နှစ်စပိုင်း ဖေဖော်ဝါရီလမှာ တင်ထားတဲ့ Give Away for my beloved readers ပို့စ်မှာ လက်ဆောင်ပေးရမယ့် စာဖတ်သူ US ကအစ်မတစ်ယောက် စလုံးက ညီမလေးတစ်ယောက်နဲ့ NPD ကညီမတစ်ယောက်ကို The Guys of Rangoon နဲ့ Guys From Mandalay စာအုပ်နှစ်အုပ်ကို ခုမှပို့ဖြစ်သွားတယ် ကြားထဲမှာ အင်းဝက စာအုပ်ကုန်သွားလို့ ပြန်မရိုက်ရသေးတာနဲ့ အခြေအနေအရပ်ရပ်ကြောင့် လတွေအများကြီးကြာသွားခဲ့တယ်...။ ဒါနဲ့ September ထဲမှာ သုံးနေရာစလုံးကို ပို့တာ အောင်မြင်သွားခဲ့တယ်....။ ကျေးဇူးတင်ပါတယ် စာလာဖတ်တဲ့ အစ်မတွေ ညီမတွေ အစ်ကိုတွေ မောင်တွေ အားလုံးကို.....။ သူတို့တွေအတွက် ကျွန်မရဲ့ Reflection တစ်ခု....။
ကျွန်မလက်ရှိကိုင်နေတဲ့ ခေါက်ထီးလေးအကြောင်းပြောပြဦးမယ် .....။ ဒီခေါက်ထီးကို လက်ဆောင်ရထားတာ သုံးနှစ်လောက်ရှိပြီ.....။ ဆေးကုမ္ပဏီတစ်ခုကလက်ဆောင်ရတဲ့ထီးပါ အပြင်မှာဘယ်နေရာမှာမှဝယ်လို့မရတဲ့ Limited Edition အရည်အသွေးကောင်းတယ် သုံးမိုးရှိပြီ သုံးနေတာ အထဲက ထီးရိုးတံတွေက ဘာမှမဖြစ်ဘူး ခလုတ်နဲ့ဖွင့်ရတဲ့ထီးမို့ ဆောင်းရတာအဆင်ပြေတယ်....။ ကျစ်လစ်ခိုင်ခန့်မှုရှိတယ် အရွယ်အစားကလဲ အနေတော်ပဲ သိပ်မသေးလွန်း မကြီးလွန်းဘူး....။ တစ်နေ့မှာ ကျွန်မအိမ်ကထွက်တော့ မိုးရွာလို့ အဲထီးထုတ်ဆောင်းရတယ်....။ ကျွန်မတို့နေတဲ့ တာဝါရဲ့ ဘေးကပ်ရပ်က Tower A ဖက်မှာ ညီမဝမ်းကွဲနှစ်ယောက်ရဲ့အခန်းတွေကို တစ်ပတ်တစ်ခါ နှစ်ပတ်တစ်ခါ သွားကြည့်ပေးရတယ် သူတို့ကစလုံးရောက်နေကြတော့ ကျွန်မကို သော့အပ်ထားကြတယ်....။ ပထမအခန်းသွားစစ်တော့ ထီးကိုကျန်ခဲ့မှာစိုးလို့ မှတ်မှတ်ရရ အဲအခန်းရဲ့ ထမင်းစားပွဲပေါ်ကိုတောင်မတင်ဘဲ ကိုင်ထားခဲ့တယ်....။ ပထမတော့ စားပွဲပေါ်တင်မလို့ ပြန်ထွက်ရင်မေ့ကျန်ခဲ့မှာစိုးတယ်ဆိုတဲ့ သတိနဲ့ကိုင်ထားခဲ့တာ.....။ နောက်တစ်ခန်းရဲ့တံခါးသွားဖွင့်တော့ ပုံမှာပါတဲ့အတိုင်း အခန်းအဝင်ဝ ဖိနပ်စင်မှာ ကျွန်မတင်ထားပြီး မေ့ကျန်ခဲ့တဲ့ ခေါက်ထီးလေးကိုပြန်တွေ့ရတော့ ကိုယ့်ကိုယ်ကို အံ့အားသင့်ခဲ့ရတယ်........။
နောက်နေ့တွေကျ ထီးပျောက်လို့လိုက်ရှာတာ နှစ်ပတ်လောက်ကြာတယ်.....။ အဲအခန်းထဲဝင်စစ်ခဲ့တာကို လုံးဝမေ့သွားခဲ့တယ် ပထမခန်းကိုသွားပြန်ကြည့်သေးတယ်....။ ဒုတိယအခန်းက တစ်လနေမှတစ်ခါစစ်တော့ သူ့ကိုမေ့သွားတယ်...။ ကိုယ်ထိုင်တဲ့ရုံးခန်း Showroom ကားထဲ ရှာတာ ရှာတာ အော် ဉစ္စာပျောက်ငရဲရောက်ဆိုတဲ့အတိုင်းပဲ ဟိုထင်ဒီထင် ဈေးဝယ်ရင်းပဲကျန်ခဲ့တာလားနဲ့ အတွေးတွေများပြီး နောက်ဆုံးစိတ်လျှော့လိုက်တယ်...။ ကျွန်မက တော်ရုံပစ္စည်းလောက်ကို အဲလောက်အစွဲလန်းမထားဘူး ခုထီးလေးက ရှားပါးလေးမို့ Soul Mate ကပေးထားတာမို့ နှမြောနေမိတယ်....။ နှစ်ပတ်ကျော် မေ့လိုက်ပြီးတော့မှ တစ်ညမှာ ဘုရားရှိခိုးပြီး တရားထိုင်မှာစလုပ်တော့ အာရုံထဲအဲဒီအခန်းလေးဖျတ်ခနဲပေါ်လာတယ်...။ ကာတွန်းတွေထဲမှာရေးသလို အတွေးထဲ မီးသီးလေးလင်းသွားတယ်....။ နောက်နေ့သွားကြည့်တော့ ခေါက်ထီးလေးကို ဖိနပ်စင်လေးမှာပြန်တွေ့တယ်....။

ကျွန်မသောက်နေကျ အုန်းသီးဂျယ်လီဖတ်လေးတွေပါတဲ့ VeVe မဟုတ်တဲ့ တခြားတံဆိပ် အုန်းရေဘူးလေးရှိတယ် ....။ ကျွန်မတို့တိုက်ရှေ့က စတိုးဆိုင်လေးမှာရောင်းတယ် တစ်ကပ်ကို ၃၅၀၀/-....။ အဲလိုပဲ ကိုယ်ကြိုက်ပြီဆိုတဲ့ ပစ္စည်းတွေက ဝယ်တော့မယ်ဆို ပြတ်ပြီ....။ အဲဒါနဲ့သောက်ချင်နေပေမယ့် မရှိလို့ မသောက်ရဘူး....။ မရှိလဲမသောက်ဘူး ရှိရင်ဝယ်သောက်မယ် ဆန္ဒ အာသီသက ပြင်းပြတယ်လည်းမဟုတ်ဘူး.....။ ဒါပေမယ့် နောက်တစ်ရက်နှစ်ရက်နေတော့ ရေခဲသေတ္တာထဲ အုန်းရေပုလင်းလေးနှစ်လုံးတွေ့လိုက်တယ်....။ ကျွန်မမောင်လေးက ကျွန်မအတွက်ဝယ်ထည့်ထားပေးတာ....။ ဖဘမှာလည်း ကျွန်မတို့ မြို့နယ် Group အဖွဲ့ရှိတယ်...။ အဲမှာ ဈေးရောင်းတဲ့သူတွေ စားစရာရောင်းတဲ့သူတွေအများကြီးပဲ....။ မီတာရုံးရှေ့မှာ ရောင်းနေကျ စမူစာသုပ်သည် နေ့လည်၂နာရီကစပြီး ဖုန်းနဲ့မှာစားနိုင်ပါပြီ အိမ်တိုင်ရာရောက်ပို့ပေးပါတယ်တဲ့....။ အဲဒါလေးစားချင်လိုက်တာလို့ စိတ်ကဖြစ်မိတယ် တစ်ရက်လောက်မှာစားဦးမယ်လို့တေးထားပြီး မမှာဖြစ်ဘူး....။ အဲလိုစိတ်ထဲဖြစ်ပြီး တစ်ပတ်လောက်ကျတော့ ကျွန်မမောင်လေးကညနေအလုပ်ကပြန်လာလို့ သူဖြတ်လာတဲ့လမ်းမှာ လူကြိတ်ကြိတ်တိုးဝယ်နေကြလို့ ကောင်းမယ်ထင်ပြီး ကျွန်မအတွက် စမူဆာသုပ်တစ်ပွဲဝယ်လာပေးတယ် ပဲရည်လေးနဲ့....။ အဲလိုကိုယ်တောင်းတမိတာလေးတွေ ရက်ပိုင်းမှာဆန္ဒပြည့်လာတတ်တာကို သတိထားမိတယ်...။
မေတ္တာတရားဟာ တန်ခိုးရှင်လိုပါပဲလားလို့ အောက်မေ့မိတယ်....။ အရင်ကတော့တွေးမိတာ ငါလုပ်ပေးသလောက်ပြန်မရဘူး ရောင်ပြန်ဟတ်တယ်ဆိုတာ တကယ်မရှိဘူးလို့ထင်ထားခဲ့တာ....။ တကယ်တော့ ကိုယ်ဘာလုပ်လုပ် တစ်ခုခုပြန်ရရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့လုပ်တာထက် စိတ်စေတနာအပြည့်အဝနဲ့လုပ်တဲ့အလုပ်မှန်သမျှဟာ ကိုယ်ဆီ Reflection ပြန်လာတယ်ဆိုတာကို ခုချိန်မှသေချာ ဦးနှောက်နဲ့ နှလုံးသားနဲ့ချိတ်ဆက်ပြီး ခန္ဓာသိနဲ့သိသွားခဲ့တာ....။ တခြားအရာကိုခဏထားဦး ကိုယ့်ခန္ဓာကိုယ်ကိုပဲ ခေါင်းစခြေဆုံး သတိလေးနဲ့သိအောင်နေကြည့်ကြည့် ထူးခြားတာတွေကို တစ်ခုမဟုတ်တစ်ခုတွေ့ရတတ်တယ်...။ Miracle ဆိုတာတကယ်ရှိတယ်ဆိုတာ ပိုသတိထားမိလာတယ်....။
တလောက တရားထိုင်ရင်း မမဝသုန်ကို ဆံထုံးမှာ တရုတ်စကားပန်းအနီရောင်လေးတစ်ပွင့်ပန်ထားတာမြင်လိုက်တယ်....။ ကျွန်မ အရေးကြီးတဲ့သူတွေ တစ်ယောက်ချင်းဆီကို တရားထိုင်ပြီး မေတ္တာလှိုင်းပို့တဲ့အလုပ်ကို ဒီဝါတွင်းမှာစလုပ်ခဲ့တာ အရင်ပို့စ်တွေမှာရေးဖူးခဲ့ပါတယ်....။ မမကို ပြန်ပြောပြတော့ သူတကယ်ပဲ စကားပန်းအနီလေးပန်ထားခဲ့တာတဲ့ စိတ်စွမ်းအင်တွေတော်တော်တက်နေပြီပဲလို့ ကျွန်မကိုသူပြောတယ်...။ တကယ်တော့ ကျွန်မက ခုမှ လမ်းအစကိုရှာနေတုန်း မူကြိုအဆင့်တောင်မရှိသေးပါဘူး....။ နောက်တစ်ရက် မမဝသုန်ကို အရင်မြင်နေကျ အပြုံးလှလှနဲ့ အနက်ရောင်ဇာလက်ပြတ်လေးဝတ်ထားတာတွေ့တယ်....။ ဇာပန်းအကွေးလေးမှာ ကတ္တီပါဖောင်းကြွလေးတောင်ပါတယ်လို့ အသေးစိပ်မြင်တယ်....။ မမကိုအဲလိုဝတ်ထားတာဟုတ်လားလို့ ကျွန်မ ခုထိမမေးကြည့်ရသေးဘူး....။ ဒီပုံရိပ်ကို တရားမထိုင်မီ ဘုရားစာရွတ်နေတုန်းမြင်လိုက်တာပါ...။ အပြုံးတွေကြည့်ရတာတော့ စိတ်ချမ်းသာစရာတစ်ခုခုကြုံရလို့ ဒီလိုနှစ်နှစ်ကာကာအပြုံးမျိုးကိုဖော်ပြတာလို့ ယူဆမိပါတယ်....။ ဘာပဲဖြစ်ဖြစ် ခက်ခဲတဲ့ စိတ်ဆင်းရဲစရာ ဒီလိုကာလမျိုးမှာ တစ်နေ့တာအတွက် အပြုံးတစ်ခုရဖို့ဆိုတာ လွယ်တာမဟုတ်ဘူး....။
ကျွန်မ တရားထိုင်တာ တစ်နေ့ကို ၁၅မိနစ်ပဲရတယ်....။ ဟိုတစ်လက ညာဖက်ပေါင် တင်ပါးဆုံအဆစ်နာတာ တင်ပလ္လင်ခွေထိုင်လို့မရဘူး အဲဒါနဲ့ လွန်ခဲ့သောနှစ်များက ဒူးနာဖူးလို့သောက်ခဲ့ရတဲ့ Mega ကထုတ်တဲ့ Joint Ace ဆေးတစ်ဘူးဝယ်သောက်ဖြစ်တယ် အလုံးသုံးဆယ်ပါတာ တစ်ရက်နှစ်လုံး ၁၅ရက်ဆက်တိုက်သောက်လိုက်တာ ခုလမ်းလျှောက်လဲမနာတော့ဘူး အဲမတိုင်ခင်က လမ်းလျှောက်ရင်ကြာကြာရပ်ရင်တောင်နာတာ...။ အဲဆေးသောက်ပြီးသွားတော့ မနာတော့ပေမယ့်လဲ တရားထိုင်ရင် အကြာကြီးမရတော့ဘူး.....။ လူဆိုတာ အို နာ သေ ဘေးမလွတ်ဘူးဆိုတာပဲ....။ တရားတွေရပြီးရင်းရ.....။ တရားစထိုင်ရင်ဘယ်လိုထိုင်ရတယ် ဘာတွေမှတ်ရတယ်ဆိုတဲ့ ပါချုပ်ဆရာတော်ကြီးရဲ့ နည်းလေး ပို့စ်တင်ပေးပါဦးမယ်.....။
______________________
Revolution will prevail
မိုးငွေ့
No comments:
Post a Comment