Tuesday, 13 April 2021

မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် နှင့် အတာအိုး အကြောင်းသိကောင်းစရာ.....




 သင်္ကြန်ပုံပြင်

 တခါက သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ ( ၂ ) ယောက် စကားလက်ဆုံပြောကြရာ ‘ကဿပဘုရားရှင်လက်ထက် မတိုင်ခင်က လူ့ပြည်၌ တစ်ပတ်လျှင် ( ၈ ) ရက် ရှိခဲ့ပြီး ယခုအခါ ( ၇ ) ရက်သို့ ပြောင်းသွားပြီ ဖြစ်ကြောင်း’ သိကြားမင်းက ပြောလေရာ ဗြဟ္မာမင်းက မဖြစ်နိုင်ဘူး ဆိုကာ ငြင်းခုံကြပါတော့တယ်...။

 ထို့နောက် ရှူံးတဲ့သူ ခေါင်းဖြတ်ခံကြေးဟု သတ်မှတ်ကာ လူ့ပြည်သို့ဆင်းပြီး ထိုအချိန်က သီလ၊ သမာဓိနှင့် ပြည့်စုံသည့် ရသေ့ထံတွင် အဆုံးအဖြတ်ခံယူကြတော့တယ်။ အဘိဉာဏ်ရ ရသေ့က ယခုအခါတွင် လူ့ပြည်တွင် တနင်္ဂနွေအစ စနေအဆုံး ( ၇ ) ရက်သာ ရှိတော့သည်ဟု အဆုံးအဖြတ် ပေးခဲ့ပါတယ်။

 ဗြဟ္မာမင်းလည်း သူ့ကတိအတိုင်း သူ၏ဦးခေါင်းကို အဓိဋ္ဌာန်ဖြင့် ဖြတ်ပြီး သိကြားမင်းလက်သို့ ပေးအပ်လိုက်ပါတယ်။

 ထိုဗြဟ္မာဦးခေါင်းပြတ်ကြီး သိကြားမင်းလက်ထဲသို့ ရောက်သည့်အခါ ဒီဗြဟ္မာဦးခေါင်းပြတ်ကြီးကို မြေပေါ်ချထားလျှင် ၇-နှစ် ကမ္ဘာမီးလောင်ပြီး မိုးခေါင်လိမ့်မည်၊ ရေတွင်ထားပါကလည်း သမုဒ္ဒရာ ၇-စင်းမှရေများ ခန်းခြောက် သွားလိမ့်မည်လို့ သိကြားမင်းက စဉ်းစားမိသွားတယ်...။

 ဒါနဲ့ မြေမှာလည်း မထား၊ ရေသို့လည်း မပို့တော့ဘဲ နတ်သမီး ၇-ယောက်ကို တစ်ဦးလျှင် တစ်နှစ်စီ ဗြဟ္မာဦးခေါင်းကို ကိုင်ထားရန် တာဝန်ပေးလိုက်ပါတယ်...။

 ထိုနတ်သမီးတွေရဲ့ တစ်ဦးမှတစ်ဦးသို့ ဗြဟ္မာဦးခေါင်းကိုင်ရန် အလွှဲအပြောင်းကို သင်္ကန္တလို့ ခေါ်ပြီး ထိုမှရွေ့လျော ဆင်းသက်ကာ သင်္ကြန်ဆိုတာ ဖြစ်လာခြင်းလို့ ဆိုပါတယ်။  

မြန်မာပြည်မှာ တစ်နှစ်တစ်ခါထုတ်ဝေတဲ့ သင်္ကြန်စာများမှာလည်း ဗြဟ္မာမင်းကြီးရဲ့ဦးခေါင်းကို လွှဲပြောင်းပေးနေပုံကို ဖော်ပြလေ့ရှိတာ သတိပြုမိပါတယ်။

 ဘာပဲပြောပြော သင်္ကြန်ဆိုတာ ပြောင်းရွှေ့ခြင်း အဓိပ္ပာယ်လို့သာ လွယ်လွယ်မှတ်ယူနိုင်ပါတယ်...။


 သင်္ကြန်ချိန်ခါ ပြုဖွယ်ရာများ

 မဟာသင်္ကြန်နှင့် တွဲဖက်၍ အတာ၊ အတာစားဟူသော ဝေါဟာရ တို့ကို ပြောဆိုသုံးစွဲကြတာကို တွေ့ရပါတယ်။

 အတာ ဟူသည် လောကီအလို ဒဏ်သင့်ခြင်း ဖြစ်သည်။ တနည်းအားဖြင့် အန္တ-အဆုံးဟူသော ပါဠိပုဒ်မှ အတာ ဖြစ်လာသည် ဟုလည်း ကြံဆကြပါတယ် ။

 ယင်းအလိုအားဖြင့်အတာ ဟူသည် ‘နောက်ဆုံးကာလ၊ အကျပိုင်းကာလ’ကို ဆိုလိုပါတယ်...။

 အတာရက်ဆိုသည်မှာ သင်္ကြန်အတက်ရက် ဖြစ်၏။ နှစ်တစ်နှစ်၏ နောက်ဆုံးရက်ပင် ဖြစ်တယ် သင်္ကြန်အတက်ရက်နှင့် မွေးနေ့တိုက်ဆိုင်သူများသည် `` အတာသင့်  သူများ ဖြစ်လာပါတယ်။ ဒါကိုပင် အတာစားသည်ဟု ပြောဆိုသုံးစွဲ နေကြပါသေးတယ် ။

 အတာစားသည့် နေ့နံသားသမီး တို့သည် အတာတက်မည့်အချိန် အတိအကျတွင်  ``အတာစား ရပါတယ်

အတာစားဟူသည် အတာတက်ချိန်မှာ ကောင်းမွန်သန့်ရှင်းစွာ ဝတ်စားဆင်ယင်လျက် အရှေ့တောင်အရပ်သို့ မျက်နှာမူကာ ပူဇော် ရိုသေထိုက်သူများကို လှူဖွယ်ပစ္စည်းတို့ဖြင့် ဆက်ကပ်ခြင်း လှူဒါန်းပူဇော်ခြင်း ပြုကြရတယ်လို့ ဖော်ပြထားတာတွေတွေ့ရပါတယ် 

 အတာစားခြင်း၏ အကျိုးကား … အတာပုည၊ ကုသလကို၊ ပြုကြကုန်သော၊ အမျိုးသား အမျိုးသမီးတို့သည် “အတာကမ္မံ ကရောန္တဿ မဟာဘောဂံ မဟာသုခံ မဟပ္ဖလံ စတုဒ္ဒိသံ ဝေရီဇေယျသုမင်္ဂလံ”ဟု ရှေးပညာရှိတို့ ရေးဖွဲ့ခဲ့သည်နှင့်အညီ ထိုကဲ့သို့ ရတနာသုံးပါး စသည်တို့အား လှူဒါန်း ပူဇော်ကြသော သူတို့သည် ကောင်းကျိုးချမ်းသာ မင်္ဂလာတရား ပြန့်ပွားတိုးတက် ပြည့်စုံကုန်ရာသည် … ဟု မှတ်သားရဖူးပါတယ် ။

 အတာအိုးဆိုတာ သင်္ကြန်တွင်းမှာ သိကြားမင်းကလူ့ပြည်ကို ဆင်းလာတယ်လို့ အယူရှိတယ်။ အဲ့ဒီအချိန်မှာ သိကြားမင်းကို ကြိုကြလေ့ရှိပါတယ်...။

 အဲ့ဒီအချိန်အတွင်းမှာ မကောင်းမှု တတ်နိုင်သမျှမလုပ်ဘဲ ကောင်းမှုကုသိုလ်နဲ့ပဲမွေ့လျော် ကြပါတယ်။ ဒီလိုပါပဲ အတာအိုးနဲ့အတူ အတာပန်း ဆိုတာရှိတယ်။ အတာပန်းတွေကတော့ 


 တနင်္ဂနွေ - အုန်းရွက်၊ သြဇာရွက်

 တနင်္လာ - ကန့်ကော်ပန်း၊ ခရေ

 အင်္ဂၤါ - ဇီးရွက်

 ဗုဒ္ဓဟူး - ရွက်လှ၊ ရေတမာ

 ကြာသပတေး - မြေဇာ၊ မာလကာရွက်

 သောကြာ - သပြေပန်း

 စနေ - တမာရွက်၊ ဒန်းပန်း၊ အစရှိသဖြင့် နေ့ ၇ နေ့ကို ကိုယ်စားပြုတဲ့ ၇ နေ့နံပန်းနဲ့ပါ။


 တစ်ချို့ကလဲ ပတ်ဝန်းကျင်ကိုမူတည်ပီး ဒန်း၊ ဇီး၊ စသည်ဖြင့်ထည့်ကြပါတယ် 

 သင်္ကြန် ၄ရက်လုံး အတာအိုးနဲ့ကြိုပီး နှစ်ဆန်းတစ်ရက်နေ့ရောက်တော့ သဲဖြူ၊ ချည်ကြိုးတွေထပ်ဖြည့်ပီး အန္တရာယ်ကင်း ပရိတ်ရွတ်ကြတဲ့အခါ အတာအိုး နဲ့ အတာပန်း ကနေ ပရိတ်အိုး နဲ့ ပရိတ်ပန်း အဖြစ် အသွင်ကူးပြောင်းပီး မိမိတို့အိမ် ပတ်ပတ်လည်မှာ ပရိတ်ပန်း ပရိတ်သဲ တွေနဲ့ ကာရံပီး အန္တရာယ်ကင်းအောင် လုပ်တယ်လို့ အယူဓလေ့ရှိကြပါတယ်....။

Crd

နှစ်သစ်မှာ ကျန်းမာရွှင်လန်း ချမ်းမြေ့ကြပါစေ



No comments: