တစ်ခါက ကျွန်မ ငယ်စဉ်ကလေးဘဝအကြောင်းတွေ ရေးတင်တော့ မိတ်ဆွေတစ်ယောက်က ကျွန်မကို ကလေးဘဝဖြစ်ရပ်တွေကို မှတ်တဲ့ မှတ်ဉာဏ်ကောင်းလိုက်တာလို့မှတ်ချက်ချခဲ့ဖူးတယ်...။ ယေဘူယျအားဖြင့်တော့ လူတစ်ယောက်ဟာ မိမိရဲ့အသက်သုံးနှစ်နောက်ပိုင်းက အဖြစ်အပျက်အကြောင်းအရာတွေကိုပဲ မှတ်မိတတ်တယ်လို့ ဖတ်ရဖူးတယ်....။ အဲဒါကို Earliest Memory သို့မဟုတ်လည်း Birth of Memory လို့ခေါ်ကြတယ်....။ တချို့ဆို အသက်ခုနှစ်နှစ်ရှေ့က အကြောင်းအရာတွေကို လုံးဝမမှတ်မိကြတော့တာလည်းရှိတယ်...။ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ကလေးဘဝမှတ်ဉာဏ်တွေက တဖြေးဖြေးမှေးမှိန်လာတတ်ကြတယ်....။ ဒါကိုတော့ Child Amenia လို့ခေါ်တယ်...။ ကျွန်မက ငယ်ဘဝအကြောင်းအရာတွေကို ရေးသားမှတ်တမ်းတင်နေတတ်လို့ နည်းနည်းပါးပါး အကြမ်းမျှဉ်းလေ့လာ ဖတ်ရှုထားတာပါ...။ ဆေးပညာအသုံးအနှုန်းများ အမှားအယွင်းရှိခဲ့ရင် Comment မှာ ပြောသွားနိုင်ပါတယ်.....။
ကျွန်မဆို အသက်လေးနှစ်ရှေ့ကအကြောင်းအရာတွေကို သိပ်မသိတော့ဘူး တော်တော်များများကိုမသိတော့ဘူး....။ တစ်ချက်ချက် ထူးခြားတာလေးပဲမှတ်မိတော့တယ်...။ ကျွန်မ အသက်နှစ်နှစ်ကျော်လောက်က ဖေဖေမော်လမြိုင်တပ်ပြောင်းရတယ်...။ အဲဒီတုန်းက တပ်ထဲက လိုင်းခန်းတွေကို ခပ်ရေးရေးမှတ်မိတယ်....။ ဘေးခန်းက မိသားစုတွေ သူတို့ဖမ်းမိတဲ့ ပိုးဟတ်တွေကို မီးဖုတ်စားကြတာမှတ်မိတယ်...။ ပြီးတော့ ဈေးထဲမှာလား တပ်ထဲက သက်သာချောင်ချိမှာလားမသိ ဝယ်သောက်ခဲ့ဖူးတဲ့ လက်ဖက်ရည်အိုးအရောင်ကိုမှတ်မိတယ်....။ မာကျူရီပြာရောင် ကြွေရည်သုတ် လက်ဖက်ရည်အိုးလေး...။ အဲတုန်းက လက်ဖက်ရည်မှာရင် အိုးလိုက်ချပေးတာထင်တယ်...။ မေမေက လက်ဖက်ရည်ပူနေတာကို လက်ဖက်ရည်ပန်းကန်ပြားထဲ ငှဲ့ထည့်ပြီး တိုက်တာမှတ်မိတယ်....။ နောက်ပြီး အမွှာအဒေါ်တွေ စက်ဘီးနဲ့တင်ပြီး လျှောက်လည်တွေ အဒေါ်နောက်တစ်ယောက်က တာချီလိတ်ထိခေါ်သွားပြီး တည်းတဲ့ အိမ်က ထမင်းကျွေးတာကို ဟင်းမကြိုက်လို့(ငယ်ငယ်တုန်းကချေးများတယ် အစားရွေးတယ်) အန်ထုတ်ခဲ့တာတွေ မှတ်မိတယ် အဲတုန်းက အသက်လေးနှစ်ကျော်ပြီထင်တယ်....။
ကျွန်မအသက်လေးနှစ်ကနေ ကိုးနှစ်ဆယ်နှစ်ထိတော့ အတော်များများကို မှတ်မိနေပြီ.....။ ကျွန်မငယ်ငယ်တုန်းက နေခဲ့ဖူးတဲ့ အဖိုးတို့အိမ်နောက်မှာ နှစ်ထပ်ပျဉ်ထောင်အိမ်တစ်လုံးရှိတယ်....။ အဲဒီအိမ်မပေါ်ထပ်မှာ အဒေါ်တွေကျောင်းတက်တုန်းက ကျောင်းစာအုပ်အဟောင်းတွေ ထင်းရှုးသေတ္တာနဲ့အပြည့်သိမ်းထားကြတယ်....။ ကျွန်မ အဲသေတ္တာထဲက ပထဝီဝင်တို့ မြန်မာဖတ်စာစာအုပ် ဘိုင်အိုစာအုပ်တို့လို့ စာအုပ်မျိုးကို သိပ်စိတ်ဝင်စားတာ....။ ရုပ်ပုံတွေပါတာကို ကြိုက်တာ......။ တစ်နေ့တစ်နေ့ ကစားစရာမရှိရင် အဲဒီစာအုပ်တွေလှန်လှောပြီး ငြိမ်နေတတ်တယ်....။ အဲကတည်းက စာအုပ်တွေကို ကြိုက်တတ်နေပြီဆိုပါတော့....။ နောက်ပြီး ဇီးတော်ဖီထုပ်လေးတွေ ဝယ်စားရင်ပါလာတတ်တဲ့ ပြာကလောင်ပြာကချောင် ကာတွန်းစာအုပ်သေးသေးလေးတွေ ဖတ်ရတာလည်း မှတ်မိတယ်.....။
သူ့လိုလည်းအပင်တွေ တောတွေထဲ လျှောက်ကစားခဲ့ဖူးတယ်...
ကျွန်မအသက် ရှစ်နှစ်ကိုးနှစ်လောက်မှာတော့ မောင်လေးတွေ ညီမလေးတွေကို အဝတ်နဲ့ကျောပိုးပြီး စနေတနင်္ဂနွေ နေ့တွေဆို ကျောင်းဝင်းပေါက်ဝက ကုန်ဆုံဆိုင်မှာ တီဗီသွားသွား ကြည့်လေ့ရှိတယ်....။ အဲဒီတုန်းက တစ်ရွာလုံးမှာမှ ၁၄လက်မတီဗီလေးတစ်လုံးတည်းရှိတာ...။ တီဗီက အရောင်မပါတဲ့အပြင် အစက်အပျောက်တွေနဲ့ ဝါးတားနေတာကိုလည်း ကြည့်ကြတာပဲ....။ ထိုင်းနယ်စပ်ဆိုတော့ ထိုင်းကလွှင့်တဲ့ Channel 3 တို့ Channel 7 တို့ကို ကြည့်ရတယ်.....။ ပိတ်ရက်တွေမှာဆို မနက် ၇နာရီခွဲတာနဲ့ ထိုင်းရာဇဝင်ကားလာတယ်....။ အဲဒီကုန်စုံဆိုင်က ကွပ်ပျစ်အကျယ်ကြီးမှာ တစ်ရွာလုံးနီးပါး ကလေးတွေထိုင်ကြည့်နေကြတာ....။ ရာဇဝင်ကားပြီးတာနဲ့ ပါဝါရိန်းဂျားဇာတ်လမ်းအပိုင်းလေးတွေလွှင့်တယ်....။ ပါဝါရိန်းဂျားငါးယောက်ထဲမှာ မိန်းကလေးနှစ်ယောက်က ပန်းရောင်နဲ့အဝါလားမသိဘူး ပါတယ်လေ... အဲဒါ ကလေးတွေအုပ်စုဖွဲ့ပြီးဆော့ကြရင် ကျွန်မက ပါဝါရိန်းဂျား ပန်းရောင်လေးအမြဲလုပ်တယ်....။ အဲကတည်းက ပန်းရောင် ခရေဇီ....။ တလောက တီဗီမှာ နောက်နှစ် (2017) ထွက်မယ့်ကားတွေအကြောင်းပြောကြတော့ လာမယ့်နွေဦးပေါက်ကျရင် ရုံတင်ပြသမယ့် ပါဝါရိန်းဂျားကားကို ဗားရှင်းအသစ်နဲ့ပြန်ရိုက်နေပြီဆိုတာပါလို့ ငယ်ငယ်တုန်းက သူများအိမ်က တီဗီးသေးသေးမှုန်မှုန်လေးမှာ သွားထိုင်ကြည့်ရတာကို အမှတ်ရသွားခဲ့တယ်....။
ဒီလိုဖက်ရှင်ကျကျနဲ့လည်းပဲများခဲ့ဖူးတယ်
လေးငါးတန်းလောက်တုန်းက ကျောင်းပြေးပြီး ငါးသွားဖမ်းတာတို့ လယ်ထဲပုစွန်လုံးသွားနှိုက်တာတို့ သူများခြံထဲ အသီးသွားခူးတာတို့ကို ပြန်သတိရရင်း ပျော်ရွှင်ကြည်နူးရတယ်....။ အသီးဆိုလို့ အခု စူပါမတ်ကတ်တွေမှာတောင် ရှာမဝယ်နိုင်တဲ့ သူတို့အခေါ် Mulberry ပိုးဇာသီးပင် ကျွန်မတို့ ရွာထိပ်က ခြံတစ်ခြံမှာ တစ်ပင်ပဲရှိတာ စားလို့ကောင်းပြီး အရမ်းချိုတယ်....။ ကျောင်းပိတ်ရက်တွေမှာဆို နေ့ခင်းဖက် ထမင်းစားပြီးတာနဲ့ အိမ်မှာ အဖွားဆိုင်အတွက် ဆားတို့ အချိုမှုန့်တို့ နနွင်းမှုန့်တို့ကို ပလပ်စတစ်အိတ်အကြည်လေးနဲ့အချိန်ချိန်ပြီး ထုပ်ရောင်းတယ်....။ အဲဒါထုပ်ပြီး ဖယောင်းတိုင်မီးတို့ပြီး ပိတ်ရတယ်....။ အဲခါမျိုးဆို ကစားရမယ့်အချိန်ပါသွားမှာစိုးလို့ မနက်ကတည်းက ထမင်းငတ်ခံပြီး ရွာရိုးကိုးပေါက်လျှောက်လည်ပြီး ကစားလိုက်တာ ညနေမှ အိမ်ပြန်ရောက်တဲ့နေ့မျိုးလည်းရှိခဲ့တယ်....။ တခါတလေ အဖွားက ကြိမ်လုံးတစ်ချောင်းနဲ့လိုက်ရှာခေါ်ယူရတယ်....။ မေမေက အဲလောက်မဟုတ်ဘူး အဖွားက ကိုယ်တွေဘယ်ရောက်နေသလဲဆိုတာ စီစီတီဗီများတပ်ထားသလားအောက်မေ့ရတယ် ကျွန်မတို့ ကစားတဲ့နေရာကို ချက်ချင်းရောက်လာတတ်တာ....။ နောက်ပြီး ရွာကချောင်းရေခိုးကူးနေတဲ့အခါမျိုး သရက်ပင်ပေါ်တက်ကစားနေတဲ့ အခါမျိုး မိုးရွာရင် အိမ်ခေါင်မိုးစလက်လောင်းထားတဲ့ ကပြင်မှာမိုးရေသွားချိုးတဲ့အခါမျိုးတွေမှာပေါ့....:)
ကျွန်မရဲ့လူဖြစ်ခွင့်အတွက်နဲ့ ကလေးဘဝလေးကို သဘာဝတောတောင်ရေမြေတွေနဲ့ ထိတွေ့ကြီးပြင်းခွင့်ရလို့လည်း မြတ်စွာဘုရားနဲ့ အဖိုးအဖွား မိဘနှစ်ပါးကို ကျေးဇူးတင်မိပါတယ်.....။
မိုးငွေ့
No comments:
Post a Comment