတ်နေအောင်ကျတုန်းက... ဒီလိုမီးခိုးရောင်မှိန်မှိန်တွေနဲ့ ခပ်ဆင်ဆင်တူလှတယ်...။
ဂါဝန်ရှည်ရှည်ဖါးဖါးနဲ့ အနွေးထည်ခပ်ပါးပါးတစ်ထည်တည်းဝတ်ပြီး ခေါင်းကိုပဝါခြုံထားရင်း လမ်းတလျှောက် နှင်းမှုန်တွေနဲ့ တံမြက်စည်းပင်ဖျားတွေက လေတိုက်တိုင်း ကိုယ့်ကိုလာကလူကျီစယ်နေကြတယ်....။ တံမြက်စည်းပွင့်တွေက ငွေမှင်ရောင်နဲ့ ပန်းဖျော့ဖျော့စပ်ထားတဲ့အရောင်နဲ့ သိပ်ကိုလှနေတယ်.......။ ကိုယ်က အဲအရောင်မျိုးသိပ်ကြိုက်တာ...။ ခုကိုယ်ဝတ်ထားတဲ့ ချည်ဂါဝန်လေးနဲ့မသိမ်းမယိမ်းပဲ...။ ကောင်းကင်ကိုမော့ ကြည့်တော့လည်း နှင်းတွေအရမ်းကျနေလို့လား တိမ်တွေကိုလည်းမမြင်ရဘူး...။ တခါတခါ နှင်းပွင့်လေးတေွ လက်ခနဲ လက်ခနဲအရောင်ကို မြင်နေရသလိုလို...။ ကိုယ်စီးထားတဲ့ ပိတ်ဖိနပ်အပါးလေးနဲ့ ဂါဝန်အနားစတွေက နှင်းတွေနဲ့ စိုထိုင်းစပြုနေပြီ...။ ကိုယ်ဒီနေရာကိုရောက်ဖို့ ဘယ်ကတည်းက ခရီးနှင်ခဲ့သလဲ...?? ဟင့်အင်း ကိုယ်မမှတ်မိတော့ဘူး ...ပြီးတော့ အခု ကိုယ်ဘယ်ကိုသွားနေသလဲ...?
ဟော.... ရှေ့နားနာ ရေစီးသံတွေ တဝေါဝေါကြားနေရပြီ.....။ ဂါဝန်လေးမပြီး ကိုယ်ပြေးသွားကြည့်လိုက်တော့ချောက်ကပါးကြီးရဲ့ ဟိုး....အောက်ဖက်မှာ ရေတွေစီးနေလိုက်တာ ဖွေးလက်လို့....။ စောစောက အသံကြားရုံနဲ့တင် ရေစီးဘယ်လောက်သန်မလဲဆိုတာ ခန့်မှန်းမိပေမယ့် တကယ်မြင်လိုက်ရချိန်မှာ ပိုပြီးတော့ သေချာသွာတယ်...။ ဒါ ချောင်းတစ်ခုလား ....? မဖြစ်နိုင်ဘူး ပေသုံးဆယ်အကျယ်လောက်ရှိပေမယ့် ဒီလိုရေစီးမျိုးနဲ့တော့ မြစ်ပဲဖြစ်မှာပါ....။ တစ်ဖက်ကမ်းကိုလှမ်းကြည့်တော့ လူတစ်ရပ်စာလောက်ရှည်တဲ့ မြက်ပင်တွေက စိမ်းစိုလို့ ...။ မြက်ပင်ရှည်တွေကြားထဲမှာလည်း ဘာပန်းမှန်းမသိတဲ့ အဝါရောင်ပန်းပွင့်သေးသေးလေးတွေ ကြိုကြားကြိုကြားပွင့်နေကြတယ်....။ ခုမှ ကိုယ်သတိထားမိတယ်...ရေခဲမြစ်ရဲ့ ဟိုမှာဖက်ကမ်း မျက်စိတဆုံးက မြက်ပင်ရှည်စိမ်းစိမ်းနဲ့ အဝါရောင်ပန်းပွင့်တွေချည်းပဲ...။ ကိုယ့်ရပ်နေတဲ့ ဖက်ကမ်းမှာကျတော့ ငွေမှင်ရောင်ဖျော့လေးတွေနဲ့ လှုပ်ရမ်းနေတဲ့ တံမြက်စည်းပင်ရှည်တွေ...။ ပြီးတော့ ဟိုး..... မိုးပေါ်ကနေသာ စီးကြည့်မယ်ဆိုရင် ငွေမှင်ရောင်မျဉ်းနဲ့ အစိမ်းရောင်မျဉ်းနှစ်ခုကြားမှာ စီးဆင်နေတဲ့ မြစ်ရေဖွေးဖွေးတွေအဖြစ် မြင်ရမှာ....သိပ်ကိုလှနေမှာပဲလို့ ကိုယ် မျက်စိမှိတ်ပြီး စိတ်ကူးမြင်ယောင်ကြည့်မိနေသေးတယ်...။
လေကြမ်းတချက်တိုးလိုက်ချိန်မှာတော့ ကိုယ့်ခေါင်းပေါ်က ခြုံပဝါအဖြူလေး လေနဲ့အတူလွင့်သွားတယ်...။ ကိုယ်လိုက်ဖမ်းလို့မမှီလိုက်ဘူး....။ သူက လေအရှိန်နဲ့ တဖက်ကမ်းက မြက်ပင်စိမ်းဆီကို လွင့်သွားနေတယ်...။ ပဝါလေးကို ကိုယ်မမှိတ်မတုန်ကြည့်နေချိန်မှာပဲ ပဝါလေးဟာ မြက်ပင်အစိမ်းကြားတွေထဲက ဘယ်ချိန်က ပေါ်လာမှန်းမသိတဲ့ အဖြူရောင်အရာဝတ္ထုတစ်ခုပေါ်ကို အုပ်မိုးကျသွားခဲ့တယ်...။ မဟုတ်ဘူး... ပဝါလေးက ဖမ်းဆုပ်ခံလိုက်ရတာပါ....လှုရှားမှုကြောင့် အဖြူရောင်ဟာ အရာဝတ္ထုတစ်ခုမဟုတ်ဘဲ သက်ရှိလူသားတစ်ယောက်ဖြစ်နေတာပါ...။ ကိုယ်ကလိုက်ကြည့်လိုက် မြူခိုးတိုက်တွေက ကိုယ့်မြင်ကွင်းကိုကွယ်သွားလိုက်နဲ့ အဖြူရောင်ဟာ ကိုယ့်ပဝါကို ဆုပ်ကိုင်ထားရင်း ခပ်စိမ်းစိမ်းပြန်လှမ်းကြည့်နေတယ်လို့ သေချာမသဲကွဲပေမယ့်... ကိုယ်ခံစားမိနေတယ်...။ ခဏနေတော့ မြင်ကွင်းတွေ ပြန်ကြည်လင်လာတယ်....။ အိုး.... သူ....သူက... ကိုယ့်ရဲ့ပျောက်ဆုံးနေတဲ့ အိန်ဂျယ်ပဲ...။ ဟုတ်ပြီ ကိုယ်မှတ်မိပြီ... ဒီခရီးကိုထွက်လာခဲ့တယ်ဆိုတာ ပျောက်ဆုံးနေတဲ့ အိန်ဂျယ်ကို ရှာပုံတော်ထွက်လာခဲ့တာပဲ...။ ကိုယ်တချက်ပြုံးပြပြီး သူ့ကို လက်ဝေ့ရမ်းပြလိုက်တယ်.....။ ကိုယ့်အပြုံးတွေ ဖျော့တော့နေမလား ဒါပေမယ့် သူခံစားသိရှိနိုင်မှာပါ....။
သူကတော့ ကိုယ့်ကိုမသိတဲ့ သူတစ်ယောက်လို ခပ်စိမ်းစိမ်း ကြည့်မြဲ ကြည့်နေဆဲပါပဲ....။ ကိုယ်လက်ဖဝါးနှစ်ဖက်ကို အုပ်ပြီး "အိန်ဂျယ်...ရေ" လို့ ခေါ်လိုက်တယ်....။ ကိုယ့်အသံတွေ လည်ချောင်းထဲကနေတောင် ထွက်မလာကြဘူး....။ ထိတ်လန့်တကြားနဲ့ ကိုယ်နှုတ်ခမ်းပေါ်ကို လက်ချောင်းတွေနဲ့ အုပ်လိုက်မိတယ်....။ ဘုရားရေ.... ကိုယ့်အသံတွေ ဘယ်ရောက်ကုန်လဲ...။ ကိုယ်ကြိုးစားပြီး ထပ်ခေါ်ကြည့်တယ်.....။ နိုး....အသံတွေက ထွက်မလာပြန်ဘူး...။ ပါးပြင်ပေါ်နွေးခနဲ မျက်ရည်တွေစီးကျလာကြတယ်...။ ကိုယ်လှမ်းကြည့်နေဆဲမှာပဲ အိန်ဂျယ်ဟာ ပဝါအဖြူနဲ့အတူ မြက်ပင်ရှည်ကြားကနေ ပျောက်ကွယ်သွားခဲ့တယ်...။ ဟိုဖက်ကမ်းကို ကိုယ်ဘယ်လိုကူးရမလဲ... တံတားများရှိမလားလို့ ကိုယ်အမောတကောလိုက်ရှာကြည့်တယ်...ဘာတံတားမှမရှိဘူး ဘာနွယ်ကြိုးမျှင်မှလည်းမတွေ့ရဘူး...။ စိတ်လှုပ်ရှားမှုကြောင့်လား တဖြေးဖြေး အသက်ရှူရတာကြပ်လာတယ်...။ အာခေါင်တွေလည်းခြောက်လာတယ်...။ ပြီးတော့ လောကကြီးတစ်ခုလုံး အမှောင်ထုတွေဖုံးလွှမ်းသွားခဲ့တယ်....။
မိုးငွေ့
အရင်ပို့စ်တုန်းက ကော်မန့်လေးတွေကို ဖတ်စေချင်လို့ တင်ပေးလိုက်တယ်...:)
၁) လင်းခေတ်ဒီနို (27.3.2011)
သိပ်ကောင်းတဲ့အရေးအသား :))))
မှတ်ချက်။ ။ အနော် တစ် တစ် တစ်... :)))
၂) နေဝဿန်(27.3.2011)
သိမ်မွေ့လိုက်တဲ့အရေးအသား
ခင်မင်လျက်
နေဝဿန်
၃) SHWE ZIN OO (27.3.2011)
စာသားအနုအလှလေးတွေကို ရွရွလေးပဲဖတ်သွားပါတယ်...။
ခင်မင်စွာဖြင့်
ရွှေစင်ဦး
၄) အဖြူရောင်နတ်သမီး (28.3.2011)
စာသားနုနုလေးတွေကို ခံစားချက်နုနုလေးနဲ့ နုနုရွရွလေးအားပေးသွားပါတယ်... မမိုးရေ...။
၅) မောင်လေး(28.3.2011)
တကယ့်ကို စာအနုအလှလေး... ဖတ်ပြီး လွမ်းသလိုလို...
No comments:
Post a Comment