Thursday, 10 December 2009

လပြည့်လ (အဆုံး).....





ဒုတိယအကြိမ်သူမ သူ့ကို သတင်းကျွတ်လပြည့်ညက ရွှေတိဂုံဘုရားကုန်းတော်မှာ သူမတို့ပဉ္စဘောဓိအသင်း ဆီမီးတစ်ထောင်ပူဇော်ဖို့ မီးထွန်းညှိစဉ်ကဖြစ်သည်။ သူက တံမြက်စည်းလည်းအသင်းတစ်ခုက သူ့သူငယ်ချင်းတစ်ယောက်နှင့် အဖော်လိုက်ခဲ့ခြင်းဖြစ်သည်..။ ဒီတစ်ခါသူက ရှပ်အင်္ကျီ နံ့သာရောင်ကို ရခိုင်ပုဆိုးအုန်းခွံရောင်နှင့် တွဲဖက်ဝတ်ဆင်ထားသည်...။ သူမတို့ဆီမီးခွက်ကလေးတွေကို မီးထွန်းညှိရင်း သူမီးညှိသည့်ခွက်နှင့် သူမမီးညှိသောခွက်ကပ်လျက်ကလေး လာတိုက်တော့မှ သူရောကျမပါ ပြိုင်တူမော့ကြည့်မိကြသည်..။ သူ့မျက်ဝန်းဆီမှ သူမကိုမှတ်မိသော အရိပ်တန်းကလေးတစ်ခု ဖြတ်ပြေးသွားသည်ကို တွေ့လိုက်ရသည်...။ သူ သူမကိုစပြီးနှုတ်ဆက်ပါသည်..။ သူမတို့ဆီမီးထွန်းရင်း တစ်ယောက်ကို တစ်ယောက်မိတ်ဆက်ကြသည်..။ သူသမိုင်းအဓိကဖြင့်ကျောင်းပြီးထားပြီး လက်ရှိ ဂျာမန်သံရုံးတွင် အလုပ်လုပ်ပါသည်..။ သူမတို့ BC စာကြည့်တိုက်တွင် စာအုပ်လာငှားတတ်ကြောင်း ပြောပြသည်..။ သို့သော် သူမ သူ့ကိုမဆုံဖူးခဲ့ပါ..။ သူမအလုပ်ဝင်တာ သိပ်မကြာသေးတာလည်းပါမည်..။ အနီးကပ်တွေ့တော့မှ သူမပိုသတိထားမိသွားတာ..သူ့မျက်လုံးလေးတွေက ဗာဒံသီးပုံရှည်လျား မည်းနက်နေ၏။ မျက်တောင်တွေကခပ်တိုတိုပေမယ့် မည်းနက်သောကြောင့် မျက်လုံးအင်အားကောင်းသည်..။ ပြုံးလိုက်လျှင် မေးစေ့မှာ အချိုင့်ကလေးပေါ်လာလျက် ချစ်ခင်နှစ်သက်စဖွယ်ဖြစ်သွားသည်။ သူ့သွားတွေက ဖြူဖွေးတောက်ပလေသည်။ ထိုညမှာ လပြည့်လသည် ဝင်းထိန်သာလျက် သူမတို့အသင်းတွေဘုရားပေါ်မှာပဲ အိပ်ကြတာမို့ တစ်ညလုံး ဘုရားအတူဖူးရင်း သူမ မသိသေးးသည့် ဘုရားသမိုင်းကြောင်းများကိုလည်း သူစိတ်ရှည်စွာပင် ရှင်းပြပါသည်...။ 

နက်ပြာရောင်ကောင်းကင်မှ လပြည့်လကို မော့ကြည့်ရင်း... သူမတိတ်တဆိတ် ကျေးဇူးတင်နေမိသည်ကိုတော့ သူကြားနိုင်မည်မဟုတ်ပါ...။ သူမတို့ခင်မင်ရင်းနီးပြီး တစ်နှစ်ကျော်မှာ သူမကို သူချစ်ခွင့်ပန်ပါသည်...။ သူမကိုချစ်စကားပြောသော နေရာကလေးသည် မထင်မှတ်ဘဲ သာယာလှပတဲ့ ကမ်းခြေလေးတစ်ခုမှာဖြစ်တဲ့အပြင်... မီးပုံပွဲလုပ်ကြတဲ့...ဝိုင်းစက်ပြည့်တင်းနေတဲ့ လပြည့်ညမှာဖြစ်ခဲ့သည်..။ သူမတို့ မီးပုံပွဲမှာတခဏ ကမ်းခြေဖက် လမ်းလျှောက်ကြရင်း သူမကိုဖွင့်ပြောခြင်းဖြစ်သည်..။ စာတွေထဲမှာဖတ်ဖူးတာမှန်သည်..။ မင်းယောကျာ်းရဲမက်တွေဟာ...စစ်မြေပြင်မှာ ဘယ်လောက်ပင် ရဲစွမ်းသတ္တိရှိစေကာမူ.. သူတို့ချစ်ခင်မြတ်နိုးတဲ့ မိန်းကလေးရှေ့မှာတော့ အလိုလို ယုန်သူငယ်လေးလိုပဲ တုန်လှုပ်ခြောက်ခြားနေတတ်တော့သည်...။ သူမထက်အသက်နှစ်နှစ်ငယ်သော ထိုလူငယ်ကလေးမှာ သူမကို ရည်းစားစကား မရဲတရဲစပြောခဲ့ပါသည်...။ သူမတို့သောင်ပြင်မှာအတူထိုင်ပြီး ကောင်းကင်မှ ကြယ်ကလေးများကိုမော့ကြည့်မိကြသည်...။ လမင်းကြီးရယ်..ဒီတစ်ခါလည်းသူမကို ကြည်နူးခြင်းတွေဖြည့်ဆည်းပေးခဲ့ပြန်ပြီ..။ သူမတို့ချစ်သူသက်တမ်း တစ်နှစ်ပြည့်မှာပဲ...သူ ဧည့်သည်များနှင့် အထက်မြန်မာပြည်သို့ခရီးထွက်ရင်း ကားအက်ဆီးဒင့်နှင့် ရုတ်တရက်ဆုံးပါးသွားခဲ့ပါသည်...။ သူမဘဝနေသားကျနေပြီးခါမှ...မထင်မှတ်ဘဲ ကြယ်ကလေးတစ်ပွင့်...ရောက်လာခဲ့ပါသည်...။ သို့သော်...ထိုကြယ်ပွင့်ကလေးကို သူမခူးဆွတ် ရလာခြင်းမျိုးမဟုတ်...။ သူမရှေ့မှာ လင်းခနဲ တခဏကြွေကျသွားခဲ့တာပါ...။ ထိုချိန် သူမလိုရာဆုတောင်းခဲ့မိလို့...သူမကို အိပ်မက်လှလှ လာပေးသွားခဲ့တာပါ...။ အထီးကျန်ဆန်တဲ့သူမကို လာနှစ်သိမ့်သွားခဲ့တာပါ...။

လပြည့်လရယ်...ဘယ်လိုပဲဖြစ်ဖြစ် သူမဘဝကလေးကိုတော့ ကြည်နူးဆွတ်ပျံ့ဖွယ်ရာလေး ဖန်ဆင်းပေး သွားတဲ့အတွက် သူမကတော့ ကျေးဇူးတင်နေတော့မှာပါ....


ဝန်ခံချက်။    ။ ဆရာမဂျူး၏ “မိန်းမတစ်ယောက်၏ဖွင့်ဟဝန်ခံချက်”မှ ကိုးကားပါသည်။

မိုးငွေ့

2 comments:

မိုးစက်အိမ် said...

လပြည့်ညလေးတစ်ညမှာ ကဗျာဆန်ခဲ့ ပေမဲ့ 
ဇာတ်သိမ်းလေးမကောင်းတာတော့ စိတ်မ
ကောင်းဘူးဗျာ . . .

ညလင်းအိမ် said...

ဝမ်းနည်းဖို့ကောင်းလိုက်တာနော်...

လပြည့်ညတိုင်းမှာ ဘယ်လောက်တောင်ဝမ်းနည်းနေရမလဲဗျာ...

လောကမှာ တကယ်ချစ်မြတ်နိုးကြတဲ့ သူတွေ ပေါင်းစုံကြပါစေဗျာ...