Saturday, 17 August 2013

အိပ်မက်နတ်ဆိုး.....





ခုနောက်ပိုင်း မင်းကို အိပ်မက်တာ စိပ်လာသလိုပဲ….။

ကိုယ့်အိပ်မက်ထဲကို အလည်လာခဲ့ပါလို့ ကိုယ်ခဏခဏတောင်းတတတ်ခဲ့တုန်းက မင်းမလာခဲ့ပါဘူး…။
ကိုယ့်ကိုမင်းသိပ်လွမ်းနေလို့လားဟင်???  ကိုယ်ကတော့ မင်းကိုအမြဲလွမ်းတယ်…။
ကိုယ်ဟာ မင်းအပေါ်တော်တော်မကောင်းတာများ အိပ်မက်ထဲထိတောင်ပဲ… မင်းကို လူရောစိတ်ရော ဒုက္ခရောက်အောင်လုပ်တယ်…။

အိပ်မက်ထဲမှာ ကိုယ်မင်းကို မြေအောက်ခန်းမှာပိတ်လှောင်ထားခဲ့မိလို့ မီးခဲပူပူတွေရှိတဲ့ တွင်းနက်ကြီးထဲကနေ မင်းကြိုးစားပြီး အပူခံကုတ်တက်လာရတယ်လို့မက်တယ်…။ ဒါပေမယ့် မင်းက ကိုယ့်ကို စိတ်မဆိုးဘဲ ခပ်ပြုံးပြုံးလေးနဲ့ပဲ ခွင့်လွှတ်ပေးတယ်တဲ့…။ လက်တွေ့ဘဝမှာ မင်းကို ကိုယ်လစ်လျှူရှုထားခဲ့တာကို အိပ်မက်နဲ့ နိမိတ်ပုံလာပြသွားခဲ့တာလား အိန်ဂျယ်…..။
“မင်းနေကောင်းရဲ့လား ခုတလောမင်းကို အိပ်မက်ခဏခဏမက်လွန်းလို့ မင်းနေမကောင်းများဖြစ်နေခဲ့သလား ကိုယ်စိတ်ပူလိုက်တာ ကျေးဇူးပြုပြီး ကိုယ့်မက်ဆေ့ချ်လေးကို ပြန်ပေးပါနော်” မင်းဖုန်းက မြန်မာဖောင့်မရတော့ ကိုယ်က အင်္ဂလိပ်လိုရိုက်ရတာ…။ မနက်မလင်းခင်အိပ်ယာကလန့်နိုးနိုးချင်းပို့ထားခဲ့တဲ့ မက်ဆေ့ချ်ကို မနက်ဆယ်နာရီခွဲမှာ မင်းဆီက ပြန်စာရခဲ့တယ်..။ “ I am fine… thanks sis ” တဲ့…။ ကျေးဇူးတင်ပါတယ် မင်း နေကောင်းကျန်းမာနေတယ် မင်းနဲ့ကိုယ် တမြေတည်းပေါ်မှာရှိနေသေးတယ်ဆိုတာ သိလိုက်ရတဲ့အတွက်ပါ…။

အိန်ဂျယ်ရေ… မင်းကိုမတွေ့ချင်တော့ဘူးဆိုတာ ကိုယ်ညာပြောခဲ့တာလို့ မင်းမထင်ဘူးလား….။ တစ်ရက်လောက် ကိုယ်တို့ ဘုရားမှာဆုံရအောင်… အေးအေးချမ်းချမ်းဘုရားအတူဖူးပြီးရင် မင်းနဲ့ကိုယ်လမ်းလျှောက်ပြန်ကြမယ်… လက်ဖက်ရည်ဆိုင်ထိုင်ကြမယ်… ဒါမှမဟုတ် သီချင်းသွားဆိုကြမယ်လေ…..။ ခါတိုင်းလိုပဲ မင်းက သီချင်းဆို ကိုယ်က မင်းဆိုတတ်တဲ့ ကိုယ်လည်းနားထောင်ချင်တဲ့ သီချင်းတွေရွေးပေးမယ်လေ…။ မီးရောင်ဝါဝါအောက်မှာ သီချင်းဆိုရင် ပန်းသွေးရောင်တောက်နေတတ်တဲ့ မင်းမျက်နှာလေးကို မငေးကြည့်ရတာ ဘယ်လောက်ကြာပြီလဲ….။ ပြီးရင် ကိုယ့်ကို အိမ်ပြန်လိုက်ပို့ပြီး ဖုန်းမက်ဆေ့ချ်လေးနဲ့ ကိုယ့်ကို “good night kiss”ပေးဖို့ မမေ့နဲ့ဦးနော်…။

ကိုယ်သိပ်ကို စိတ်ကူးယဉ်သွားပြီလို့ မင်း ဒီအက်ဆေးလေးကိုဖတ်ရင်း ရယ်(ရီ)နေမလားပဲနော်...။ ကိုယ့်မျက်ရည်တွေနဲ့သီထားခဲ့တဲ့ စကားလုံးတွေ မင်းနှုတ်ခမ်းထက် အပြုံးတစ်ပွင့်ဖြစ်သွားခဲ့လည်း ကိုယ်ကျေနပ်တယ် အိန်ဂျယ်.....။

မိုးငွေ့

4 comments:

blackroze said...

မကြီးမိုးငွေ့ Goodnight kiss
ပစ်..ပေးလိုက်ပြီနော်

နွေတေးရှင် (မင်းဧရာ) said...

အိမ်ဂျယ် စာစုတွေ
ဖတ်ရတာ ရိုးမသွားဘူးနော်
အတွေးလေးတွေနဲ့
စီစစ်ထားလို့ ထင်ပါရဲ့
ဖတ်လိုက်တိုင်းလည်း စီးမျောသွားတယ် ။



Yoemyaykya said...

မမစာလေးဖတ်ပြီး ရင်ထဲကအလွမ်းတွေ ကစုန်ပေါက်ပြေးလွှားတယ်။ အနော်လဲ someone နဲ့ ပြန်တွေ့မှ တွေ့ပါ့မလားမသိဘူး။ ခုရက်ပိုင်း အခြေအနေတွေ ခက်ထန်နေတယ်။

မြတ်ပန်းနွယ် (Myat Pan Nwe) said...

အိပ်မက်တွေထဲမှ အိန်ဂျယ် ..
မိုးတွေနဲ့အတူ အနမ်းတွေ ခြွေချပါကွယ်။