Monday, 7 December 2009

J ( အစ )




မနေ့ညက “J” ဆိုတဲ့မြန်မာဗီတီယိုခွေလေး ကြည့်ဖြစ်တယ် ။ “ဂျေ”ဆိုတာ “Jealous” သဝန်တိုတာကို ဆိုလိုတာပါ..။ အဲဒီကားကြည့်ရင်း လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ကျမရဲ့ကိုယ်ပိုင် အဖြစ်အပျက်ကလေးတစ်ခုကို သွားအမှတ်ရမိတယ်...။ ခံစားမှုအဟောင်းက လတ်တလော ခံစားနေရတဲ့အတိုင်းပဲ ရင်ထဲစူးခနဲ နာကျင်သွားတယ်..။ ကျမသိပ်ချစ်တဲ့ ချစ်သူ ကျမ မသိအောင် တိတ်တိတ်ကလေး ကောင်မလေးတစ်ယောက်နဲ့ ညှိစွန်းနေတဲ့ အဖြစ်ကလေးပါ။ ကျမချစ်သူကို ကျမသိပ်ချစ်ပါတယ် လိုလေသေးမရှိအောင်ကို အရိပ်တကြည့်ကြည့်နဲ့ ချစ်ခဲ့ရတာပါ...။ ခဲမှန်ဖူးတဲ့စာသူငယ်လိုပဲ သူကျမကို ထားသွားတာမျိုးကို သိပ်ကြောက်လွန်းလို့ ဘယ်ကောင်မလေးကြည့်တာမှ မခံချင်ခဲ့ဘူး..။ ကျမတို့တွဲသွားကြရင်တောင် ကောင်မလေးတွေ သူ့ကို ညုတုတုနဲ့ကြည့်ရင် ကျမကပြန်ပြီးရန်စွာလိုက်တာပဲ..။ ဘယ်လောက်ထိလဲဆိုရင် ကောင်မလေး တစ်ယောက်က ကျမကိုပြောသွားခဲ့ဖူးတယ်..။ “ဒီလောက်စိတ်မချဖြစ်နေရင်လဲ အိမ်မှာသော့ခတ်သိမ်းထားပေါ့” တဲ့..။ 

ကျမရဲ့ သဝန်ကြောင်မှုကြောင့် ချစ်သူနဲ့ကျမ မကြာခဏစကားများကြရတယ်..။ ကျမကြောင့် သူ လူရှေ့သူရှေ့ အရှက်ကွဲ ရပေါင်းများတာပါဆိုပြီး သူကရှက်တယ်တဲ့..။ အင်းလေ...ကျမစဉ်စားကြည့်ဖူးတယ်..။ သူကျမခံစားချက်ကို နားမလည်တာ ကျမလောက်သူမချစ်လို့ပဲလား..။ ကျမချစ်သူက ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ပါတယ်...အပေါင်းအသင်းကလဲခုံမင်တယ် သူက..။ အဲဒီသူ့အပေါင်းအသင်းကြောင့်ပဲ သူတို့လှော်ပေးလို့ပဲ ကောင်မလေးတစ်ယောက်ကို သူညှိသွားခဲ့တယ်..။ ကျမချစ်သူ ဘယ်လောက်ထိ သတ္တိရှိသလဲဆိုရင် အဲဒီကောင်မလေးဆေးရုံတက်ရလို့ ကျမကိုခေါ်ပြီး သွားကြည့်ဖြစ်အောင်သွားသေးတယ်..။ ပထမတော့ သူက ကျမကိုခေါ်တော့ ကျမ မလိုက်ဘူးငြင်းခဲ့တယ်..။ သူက မကောင်းပါဘူး လူမှုရေးအရ သွားကြည့်ရအောင်ဆိုလို့ ကျမလဲ လိုက်သွားခဲ့ပါတယ်..။ အဲဒီကောင်မလေးကသူတို့ Marketing ဆင်းတော့ သူတို့လိုတခြား ကုမ္ပဏီက ဝန်ထမ်းတစ်ယောက်ပါပဲ..။ 

လုပ်ငန်းခွင်က သူငယ်ချင်းတွေလို့တော့ပြောကြတာပဲ..။ တကယ်တမ်း...ဆေးရုံမှာ ကျမမျက်စိနဲ့ တပ်အပ်မြင်လိုက်ရမှပဲ ကျမတော်တော်ညံ့ဖျင်းတဲ့ မိန်းမတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်ခဲ့တော့တယ်..။ အဖြစ်ကဒီလိုပါ..။ ကောင်မလေးက အဆုတ်ထဲ အကျိတ်ပေါက်တာ ဗိုက်ခဏခဏ အောင့်နေတာ ဆရာဝန်ကခွဲထုတ်မှရမယ်ဆိုလို့ ဆေးရုံတက်ခွဲလိုကရတာ..။ သူခွဲစိတ်ခန်းဝင်တော့ သူ့မိသားစုဝင်တွေကို တစ်ယောက်မှ မတွေ့ရပါဘူး..။ ကျမနဲ့ချစ်သူနဲ့ပဲ ထိုင်စောင့်နေကြတာ..။ ခဏနေတော့ Nurse တစ်ယောက်က Operation ခန်းထဲကထွက်လာပြီး ခွဲထုတ်ထားတဲ့ အကျိတ်လုံးတွေကို Tray ထဲထည့်ပြီး ကျမတို့နှစ်ယောက်ကိုလာပြတယ်..။ ကျမတို့ကို မိသားစုဝင်တွေလို့ထင်နေပုံရတယ်..။ ကျမတို့လဲ သွားကြည့်လိုက်ပါတယ်...။ ခဏကြာမှာ ကောင်မလေးရဲ့ မိဘတွေရောက်လာတယ်..။ ကောင်မလေး ခွဲစိတ်ခန်းထဲက ထွက်လာတော့ သူ့အခန်းထဲကိုကျမတို့ လိုက်ဝင်သွားကြတယ်..။ ဘယ်လောက် အံ့သြစရာကောင်းသလဲ...။ မေ့ဆေးပေးပြီး ခွဲစိတ်ခံထားရတဲ့ လူနာတစ်ယောက်က သူမေ့ဆေးပြယ်တော့ ပထမဦးဆုံး သူ့အမေကို မခေါ်ဘဲ... ကျမချစ်သူနာမည်ကို အရင်ခေါ်သတဲ့..။ အဲဒါနဲ့ ကျမလဲ ဟိုမှာခေါ်နေတယ် သွားလိုက်ဦးဆိုတော့ ကျမချစ်သူက လူနာကုတင်ဘေး ခုံတန်းမှာ သွားထိုင်လိုက်ပါတယ်..။ ကျမက ကောင်မလေးအမေနဲ့ စကားပြောနေရင် သူတို့ကို လှမ်းလှမ်းကြည့် ပါတယ်..။ ကြည့်စမ်းပါဦး မေ့ဆေးပြယ်ခါစ လူနာတစ်ယောက်ရဲ့ မျက်လုံးတွေကလဲ အီစီကလီအပြည့်နဲ့ပါလား..။ ကျမချစ်သူကလဲ ကောင်မလေးလက်ကို ဆုတ်ကိုင်အားပေးနေတယ်..။ အော်...ဒင်းက လက်ကိုင်ပြီးတောင်အားပေးတဲ့ အဆင့်ရောက်နေတာကိုး..။ ကောင်မလေးကလဲ ကျမချစ်သူဆံပင်ကို ပြန်သပ်ပေးနေတယ်...။ ဘုရားရေ....ဒါဘာအပြုအမူတွေလဲ... ကျမထပြီး သောင်းကျန်းချင်စိတ်ကို မနဲမြိုသိပ် ထားရတယ်...။ ကျမတစ်ယောက်လုံး ဘေးနားမှာရှိနေတယ်ဆိုတာကို ဒင်းတို့က မေ့နေကြတယ် ပေါ့လေ..။ အံမယ်...ကောင်မလေးကပြောသေးတယ်..အသံခပ်တိမ်တိမ်နဲ့ “မောင့်အမကိုအားနာစရာ”တဲ့..။ 

အော်...သူက ကျမကို သူ့အမလို့ကောင်မလေးကိုလိမ်ထားပုံရတယ်..။ တွေ့မယ်...။ ကျမချစ်သူ..အရင်ကဒီလိုမဟုတ်ပါဘူး..။ သူ့အပေါင်းအသင်းတွေမြှောက်ထိုးပင့်ကော်လုပ်တာနဲ့ပဲ သူကလိုက်မြောက်နေတယ်..။ အင်းလေ...ဒါကလဲ သူပါမှဖြစ်တာပါ..။ ကောင်မလေးက သူ့ကို“မောင်”လို့ခေါ်တဲ့အဆင့်တောင်ရောက်နေပြီ..။ အပြန်ကျမတို့ ကားပေါ်မှာ နှုတ်ပိတ်ပြီးပြန်လာကြတယ်..။ ကျမအရမ်းကို စိတ်ဆိုးနေပြီ ပေါက်ကွဲချင်နေပြီ...။ မျက်နှာကိုလဲ မီးကုန်ယမ်းကုန် စူပုပ်ထားတယ်..။ ကျမချစ်သူက သိနေတယ် ကျမကို စကားလုံးဝမစဘဲ တိတ်နေတယ်..။ သူ့အပြစ်သူသိနေပြီလေ..။ အဲဒီညနေက သူတို့မန်နေဂျာကသူ့အိမ်မှာ New Year Eve ဖိတ်ထားတာကို တခါတည်းအိမ်မပြန်တော့ဘဲ သွားလိုက်တယ်..။ ဟိုရောက်ရင်လဲ ပျော်မှာမဟုတ်ဘူး..။ ကျမစိတ်တွေက ရှုပ်ထွေးနေပြီ..။ တကယ်လဲ အဲဒီအိမ်ရောက်တော့ မီးကလဲပျက်နေတယ်..စားစရာလဲ ဘာမှမစီစဉ်ထားဘူးတဲ့..။ ဒါဆို ဘာလို့ဖိတ်ထားကြသေးလဲ...။ သိပ်စိတ်တိုဖို့ကောင်းတယ်..။ ဖယောင်းတိုင်မီးမှောင်ထဲမှာ ဒေါသကို မြိုချပြီး ထိုင်နေလိုက်တယ်..။ သူ့သူငယ်ချင်းနဲ့သူက ဝရံတာထွက်ပြီး တီးတိုးတီးတိုးနဲ့ပြောနေကြတယ်..။ ကျမတို့နှစ်ယောက် ပြဿနာတစ်ခုခု တက်လာမှန်းရိပ်မိနေမှာပါ..။ အဲဒီသူငယ်ချင်းကိုပဲ ကျမ မကြိုက်တာ သူလှော်ပေးလို့ ခုလိုဖြစ်တာလဲပါတယ်..။ ပြီးတော့ ကျမတို့နှစ်ယောက်ကြား ခလောက်ဆန်သွားသေးတယ် ယောက်ကျားတန်မဲ့နဲ့..။ ကျမရဲ့လွှမ်းမိုးမှု အောက်မှာနေမနေနဲ့ တဲ့..။ သူချုပ်နှောင်ထားတဲ့ဘဝမှာ မင်းပျော်နေသလားတဲ့..။ ဒီတိုင်းဆို မင်းဘ၀ သူ့ရဲ့ချုပ်ချယ်မှု လွှမ်းမိုးမှုအောက်က ဘယ်တော့မှာ လွတ်မြောက်မှာ မဟုတ်ဘူးတဲ့...။ ဒါ...သူပြောစရာလား...ကျမလေ အဲဒီသူ့သူငယ်ချင်းမျက်နှာကို ကုတ်ဖဲ့ပစ်လိုက်ချင်တယ်..။ ကျမတို့ချစ်သူ နှစ်ယောက်ကို သူသက်သက် ကွဲအောင်လုပ်နေတာ...မနာလိုဖြစ်နေတာ...။


 
ဆက်ပါဦးမည်။
မိုးငွေ့

1 comment:

Unknown said...

ဘာလို့အပိုင်းပိုင်းအစစတွေေ၇းတာလဲဟင်ဆက်လည်းေ၇းမပေးဘဲနဲ့