ပြီးခဲ့တဲ့ပတ် ပိတ်ရက်က အိမ်မှာလုပ်စားဖြစ်ခဲ့တဲ့ ဗီယက်နမ်ကော်ပြန့်ကြော်ကို ဘလောဂ်မောင်နှမတွေအတွက် ရေးချင်ပါတယ်...။ တခြားနိုင်ငံရပ်ခြားရောက်သူတွေလည်း အားလပ်ရက်တွေမှာ လွယ်လွယ်ကူကူ လုပ်စားနိုင်ပါတယ်...။ လိုအပ်တာတွေက နုတ်နုတ်စင်းထားတဲ့ ၀က်သား(သို့) ကြက်သား၊ ပဲပင်ပေါက်၊ ပဲကြာဇံ၊ ကြွက်နားရွက်မှို၊ ကြက်ဥ၊ ဆလပ်ရွက် ။ အဓိက အရသာအတွက်ကတော့ ငရုတ်ကောင်းပါပဲ...။ ဗီယက်နမ်စာတွေမှာ ငရုတ်ကောင်းနဲ့ ငါးငံပြာရည်တွေဟာ မပါမဖြစ်တဲ့ ဟင်းခတ်တွေပါ...။ ပြီးတော့ ကမ္ဘာမှာ ငရုတ်ကောင်းအများဆုံးထွက်တဲ့ နိုင်ငံလည်းဖြစ်ပါတယ်...။
ဒီကော်ပြန့်ကြော်ကို ကျမအဘိုးဆီကသင်ထားတာပါ...။ အစာတွေကိုဆလုံတစ်ခုမှာ အကုန်ရောနယ်ပြီး ကြက်ဥကို များများထည့်နိုင်ရင်ပိုကောင်းပါတယ်...။ အသား 1kg ဆိုရင် ကြက်ဥ ငါးလုံးထက်မနည်းထည့်ပါ..။ဒါမှ ကော်ပြန့်ကြော်ပြီးတဲ့အခါ အထဲကအသားတွေက ကျစ်ကျစ်ကလေးဖြစ်ပြီး စားရတာနူးညံ့ပြီး ပိုအရသာရှိပါတယ်...။ အစာတွေအကုန်ရောထားပြီးရင် ငရုတ်ကောင်း (အစေ့လိုက်လှော်ပြီး ထောင်းထည့်နိုင်ရင် ပိုကောင်းပါတယ်...။ မရှိရင်လည်း နီးစပ်ရာ စူပါမားကက်က ငရုတ်ကောင်းဗူး( black pepper )တွေကိုဝယ်နိုင်ပါတယ်...)၊ ဟင်းခတ်မှုန့်ထည့်ပြီး သမအောင်နယ်လိုက်ပြီးရင် ကော်ပြန့်ရွက်မှာ ထည့်ပြီးလိတ်နိုင်ပါပြီ...။ ကော်ပြန့်အရွက်တောင် ဗီယက်နမ်ကော်ပြန့်ရွက်အစစ်က ပလပ်စတစ်လိုပဲ ကြည်ကြည်နဲ့ လိတ်ခါနီးရေဆွတ်ပေးရပါတယ်...။ ဒီမှာတော့ ကျမက သံဈေးမှာပဲ တရုတ်ကော်ပြန့်ရွက်အပျော့ကိုဝယ်သုံးပါတယ်...။
ကြော်တဲ့အခါမှာ အသားတွေက အစိမ်းဖြစ်တဲ့အတွက် ဆီပူလာရင် မီးအေးအေးနဲ့ စိတ်ရှည်ရှည်ကြော်ရပါမယ်...။ ဒါမှ အထဲက အသားလည်းကျက် အပြင်ကကော်ပြန့်လည်းအတူးတော့ဘူးပေါ့။ ရွှေနီရောင်သန်းလာရင် ဇကာမှာဆယ်ပြီးစစ်ထားလိုက်ပါ...။ သူနဲ့စားရမယ့်အချဉ်ကတော့ ကြက်သွန်ဖြူကို ဓါးပြားရိုက်ပြီးစင်းထား၊ ငရုတ်သီးပါးပါးလှီးထားပြီးရင် ငါးငံပြာရည်၊သကြား၊သံပုရာသီးညှစ်ပြီး နံနံပင် နည်းနည်းထည့်ပါ..။
စားတဲ့အခါမှာ နည်းရှိပါတယ် ဆလပ်ရွက်တစ်ရွက်ကိုယူ ညှပ်ထားတဲ့ကော်ပြန့်ကိုထည့် အချဉ်ရည်ဆမ်းပြီး ဆလပ်ရွက်ကို ထုတ်လိုက်ပြီးရင် အရသာရှိရှိစားသုံးနိုင်ပါပြီ...။ ကိုးရီးယားကားမှာ ဆလပ်ရွက်နဲ့စားတဲ့ ဟင်းတွေကို တွေ့ဖူးကြမှာပါ..။ အဲဒီလိုပဲ စားရတာ...။ ပါးစပ်ကို ခပ်ကျယ်ကျယ်ဟပြီးစားရမှာမို့ ကိုယ့်ရည်းစားကို အိမ်မှာလက်စွမ်းပြပြီးကြွေးချင်သူများအတွက်တော့ အခက်တွေ့လိမ့်မယ်နော်...။ ဒါပေမယ့် လုပ်စားကြည့်ပါ...။ သိပ်ကိုအရသာကောင်းပါတယ်...။
ကဲ ...ညီမလေး ချောငယ် (၀က်ကလေး) တောင်းဆိုထားတဲ့ ဗီယက်နမ်ကော်ပြန့်ကြော်ကို အစ်မရေးပေးလိုက်ပြီနော်...။
မိုးငွေ့ရေးသားသည်
ကဲ ...ညီမလေး ချောငယ် (၀က်ကလေး) တောင်းဆိုထားတဲ့ ဗီယက်နမ်ကော်ပြန့်ကြော်ကို အစ်မရေးပေးလိုက်ပြီနော်...။
မိုးငွေ့ရေးသားသည်
3 comments:
ထပ်ပြီးကြော်ကျွေးအုံး.. ဟိုတစ်ခေါက်က စားတာ စားလို့ ၀ဘူး..အဟဲ
အချဉ်ရည်က အဲ့လို ဟုတ်ဘူးထင်တယ်.. သူတို့စားတာက မှုန်လာဥ အနီနဲ့ အဖြူ အမျှင်လေးတွေထည့်ထားတဲ့ အချဉ်ရည်.. အဲ့ဒီ အချဉ်ရည်လေးနဲ့က တော်တော်ကို ကောင်းတာ...
သတ်သတ်လွတ် ကော်ပြန့်ကို ကြည့်ရင်း အသားနဲ့ကိုပါ တစ်ခါတည်း ကြည့်သွားတယ်။ ပိတ်ရက် လုပ်စားရမလားလို့..။
ကျေးဇူးနော်။
Post a Comment