Tuesday, 1 November 2016

My Baking Class (2).....


ဒီတစ်ပတ်က cheese cake နဲ့ Donut ကတစ်ရက် butter cake နဲ့ Pizza ကတစ်ရက်သင်ရတယ်...။ Cheese cake ကလုပ်ပြီး ရေခဲသေတ္တာထဲသိမ်းခဲ့ရတယ် အိမ်သယ်လို့မရသေးဘူး ပျော်ကုန်မှာစိုးလို့...။ သင်နေကျဆရာက ခွင့်ရက်တွေယူထားတာကြာနေပြီဖြစ်တဲ့ တရုတ်မလေးသုံးယောက်ကိုသင်နေရလို့ ကျွန်မက ဆရာအသစ်တစ်ယောက်နဲ့သင်ရပါတယ်..။ ဆရာအသစ်ကလည်း စိတ်ရှည်တယ် တစ်ခုချင်းသေချာ အသေးစိပ်သင်ပေးတယ်...။ မုန့်နယ်တာ လုံးတာမုန့်နှပ်မနှပ် ဘယ်လိုကြည့်ရတာကအစ..။ ပထမဆုံး Cheese cake အောက်ခြေအတွက် မုန့်သားအခံကို ဘီစကစ်တွေမသုံးဘဲ ကိတ်မုန့်ဘေးသားတွေကို Cocoa powder ဇကာစစ်ထည့် ထောပတ်ထည့်ပြီး နယ်ထားတယ်...။ မုန့်ဖုတ်ဖို့ မုန့်ဘမ်းမသုံးဘူး သူတို့က အ၀ိုင်းကွင်းလေးကို အောက်က အလူမီနီယံ Fold ခံပြီး ခွက်ပုံလုပ်လိုက်တယ်...။ ခွက်လုပ်ပုံလုပ်နည်း အလူမီနီယံ Fold ခေါက်နည်းကို ဆရာက သေချာသင်ပေးတယ်..။ ခွက်ဖြစ်သွားတော့မှ ခွက်အောက်ခြေကို စောစောက နယ်ထားတဲ့ မုန့်အောက်ခံသားကိုခင်းပြီး ညီအောင်ဖိပေးရတယ်...။ သေချာဖိသိပ်ရတဲ့အကြောင်းရင်းက အာဗင်ထဲမှာ ရေခံပြီး ဖုတ်ရမှာမို့ပါ အောက်ခြေကနေ ရမ၀င်အောင်လို့..။  ပြီးတော့မှ ကြက်ဥတို့ Cream Cheese တို့ နို့တို့ သကြားတို့ရိုက်ပြီး ခွက်ထဲထည့် oven ထဲကို ရေခံပြီး ဖုတ်ရတယ် Steam Bake လို့ခေါ်တယ်..။ တစ်နာရီအနည်းဆုံး ဖုတ်ပေးရပါတယ်...။ Cheese cake လုပ်ရတာလည်းလွယ်တယ် စားလို့လည်းကောင်းတယ်...။  မုန့်ရတာနဲ့ ရေခဲသေတ္တာထဲ တစ်ညသိပ်ထား ဒါမှမဟုတ် ကိုယ့်အိမ်မှာဆို အေးခဲသွားတဲ့ အထိထားပြီးမှ ထုတ်စားပါ..။ 


    Cheese cake လုပ်ပြီးတော့ Donut လုပ်ရတယ် ဓါတ်ပုံမရိုက်ထားလိုက်မိဘူး...။ Donut က ပေါင်မုန့်ဂျုံနဲ့လုပ်ရတာ...။ ကျွန်မတို့သင်တန်းမှာ ပေါင်မုန့်နယ်တဲ့စက် အကြီးကြီးတစ်လုံးရှိတယ် အဲဒီမှာ မုန့်ထည့်နယ်ရတာ...။ ပေါင်မုန့်သားနှပ်မနှပ်ကိုနယ်ရတာ ပညာသားတော့ပါတယ်..။ စက်ထဲကို အမှုန့်တွေအားလုံးထည့်ပြီး ရေကိုတော့ သူ့ Recipe အတိုင်းပဲဆိုပြီး တရဟောမထည့်ရပါဘူး...။ စက်လည်တာနဲ့ ရေကို ရေစက်ချသလိုထည့်ပေးရတယ် ဒီနေရာမှာ မျက်စေ့အမြင်ရအရေးကြီးသလို လက်နဲ့စမ်းရတာလည်းလုပ်ရသေးတယ်..။ မုန့်သားအပစ်အကျဲကိုကြည့်ပြီး ရေချန်သင့် ချန်ထားရမယ် ရေလိုက်သင့်ရင်လည်းရေထပ်လိုက်ရတတ်တယ်..။ မုန့်သားလုံးသွားပြီဆို စက်ခဏပိတ်ပြီး မုန့်သားနည်းနည်းကိုလက်နဲ့ ကိုင်ကြည့်ရတယ် မုန့်သားချောသွားပြီလား..ပိုသေချာအောင် မုန့်ကို ပီကေလိုပဲ ပြားပြီး ဖြဲကြည့်ပါ ခပ်ပါးပါးလေးဖြစ်တဲ့အထိ မပေါက်ဘူးဆိုရင် အဲဒီမုန့်သားနှပ်နေပါပြီ..။ အဲဒီကျမှ စက်ထဲကထုတ်ရပါတယ်..။ ဒါကို Window Pane Test လို့လည်းခေါ်ကြတယ်..။ Evy Kitchen က မအိဆိုရင် ပေါင်မုန့်ဖုတ်တိုင်း Window Pane Test လုပ်တာအမြဲထည့်ပြောသတိပေးတတ်တယ်..။ မုန့်ကို ကိုယ်လိုရာမုန့်တစ်လုံးစီရဲ့ အလေးချိန်ချိန်ပြီး ပွအောင်ခနနှပ်ထားပါ...။ Donut ကြော်တော့မယ်ဆိုမှာ မုန့်အလုံးကိုနည်းနည်းပြားပြီး အလည်ကို လက်ချောင်းနဲ့ထိုးဖောက်ပြီး နဲ့နဲ့ဆွဲဆန့်လိုက်ရင် မုန့်လက်ကောက်လိုမျိုးဖြစ်သွားပါပြီ..။ ဒါမှမဟုတ်လည်း Donut Cutter တွေနဲ့ ပုံမျိုးစုံဖော်လို့ရပါတယ်..။ ဆီပူအောင်ထားပြီး မီးလျှော့ချပါ မုန့်ကိုတစ်ဖက်နှစ်မိနစ်လောက်ဆီကြော်ပါ..။ ရွှေဝါရောင်သန်းတဲ့ အထိဆိုပါစို့..။ အအေးခံပြီးသားမုန့်တွေကို ကိုယ်လိုရာ ခရမ်တွေ ယိုတွေမျိုးစုံထည့်လို့ရသလို Chocolate ရည်လေးဆွတ်ပြီး ရောင်စုံ decoration ဆင်လို့ရပါသေးတယ်..။ ဒါကတော့ ကိုယ်စိတ်ကူးတည့်ရာပုံဖော်လို့ ရပါတယ် သတ်မှတ်ချက်တွေ ကန့်သတ်ချက်တွေမရှိပါဘူး..။ ကျွန်မကတော့ Donut ဆို သကြားရည်လောင်းပြီး သစ်ကြားစေ့မှုန့်လေးတွေ ပြန်ကပ်တာကိုကြိုက်တယ်..။


 window pane test


 

နောက်တစ်နေ့ Butter cake စလုပ်ရတော့ ကော်ဖီစက်ကိုင်တဲ့ကောင်လေးက ကော်ဖီတစ်ခွက်
လာတိုက်လို့ သောက်ရသေးတယ်...။ များသောအားဖြင့် Latte အပူကို ကျွန်မသောက်လေ့မရှိဘူး...။ သူတို့ဆိုင်က Hot Latte ကတော့ တကယ်ကောင်းတယ်...။ Cappuccino နဲ့ Latte မှာ နို့နဲ့ကော်ဖီအချိုးအစား နည်းနည်းပဲကွာဟတယ်လို့ထင်တယ် ဒါပေမယ့် ကျွန်မကတော့ Latte ချစ်သူ..။ ခါးခါးသောက်ချင်ရင်တော့ Americano သောက်ဖြစ်တယ်...။ Esspresso တော့ မသောက်နိုင်လို့...။


 

ထောပတ်ကိတ်တွေ ပလိန်းကိတ်တွေဝယ်စားရင် အလည်က ကွဲကြောင်းလေးဖြစ်နေတာကိုတွေ့ဖူးမယ် ထင်ပါတယ်...။ အဲဒါမျိုးဖြစ်ဖို့ လက်လေးချောင်းကိုဆီဆွတ်ပြီး မုန့်မျက်နှာပြင် ဒေါင်လိုက်အနေထား လက်လေးချောင်းလုံးအောက်ခြေရောက်တဲ့အထိ ထိုးချပေးရတယ်..။ အ၀ါဖျော့နဲ့က ရိုးရိုးထောပတ်ကိတ်၊ အညိုရောင်ရ ကော်ဖီကောင်တာက ကောင်လေးဆီက ကော်ဖီအဆီတစ်ခွက်တောင်းပြီးထည့်ရောထားတာ Coffee Butter ကိတ်ပေါ့..။

 
ရိုးရိုး butter ကိတ်က ကျွန်မခွဲထားတာမညီလို့ အလည်ကကွဲကြောင်းစောင်းသွားတယ်...
 ကော်ဖီပါတာက ဆရာ့လက်ရာ

 
Cheese တွေ ဖောခြင်းသောခြင်းထားတာ Parmesm , Mozzarella , Cheddar
cheese တွေကို အကြမ်းအားဖြင့် အီတလျံလူမျိုးတွေရဲ့ အစားစာတစ်ခုလို့သိထားကြပေမယ့် Cheddar Cheese ကတော့ ဗြိတိန်နိုင်ငံက တောရွာတွေမှာ စားသောက်လေ့ရှိတဲ့ ချီစ်တစ်မျိုးလို့သိရတယ် သူက တခြားချီးစ်တွေလို အ၀ါဖျော့မဟုတ်ဘဲ လိမ္မော်ရောင်သန်းတယ်...။

 
ဘေးသားတွေမှာလည်း ချီးစ်အချောင်းလေးတွေထည့်လိတ်ထားသေးတယ်...။ ဆောရီး ကျက်ပြီးသားပုံမရိုက်လိုက်ရ ကျက်တာနဲ့ ချက်ချင်းပဲ သင်တန်းကလူတွေ တစ်ယောက်တစ်စိပ်စားပလိုက်ကြတာလေ


မိုးငွေ့

No comments: