
"မိုးတွေရွာနေချိန်ခဏ" ထဲမှာ ကိုမျိုးကျော့ ဖန်တီးထားခဲ့တဲ့ "ဝတ်ရည်" ဟာ Piano သံစဉ်ထည့်ထားတဲ့ ကဗျာတစ်ပုဒ် သို့မဟုတ် ချစ်သူကောင်မလေးအကြောင်းကိုရေးထားတဲ့ အက်ဆေးတစ်ပုဒ်နဲ့တူတယ်.....။ "ဝတ်ရည်" လို့တစ်ခွန်းခေါ်ပြီး အပြီးသတ် အဆုံးပိုဒ်လေးမှာ မြူးဆစ်လေး ဝိုင်းဒိုင်းကြဲထွက်လာတာလေးလဲ သိပ်ကြိုက်တယ်...။
မသိဘူးကွယ်........ အိပ်မက်ဆန် ပုံပြင်ဆန်တာတွေကိုကြိုက်တတ်လို့လား.... ကိုမျိုးကျော့ သီချင်းတွေဆို အကုန်နီးပါးကြိုက်နေတော့လဲ.................... ။
🎵♬ နာမည်လေးကို ဘယ်သူ့မှမကြားအောင် ခေါ်နေမိတယ် တိုးတိုးလေး..........🎵♬ "ဝတ်ရည်"......🎵♬
တစ်ညမှာ အဲသီချင်းနားထောင်ရင်း ကိုမျိုးကျော့သီချင်းတွေကို စနားထောင်ဖူးခဲ့တဲ့ အချိန်တုန်းကအကြောင်းကို သတိရသွားမိတယ်....။ အဲတုန်းက ကျွန်မ တက္ကသိုလ်မတက်ခင်တစ်နှစ်အလို 1995 လောက်ဖြစ်မယ်...။ ကျွန်မက တရုတ်တန်းဖက်က အဒေါ်တို့မိသားစုနဲ့အတူနေကြတာ ....။ ကျွန်မနဲ့ဝမ်းကွဲညီအစ်မတွေက ကျွန်မတို့နေတဲ့အိမ်ရဲ့ မျက်နှာချင်းဆိုင်တိုက်က ကျွန်မထက်နှစ်နှစ်ကြီးတဲ့ အစ်မတစ်ယောက်နဲ့သိပ်ခင်ကြတယ်...။ အဲအစ်မက အဲချိန်တုန်းက တက္ကသိုလ်ကျောင်းသူ သူတို့အိမ်က ငါးဆီပေါင်းလုပ်တာ သူ့မှာအစ်ကိုသုံးယောက်ရှိတယ် သူကအငယ်ဆုံး သူဌေးသမီး အဲခေတ်တုန်းက ဟော့ရှော့ စတိုင်လ်မိမိုက် ကျောင်းတက်တော့လဲ ကိုယ်ပိုင်ကားမောင်းပြီးတက်တော့ ကျောင်းမှာရော လမ်းထဲမှာရော ပေါ်ပြူလာတွေဖြစ်....။ သူ့အစ်ကိုတွေကလဲ သုံးယောက်စလုံးချော ကိုယ်တွေက အဲအိမ်သွားရင်း ငမ်းရ.... ခုတော့လဲ အသက်ငါးဆယ်ကျော် ထိပ်ပြောင် ဗိုက်ရွှဲတွေဖြစ်ကုန်နေပါပြီ....။ ဇရာကိုဘယ်သူအန်တုနိုင်မလဲ....။ အဲအစ်မအိမ်က သုံးထပ်တိုက် သူကနှစ်ထပ်မှာအိပ်တယ် သူ့အိပ်ခန်းကို ကျွန်မတို့ခနခနရောက်ဖူးတယ် အိပ်ရာထဲမှာ အရုပ်တွေအပြည့်နဲ့အိပ်တာ မိချောင်းရုပ် ဖက်ခေါင်းအုံးတို့ ဝက်ဝံရုပ်ကြီးတွေတို့ မီးကီးမောက် မီးနီမောက်တို့ အစုံပါပဲ....။ ကိုယ်တွေက သူ့ကိုအားကျပေါ့ တစ်နေ့ကျရင် ငါ့အိပ်ရာလေးမှာလဲ အဲလိုအရုပ်တွေထားအိပ်မယ်လို့ စိတ်ကူးယဉ်လိုက်သေးတယ်....။ ပြောချင်တာက ကိုမျိုးကျော့ပထမဆုံးခွေအချောမထွက်ခင် New Year Night မှာ ခွေကြမ်းတွေကို အသိမိတ်ဆွေတချို့ဝေပေးခဲ့တယ်....။ ဒီမှာ အဲအစ်မက တစ်ခွေရလာတယ် သူ့ဆီကနေ ကျွန်မတို့က ပြန်ပွားပြီးနားထောင်ရတာ....။ အဲဒီတုန်းက ကျွန်မအမေ အဒေါ်တွေရဲ့သမီး စင်္ကာပူမှာ ကျောင်းတက်တော့ အုပ်ထိန်းသူသွားလုပ်ပေးရတာ ဆယ်နှစ်ကြာတယ် အမေက စလုံးကနေ ကျွန်မအတွက် Sony Walkman လေးဝယ်ပို့ပေးထားတာရှိတယ် အဲဒါလေးနဲ့ ကိုမျိုးကျော့ သီချင်းခွေလေးကို နားထောင်ခဲ့ရတာ... အမှတ်တရပါပဲ...။ အဲဒီအခွေကတော့ "မိုးတွေရွာနေချိန်ခဏ" ပဲဖြစ်ပါတယ်....။
စမီးရဲ့ အန်းတစ်ဝေါ့မန်းလေး
_____________________
Revolution will Prevail
မိုးငွေ့
No comments:
Post a Comment