Friday, 16 July 2010
အသွင်တူ၏ မတူ၏...
တကယ်စုံဖက်တဲ့ ဇနီးမောင်နှံတွေဟာ ရုပ်ရည်ချင်းတူတတ်ကြတယ်တဲ့...။ တော်တော်များများစုံတွဲတွေကိုတော့ သတိထားကြည့်မိတယ်...။ တစ်ချို့ဆို မောင်နှမလို့တောင်ထင်ရတယ်...။ ကျမတို့ကရော...ရုပ်အသွင် ဘယ်နေရာမှာတူကြလဲ....။ ဘာမှမတူကြဘူး...သူက ကျမထက်အသားပိုညိုတယ်... ဒါကြောင့် သူ့ကို ကျမက ချောကလက်လို့ ချစ်စနိုးလေးနာမည်ပေးထားတာ..။ တစ်ခုတော့ရှိတယ်... ကျမတို့နှစ်ယောက်ပြုံးလိုက်ရင် နှုတ်ခမ်းဒေါင့်မှာ အချိုင့်ကလေးတွေ ပါတာချင်းတော့တူတယ်..။ ရာသီခွင်မှာဆို သူက Aries ဖွား ကျမက Pisces.... ရာသီခွင်ရဲ့ ဟိုဘက်အစွန်နဲ့ ဒီဘက်အစွန်မှာ...။ လပိုင်းအနေနဲ့တွက်ကြည့်ရင် လချင်းကပ်လျက်ကျတယ်...။ ကျမက မတ် သူက ဧပြီ....။ သူက တနင်္ဂနွေသား ကျမက တနလာၤ... အကောင်ကြီးတွေချင်းတူတယ်...။ ကျမထက် သူနှစ်နှစ်ငယ်ပေမယ့် မသိတဲ့လူတွေက သူ့ကိုကျမထက် ငါးနှစ်လောက်ကြီးတယ်လို့ ထင်တတ်ကြတယ်...။ ကျမတစ်ယောက်ထဲ အပြင်ထွက်ရင် ဘယ်သူမှ ကလေးအမေဆိုတာ မယုံကြဘူး ...ခုထိ(အဟဲ...အဲလိုလန်းတာ)။
တူတာလေးတွေကြည့်မယ်ဆိုရင်တော့...လူတွေကို တတက်တအား အကူအညီပေးတတ်တာ... သနားတတ်တာချင်းတူတယ်...။ ကလေးလေးတွေကို ချစ်တတ်ကြတယ်တယ်...။ ပေါင်းအသင်းခုံမင် တတ်ကြတယ်..။ ဒါကတော့ လူမှုရေးအပိုင်းပေါ့။ ဝါသနာပိုင်းမှာတော့ ဂီတကိုချစ်မြတ်နိုးတတ်ကြတယ်...။ သူက သီချင်းဆိုသိပ်တော်တယ် ဂီတာတီးလဲကျွမ်းကျင်တယ်... ကျမကို စည်သူလွင်ရဲ့ “မျက်ဝန်း”သီချင်း ဆိုပြတတ်တယ်။ ခရီးထွက်တာ ဝါသနာပါတယ် အထူးသဖြင့် ပင်လယ်ကမ်းခြေမှာ သွားအနားယူတာမျိုး ကြိုက်ကြတယ်...။ သူကအငယ်ဆုံး ကျမက အကြီးဆုံးဆိုပေမယ့် မိသားစု မောင်နှမတွေကို ဦးစားပေးချစ်တတ်ကြတာချင်းတူတယ်...။ သူကအိမ်မှာအငယ်ဆုံးပေမယ့် လူကြီးဆန်တယ်... အကြီးဆုံးဖြစ်တဲ့ ကျမကတော့ သူနဲ့တွေ့ရင် ကလေးပဲ...။ အော်...တစ်ခုရှိသေးရဲ့... ကျမတို့ အကလဲ ကျွမ်းကျင်ကြတယ်... ကျမကို ကတတ်အောင် သူပဲ သင်ပေးခဲ့တာ...။ ဝါသနာတူတော့ ညှိနှိုင်းရတာ သိပ်မခက်တော့ဘူးပေါ့...။ အလုပ်ကိုချစ်ကြတာလဲတူတယ်...။ အလုပ်ခွင်ထဲရောက်သွားရင်တော့ အားလုံးကိုမေ့ပဲ...။ ဘဝကို အေးအေးချမ်းချမ်းနဲ့ ကိုယ့်အတွက်ချည်းမဟုတ်ဘဲ လူတွေအတွက်အကျိုးရှိတာလေးတွေလုပ်ရင်းနဲ့ပဲ ကုန်ဆုံးချင်ကြပါတယ်...။
အဓိကအရေးအကြီးဆုံးပဲ....ဘာသာရေး...။ သူက ခရစ်ယာန် ကျမကိုးကွယ်တာက ဗုဒ္ဓဘာသာ....။ ဘာသာမတူသူနှစ်ယောက်ပေါင်းဖက်ရတာ လူမှုရေးဘက်မှာရော ရှုပ်ထွေးမှုတွေ မကြာခဏရှိတတ်ပါတယ်...။ သူ့အဖေနဲ့အမေလဲ ဒီလိုပဲ....။ အဖေက ဗုဒ္ဓဘာသာ အမေက ခရစ်ယာန်...။ ကျမတို့နှစ်ယောက်လည်း အဖေနဲ့အမေတို့လိုပဲ သီးခံခွင့်လွှတ်နားလည်ခြင်းဆိုတာကို အမြဲလက်ဆွဲကျင့်သုံးခဲ့လို့... တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုလေးတွေ အမြဲညှိယူထားတော့ ပြဿနာကြီးကြီးမားမားတွေ သိပ်မရှိတော့ဘူးပေါ့...။ သူဘုရားကျောင်းတက်ရင် ကျမလိုက်ပေးသလို ကျမ ဘုရားသွားရင်လဲ သူကြည်ကြည်ဖြူဖြူ လိုက်ပေးပါတယ်။ ကျန်းမာရေးအနေနဲ့တော့ သူက သူ့အမေရဲ့အမွေ ရင်ကျပ်တာရထားတော့ ကျန်မာရေးကိုအမြဲ ဂရုတစိုက်ပိုရှိတယ်...။ ကျမကတော့ ပေပေတေတေ.... အပ်နဲ့ထွင်းရမယ့်ဟာကို ပဆိန်နဲ့ထွင်းရတဲ့ အထိထားတယ်...။ သူက အိမ်သန့်ရှင်းရေးလုပ်သလောက် ကျမအတွက်တော့ အိမ်ရှင်းတဲ့အလုပ်က ပျင်းစရာအကောင်းဆုံး...။ မီးဖိုချောင်ဝင်ပြီး ဟိုဟာလေးချက်စား ဒီဟာလေးချက်စားမယ်ဆိုရင်တော့ ကျမကရတယ်...။ ကျမကရေချိုးပျင်းတယ်.... ရေချိုးခါနီးဟိုဟာလုပ်နိုးနိုး ဒီဟာလုပ်နိုးနိုးနဲ့ လုပ်နေတတ်ရင် သူက ခုချက်ချင်းသွားမချိုးဘူးလား တစ်ကနေ တစ်ဆယ်ထိရေလို့မှ သွားမချိုးရင် ဘယ်လိုဒဏ်ခတ်မယ်နဲ့ ခြိမ်းခြောက်တော့မှ ရေချိုးဖြစ်တာမျိုး....။ ကိုယ်ကသာရေချိုးပျင်းတာ...သူ့ကိုတော့ အမြဲသန့်ပြန့်မွှေးကြိုင်စေချင်တယ်...။
ကျမက ဘိုစာကြိုက်သလောက် သူကတော့ မြန်မာထမင်းဟင်း ငပိရည်တို့စရာတွေကိုကြိုက်တတ်တယ်...။ ကျမကော်ဖီခါးခါးသောက်ရင် သူက လတ်လတ်ဆတ်ဆတ် အသီးဖျော်ရည်တွေ သောက်တတ်တယ်...။ ညဘက်သူက အိပ်ယာဝင်တာနဲ့ အိပ်ပျော်တာမြန်တယ်....။ ကျမကတော့ အိပ်ခါနီးဆို အတွေးပိုရှုပ်တယ် မနက်ဖြန်လုပ်ရမယ့်အလုပ်၊ သားလေးအတွက် ဘာလေးလုပ်ရမယ်၊ ဘလော့ဂ်ဘာရေးပြီးတင်ရင်ကောင်းမလဲ... တစ်ခုခုကို အမြဲစဉ်းစားပြီးမှ အိပ်တတ်တယ်....။ ကျမက စာအုပ်စာပေကိုချစ်ပေမယ့် သူကတော့စာဖတ်ပျင်းတယ်... သူ့အလုပ်နဲ့ပတ်တက်တဲ့စာလောက်ပဲသူစိတ်ဝင်စားတယ်...။ ကျမနားသူရှိချိန်မှာ ကျမ ကွန်ပျူတာရှေ့ရောက်ရင် ဒါမှမဟုတ် စာအုပ်တစ်အုပ်ဖတ်နေရင်... သူမနာလိုဖြစ်တတ်တယ်... သူရှိနေလျက်နဲ့ သူ့ကိုဂရုမစိုက်လို့တဲ့....။ ဒါလည်းဟုတ်ပါတယ် သူက ခရီးသွားရတာများတယ်လေ..။ ဒါပေမယ့်လည်း ကွန်ပျူတာခလုတ်တွေ နှိပ်ရတာများလို့ လက်ချောင်းတွေ လက်ကောက်ဝတ်တွေ နာနေရင်တော့ သူက ဆေးလိမ်းပြီးနှိပ်ပေးတတ်သေးတယ်... အဲလိုလေး...။ ကျမဘလောက်ကို သူတစ်ခါမှ လာမလည်ဖူးဘူးဆိုရင် ရှင်တို့ယုံကြမလား...။ သူ့အကြောင်းလေးကိုဘယ်လိုလေးရေးထားပါတယ် သူပေးတဲ့ လက်ဆောင်တွေကို ဘယ်လိုလေးတင်လို့ ဘယ်သူတွေက ကွန်မန့်ဘယ်လိုလာပေးပါတယ်လို့ ပြောပြရင်တော့ တပြုံးပြုံးနဲ့ပေါ့ သူက...။ ကျမတို့နှစ်ယောက်ဟာ ဇစ်တစ်ချောင်းရဲ့ အသွားတွေလိုပဲ တစ်ယောက်ကွပ်လပ် တစ်ယောက်ဖြည့်ပေးနေကြတာပါ။ အားကစားဘက်မှာဆို သူကဘောလုံးကန်တာဝါသနာပါတယ် ကျောင်းတုန်းက သူ့မေဂျာအသင်းမှာ သူက ဂိုးသမား..။ အိမ်ဝင်းထဲမှာဆို ညနေဘက် သူ့ညီဝမ်းကွဲတွေနဲ့ ဘော်လီဘောပုတ်တယ်...။ ကျမကတော့ ငယ်ငယ်က တိုက်ကွမ်ဒိုတက်ဖူးတယ်....ရေကူးတယ်...။ ခုတော့ ကြွက်တက်တတ်လွန်းလို့ ရေမကူးဖြစ်တာကြာပြီ...။
ကျမတို့နှစ်ယောက် ခုလိုအေးအေးချမ်းချမ်းနဲ့ မိသားစုဘဝလေးဖြစ်လာဖို့ ရှေ့ပိုင်းမှာ လူမှုရေး အခက်ခဲပြဿနာတွေပေါင်းစုံကို နှစ်နဲ့ချီပြီး ရင်ဆိုင်ဖြတ်သန်းလာခဲ့ကြရတာပါ...။ ခုလို ခိုင်မြဲစွာ နားလည်မှုတွေရှိလာဖို့ ရင်နှီးယူခဲ့ရတာတွေ အများကြီးပါပဲ...။ ကျမတို့အိမ်ထောင်သက်လေးနှစ်ရှိသွားပြီ သိပ်ကိုချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်နဲ့အတူပေါ့....။ ကျမဘဝမှာ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်တစ်ခုကို ပြောပြပါဆိုရင်တော့ သူ့ကိုဘဝလက်တွဲဖော်အဖြစ်ရွေးချယ်ခဲ့တာကိုပဲပြောပါရစေ...။
ဒီတဂ်ပို့စ်ကို မသက်ဝေဆီမှာအရင်ဆုံး သွားဖတ်တာပါ...။ မသက်ဝေရေးပြီဆိုရင်တော့ အဆုံးမှာဖတ်ကြည့်စရာမလိုဘူး အမချစ်ကို တဂ်ပြီးသားပဲ....။ အခုလဲ အမချစ်ဆီသွားဖတ်ရင်းနဲ့ အဆုံးနား မရောက်ခင်ကတည်းက ကျမကိုအမတော့ တဂ်တော့မှာပဲလို့ ရင်တထိတ်ထိတ်ရှိလာရင်းနဲ့ တကယ်လဲ အဆုံးပိုဒ်မှာ ကျမနာမည်ကိုတွေ့လိုက်တော့ ကိုယ့်ကိုယ်ကိုတောင်အံ့သြသွားတယ် ဒီလောက်ခန့်မှန်းတာ မှန်ရသလားလို့ ...။ အမချစ်ရေ.... အမတဂ်တဲ့ပို့စ်လေးကို သိပ်မစဉ်းစားတော့ဘဲ အမရေးတဲ့ ဖလိုးလေးအတိုင်း လိုက်ရေးလိုက်တယ်...။ ကျေနပ်ပါတယ်နော်...။ တဂ်ပို့စ်ကိုကြောက်တယ်သာ ပြောတာ ညတွင်းချင်းရေးချင်နေတာ ...အဟီးး...။
မိုးငွေ့
8 comments:
blackroze said...
မကြီးမိုးငွေ့ရေ...
မကြီးရဲ့..အချစ်တွေကိုလာဖတ်သွားတယ်နော်..
ပျော်စရာမိသားစုလေးပါဘဲ
မကြီးမိသားစုပုံလေးတင်ဦးလေ..
မကြီးချစ်ချစ်ရော..မကြီးသားသားလေးရော
ပါတဲ့ပုံလေးတင်...
ညီမတော့အဲလိုလေးရေးနိုင်အောင်
ကြိုးစားနေတယ်..ဟီးးဟီးးးး
ချော(အစိမ်းရောင်လွင်ပြင်) said...
ကြည်နူးစရာပါဘဲ
ဘ၀တွေဟာ အကြိုက်ချင်းထပ်တူမကျတောင် အချစ်ခြင်းကာရံညီနေကြရင် အရာရာ အဆင်ပြေချောမွေ့နေမှာပါဘဲ
အင်း ဟုတ်ပ
သူများတွေရေးတာ အားကျလိုက်ပါဘိး)
ရေးစရာ အမြန်ရှာမှ
နှင်းပွင့်ဖြူ said...
အားကျလိုက်တာနော်...
လာရောက်အားပေးသွားပါတယ်.. :)
သိင်္ဂါကျော် said...
အားကျတယ်..
ဒါမျိုးကျတော့ ညတွင်းချင်း ရေးချင်တာပေါ့နော...
ညလင်းအိမ် said...
တက်ဂ်ပို့စ်ကော ဟုတ်ရဲ့လား ...
ဘယ်ထဲက ရေးချင်နေမှန်း မသိဘူး ... :)))
ချစ်ကြည်အေး said...
အဲဒီစာသားလေး သဘောကျတယ် ညီမ မိုးငွေ့ရေ...
ဘာသာမတူတာဟာ အချစ်မှာ အတားအဆီး မဟုတ်တော့ဘူးနော် ညီမ...
အချစ်နဲ့ နားလည်မှုသာ အရေးကြီးဆုံးပါလေ....
ခရီးသွားနေတာမို့ နောက်ကျသွားတယ် ညီမရေ....
Cameron said...
ကျေးဇူးပါ အမချစ်...အမချစ်သာ တဂ်မလုပ်ရင် ဒီပို့စ်လေးရေးဖြစ်မယ်မထင်ဘူး...။ ပြီးတော့ ခရီးရောက်မစိုက်လာပြီးအပြေးလွှားဖတ်သွားပုံရတယ်..အားနာစရာ...။
ခင်စွာဖြင့်
မိုးငွေ့
အင်ကြင်းသန့် said...
အစ်မမိုးငွေ့ရေ....
တက်ဂ်ပိုစ့်လေး လာဖတ်တယ်။ ကြည်နူးစရာမိသားစုလေးပဲနော်။
အဲဒီစကားလေးကို တော်တော်လေးသဘောကျသွားတယ်။
ဒီဇစ်လေးထာဝရခိုင်ခိုင်မြဲနိုင်ပါစေ....:)
ခင်မင်စွာဖြင့်
ဂျင်း