တဂ်ပို့စ်မရေးရတာကြာပါပြီကောလား....။ အရင်ချိန်ခါတုန်းက မသက်ဝေတဂ်တဲ့ပို့စ်တွေကို ဘလော့ဂ်ဂါတွေ တပျော်တပါးကြီး လိုက်ရေးကြတာကိုလွမ်းမိပါရဲ့...။ ခုပို့စ်ကို မနော်(မနောဟရီ)က မသက်ဝေကိုတဂ်ထားတဲ့ပို့စ်လေး...။ မသက်ဝေက ဘလော့ဂ်ဂါတိုင်းအတွက် တဂ်ပို့စ်ပါဆိုတော့ ကိုယ်လည်း အားရ၀မ်းသာစွာနဲ့ရေးတော့တာပဲ...။ တကယ့်မူလရင်းမြစ်က မခဥမဆီကလာတာ ဖြစ်ပါလိမ့်မယ်.....။ ဘာလို့လဲဆိုတော့ မနေ့တုန်းကမှ ခုတလော(ကိုယ့်ဘာသာကိုယ်တဂ်သည်) ဆိုတဲ့ ခင်ရဲ့ပို့စ်ကိုသွား ဖတ်လာခဲ့ရတာကိုး...။ ဒီနေ့တော့ ကိုယ့်ဘလော့ရိုးလ်မှာ မသက်ဝေ နဲ့ မအိန္ဒြာ တို့ရေးထားတာတက်လာတယ်....။ ဖဘမှာလဲ မကေသွယ်နှုတ်စ်ရေးထားတာတွေ့လိုက်တယ်...။ မသက်ဝေဆီက မေးခွန်းလေးတွေကိုပဲ ပြန်ကူးပြီး ဖြေထားတာပါ...။
တွေးနေမိတာက -
(၁)ဘယ်တော့လောက်မှ မုန့်ဖုတ်ခြင်းအလုပ်ကိုစတင်ရမလဲလို့...(ပစ္စည်း ကိရိယာသံဇာပလာတွေကို ၀ယ်စုဆောင်းနေတာ ခုထိမပြည့်စုံသေးဘူး)
(၂)Small Business လေးတစ်ခုလောက်ဘာလုပ်ရင်ကောင်းမလဲလို့ (ဥပမာ မုန့်ဆိုင် အလှပြုပြင်ဆိုင်,
ဒေါ်စောယုနွယ်ကတော့ ဟောထားတယ် ညည်းကိုယ်ပိုင်နာမည်နဲ့မုန့်လုပ်ရင် အောင်မြင်မယ်တဲ့...ဟိ ခုထိတော့ မုန့်တွေကအကောင်းတိုင်းမဖြစ်သေး ပျက်နေတာချည်းပဲ)
ကိုယ့်ကိုယ်ကိုပြန်ဆင်ခြင်မိတာက -
ကိုယ်အသက်ကြီးပြီ.... လုပ်ချင်ဖြစ်ချင်တာဘာမှရေရာရာရာမလုပ်ဖြစ်သေးဘူး
ကျန်းမာရေး -
ဒီလိုပဲအကောင်းဆုံးဖြစ်အောင် ဂရုစိုက်ရတာပဲ ဘာမှကြီးကြီးမားမားတွေမဖြစ်ချင်ဘူး မခံစားချင်ဘူး...ခုခေတ်ကသိတယ်မှုတ်လား...ဆရာဝန်တွေရဲ့အစမ်းသပ်ခံဖြစ်ရမှာတော့ ကြောက်တယ်
ဖတ်ဖြစ်တဲ့စာအုပ်တွေက -
Real Life Real Story ဆိုတဲ့ တစ်နှစ်မှာ ခြောက်အုပ်ပဲထွက်တဲ့ မဂ္ဂဇင်းဖတ်ဖြစ်တယ်...
မွေးနေ့တုန်းက ကိုယ့်မိတ်ဆွေလည်းဟုတ် ကိုယ့်အလုပ်မှာလဲ လင့်ခ်ရှိတဲ့ ကိုယ့်ဘလော့စာဖတ်သူလဲဖြစ်တဲ့ အစ်မတစ်ယောက်ဆီက လက်ဆောင်ရထားတဲ့ ခင်နှင်းယုရဲ့ မဂ္ဂဇင်းဝတ္ထုရှည်စာအုပ်ကိုဖတ်နေတယ် မပြီးသေးဘူး.. တော်တော်ကောင်းတယ်...။
ရောက်ဖြစ်နေတာက -
ဘယ်မှသိပ်မရောက်ဖြစ် မွေးနေ့တောင် ဘုရားမရောက်ဖြစ်တာလေ...ပိတ်ရက်နှစ်ရက်ဆက်တာရှိတယ် သွားချင်တဲ့နေရာကတော့စုံနေတာ...
နားထောင်ဖြစ်နေတာက -
ချမ်းချမ်းဆိုထားတဲ့ “အိန်ဂျယ်တွေစောင့်ရှောက်တဲ့အချစ်”
ရွတ်နေဖြစ်တဲ့ကဗျာက -
စာရေးဖြစ်နေပေမယ့် ကဗျာကတော့ ကိုယ်နဲ့ဝေးပါတယ်...
ဖြစ်ချင်နေတာက -
ပန်းကလေးတစ်ပွင့်ဖြစ်ချင်မိတာပါပဲ....
စားဖြစ်နေတတ်တာက -
ပိန္နဲသီးဟင်း ညောင်ချဉ်ဖူး စွယ်တော်ရွက် ခေါပုတ် (ရှမ်းပြည်ကအစားတွေကို သံဈေးထဲလျှောက်ဝယ်ပြီး စားဖြစ်နေတယ်)
ဟိုတလောက လက်ဆောင်ရထားတဲ့ မွှေးပြီး ဆိမ့်သက်နေတဲ့ ကော်ဖီ
သနားနေမိတာက -
အသက်အရွယ်ကြီးရင့်လာပေမယ့် (တချို့ဆိုနောက်ဆုံးအချိန်ရောက်တဲ့အထိ) ကိုယ်ကိုယ်ကို ရှာဖွေမတွေ့တဲ့သူတွေ
လွမ်းနေမိတာက -
ပြောနေစရာလိုသေးလားကွယ်....း)
မေ့လျော့ပစ်နေရတာက -
စကားပြောရင် “ဒုက္ခပဲ”လို့ ထည့်မပြောမိအောင်
ခါးသက်နေမိတာက -
ကိုယ်ကိုယ်ကိုပဲထင်တယ် တွေဝေလွန်းလို့ မပြတ်သားလွန်းလို့လေ...
တမ်းတနေမိတာက -
အမြဲတမ်းစိတ်ချမ်းသာ ကြည်လင်လန်းဆန်းနေဖို့ကိုပဲ....
ကြိတ်ပြီးချီးကျူးနေမိတာက -
ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ကို စိတ်ရောကိုယ်ပါ ပင်ပင်ပန်းပန်း တကုပ်ကုပ်ကြိုးစားလုပ်နေတဲ့ကိုယ်နဲ့မွေးနေ့တူတဲ့ အချစ်ဆုံးညီမလေးတစ်ယောက်ကိုပဲ...
ကြိတ်ပြီးအထင်သေးနေမိတာက -
မရှိဘူးထင်တာပဲ...လူတိုင်းမှာ အကောင်းဆုံးအရည်အချင်းကိုယ်ဆီရှိကြတာပဲ
ဆန္ဒမရှိတဲ့နေရာ -
လူအုပ်ကြီးကိုကြောက်တယ် အသက်ရှူကြပ်လို့ (လာမယ့် 23 th March လေးဖြူ +++ ဆီးဂိမ်းရံပုံငွေရှိုးကိုသွားကြည့်ချင်တာ ခုံနဲ့ဘာနဲ့ဆို သွားမယ်စိတ်ကူးမိတယ် ခုတော့ မတ်တပ်တဲ့)
ဆန္ဒရှိနေတဲ့ကိစ္စ -
အကောင်အထည်ဖော်ဖို့ အချိန်+ငွေ++
မုန်းတီးနေမိတာက -
လူဖြစ်ရတဲ့ဒုက္ခ
ချစ်နေတာက -
မနှစ်ကတည်းက လက်ဆောင်ရထားတဲ့ ကြောင်ရုပ်သော့တွဲလေး (ဟိုတလောက အံဆွဲသော့ခတ်ပြီး အိတ်ထဲပြန်အထည့်မှာ အိတ်ထဲမရောက်ဘဲ ကွန်ပြူတာစားပွဲလေးအောက်ကျသွားလို့ ကိုယ့်မှာ နှစ်ရက်လောက် အိမ်မှာရော အိတ်တွေအကုန်လုံးထဲမှာပါ ရှာလိုက်ရတာ)
စိတ်ပျက်နေမိတာက -
ဟန်ဆောင်မှုတွေ...အပိုစကားတွေ...
စွဲလန်းနေမိတာက -
ရေပြင်လှိုင်းလုံးကြီးပေါ်မှာ ပက်လက်ကလေးနဲ့ ကောင်းကင်ကိုမျက်နှာမော့ပြီး နေ၀င်ချိန်ကို လိမ္မော်ရောင်နေလုံးကြီးနဲ့အတူ လိုက်ပါစီးမျောရတဲ့အချိန်
လိုအပ်နေတာက -
ကိုက်နေတဲ့ခေါင်းကို အသာအယာ shampoo လုပ်ပြီး နှိပ်နယ်ပေးမယ့်သူ (ဆိုင်မသွားချင်ဘူး ပျင်းတယ်)
ရောက်နေတဲ့နေရာက -
ခုထက်ထိ နေရာမှာရပ်နေတုန်းပဲလေ..
နက်နက်နဲနဲပြန်စဉ်းစားနေမိတာက -
ကိုယ့်ကိုယ်ကို အချိန်တွေဖြုန်းတီးနေတယ်လို့...
နိဂုံးချူပ်လိုက်တော့ -
တဂ်ပို့မရေးဖြစ်တာကြာလို့ ခုလို မမသက်ဝေနဲ့မနော် တဂ်လာတာကို ရေးရတာ ပျော်နေတယ်...း)
ချစ်ခင်ရပါသော ဘလော့ဂ်ဂါ အစ်ကိုကြီး အစ်မကြီး မောင်ငယ် ညီမငယ်များလည်း ဆန္ဒရှိရင် ရေးပေးကြပါလို့.....။
မေတ္တာအားဖြင့်
မိုးငွေ့
10 comments:
အရင်တုန်းက အဲဒီခေါင်းစဉ်လေး
ဖတ်ရတော့ ရေးချင်တယ်..
ဒါပေမဲ့ဘယ်ကနေ
ဘယ်လိုစရေးရမယ်ဆိုတာလည်း
မသိပြန်ဘူး
ခုတော့မကြီးစီကနေဘဲ ခေါင်းစဉ်တွေ ကူးပြီး
ရေးလိုက်တော့မယ်...
ညီမငယ် ဖြစ်ချင်တဲ့ ပန်းကလေး တပွင့်ဟာ ဘာပန်းကလေးများပါလိမ့်... နှင်းဆီပန်း ဖြူဖြူလေး တပွင့်များလားလို့ တွေးနေမိတယ်...
Tag Post လေး ရေးဖြစ်တာ ကျေးဇူး ညီမ... ဖတ်ရတာ ပျော်တယ်... <3
စွဲလန်းနေမိတာက -
ရေပြင်လှိုင်းလုံးကြီးပေါ်မှာ ပက်လက်ကလေးနဲ့ ကောင်းကင်ကိုမျက်နှာမော့ပြီး နေ၀င်ချိန်ကို လိမ္မော်ရောင်နေလုံးကြီးနဲ့အတူ လိုက်ပါစီးမျောရတဲ့အချိန်
မုန်းတီးနေမိတာက -
လူဖြစ်ရတဲ့ဒုက္ခ
ဖြေထားလိုက်တာ ချစ်စရာ..။ သဘောကျတယ်...။
သတိတရ Tagထားတာ ကျေးဇူးတင်ပါရဲ့ ညီမရယ်။ လောလောဆည်တော့ တက်စာတွေစားပြီး နတ်ပြည်ရောက်အောင် တက်နေလို့ တက်စရာလေးတွေ မဖြေနိုင်သေးတာ နားလည်ပေးနော် ညီမလေး..။
ဒီကနေ့ ဖဘမှာ မိုးငွေ့လင့်ခ်လေးကို မြင်မှ သတိရသွားတယ်... ညက ဖတ်ပြီး ကွန်မန့်ရေးမယ်လုပ်တုန်း မီးပျက်သွားလို့ မီးပြန်လာတဲ့အချိန်ကျတော့ တစ်ခြားအလုပ်တစ်ခုလုပ်နေတော့ မေ့သွားရော..း)
မသက် ပစ်ပစ်နဲ့ မိုးငွေ့တို့ရဲ့ တဂ်ပို့စ်လေးကို မနေ့ကဖတ်သွားတာ ခရီးကပြန်ရောက်ရင် ရေးပေးမယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ညီမရဲ့ အခုတလော တဂ်ပိုစ့်လေးလာရောက်ဖတ်ခဲ့ပါတယ်နော်
စားဖြစ်နေတတ်တာက -
ပိန္နဲသီးဟင်း ညောင်ချဉ်ဖူး စွယ်တော်ရွက် ခေါပုတ် (ရှမ်းပြည်ကအစားတွေကို သံဈေးထဲလျှောက်ဝယ်ပြီး စားဖြစ်နေတယ်)
သွားရည်ကျသွားတယ် ညီမမိုး..၊း) သံဈေးကြီးတစ်ခုလုံးကို သွားလေရာ သယ်သွားလို့ရရင် ကောင်းမယ်...။
မကြီးမိုးငွေ့..
ကော်ဖီလေးသောက်ရင်းပြောသွားတယ်.
“ကောင်းတယ်..” :D
ဖြစ်ချင်တာတွေ ၊စိတ်ထဲရှိတာတွေ
အမြန်ဆုံးအကောင်ထည်ဖော်နိုင်ပါစေ..း)
မမရဲ့ တဂ်ပိုစ့်လေးကို လာဖတ်ပြီး ရေးချင်တယ်တွေးတုန်း ... မပစ်ကပါ ရေးလိုက်တော့ ညလေးလည်း ရေးတော့မယ် ... :)
တဂ်စ်ပို့စ်လေး လာရောက်ဖတ်ရှု့သွားပါတယ် အမမိုးငွေ့ :)
ကိတ်မုန့်ဆိုင်ဖွင့်ပါ မမိုးငွေ့။ လာအားပေးမယ်။
မုန့်ဖုတ်တာနဲ့ပတ်သက်ပြီးဘာပစ္စည်းတွေလိုချင်သေးတာလဲ ၊ ဒီမှာရှိရင် ဝယ်လာပေးပါ့မယ်။ လိုအပ်ရင်ပြောပါကွယ်။ ရှာပေးပါ့မယ်။
Post a Comment