ပူဇော်သမျှကိုခံယူတော်မူထိုက်သော အလုံးစုံသောတရားတို့ကို မဖောက်မပြန်
ကိုယ်တော်တိုင်သိတော်မူသော မြတ်စွာဘုရား....
တကယ်တော့ မကောင်းတာလုပ်ပြီး ကြီးပွား နေတာတွေဟာ တစ်ချိန်တုန်းက ကောင်းတာလုပ်ခဲ့လို့ ကောင်းကျိုးကို ခံစားနေရတယ်လို့ ဒီလိုတွက်ရမယ်။
မကောင်းတဲ့အတွေးဟာ ဘာလဲဆိုရင် သူများပစ္စည်း ကိုယ့်ပစ္စည်း ဖြစ်ချင်တဲ့အတွေး၊ဒါကို အဘိဇ္စျာ လို့ခေါ်တယ်။
သူများပစ္စည်းကို ကိုယ်ပိုင်ဆိုင်ချင်တဲ့အတွေးဟာ ဘာကို ဖြစ်စေတတ်တဲ့အတွေးလဲသူခိုး ဓားပြ ဖြစ်စေတဲ့အတွေး မဖြစ်ဘူးလား။
အဲဒီအတွေးဟာ အန္တရာယ်ရှိတဲ့အတွေး၊အကုသိုလ် အတွေး၊ မနောဒုစရိုက်လို့ ခေါ်တယ် ။
နောက်....ဗျာပါဒ.. ဘာလဲဆိုရင် ကိုယ်နဲ့မတည့်တဲ့ လူတစ်ယောက်စိတ်ထဲပေါ်လာရင် " ဟာ .... ဒီကောင်သေသွားရင် ကောင်းမှာပဲ၊ ဒီကောင်
စီးပွားတွေ ပျက်သွားရင် ကောင်းမှာပဲ၊
ဒီကောင် ဒုက္ခရောက် ထောင်ကျသွားရင်
ကောင်းမှာပဲ " ဆိုတဲ့ အတွေး၊အဲဒီအတွေးကို ဗျာပါဒအတွေးလို့ ခေါ်တယ် ။
နောက်တစ်ခုက_မိစ္ဆာဒိဌိ
မိစ္ဆာဒိဌိဆိုတာ ကိုယ်လုပ်တာ ကိုယ်နဲ့ဆိုင်တယ်လို့မတွေးဘူး။
ကောင်းတာလုပ်လည်း ကောင်းတာ မဖြစ်ပါဘူး။မကောင်းတာလုပ်လည်း ကောင်းတာဖြစ်တာပဲ။
မကောင်းတဲ့လူတွေ ကြီးပွားနေတာ ရှိတာပဲ။
ကောင်းတဲ့လူတွေ ဒုက္ခရောက်နေကြတယ်
စသည်ဖြင့် ကံကို မျက်စိလည်နေကြတယ် ။
တကယ်တော့ မကောင်းတာလုပ်ပြီး ကြီးပွား နေတာတွေဟာ တစ်ချိန်တုန်းက ကောင်းတာလုပ်ခဲ့လို့ ကောင်းကျိုးကို ခံစားနေရတယ်လို့ ဒီလိုတွက်ရမယ်။
ကိုယ်က အခုမှ ကောင်းတာတွေ လုပ်တာ။အကျိုးမပေးသေးဘူး။
အခုမှ သရက်ပင်စိုက်တာ။သရက်သီး စားရပါ့မလား မစားရပါဘူး။ကောင်းတာ အခုမှ လုပ်တာ မကောင်းတာတွေ ကြုံနေရတယ်။အတိတ်က မကောင်းတာတွေဘယ် လောက် လုပ်ခဲ့မှန်းမှ မသိတာ ။အဲဒါကြောင့် မှန်ကန်တဲ့အတွေးမှာ ကံဆိုတာ ရှိတယ်။
ကံကို ငြင်းပယ်တာ " အကိရိယဒိဌိ " လို့ ခေါ်တယ် ။
ကုသိုလ်ဆိုတာ မရှိပါဘူး။
အကုသိုလ်ဆိုတာ မရှိပါဘူး ဆိုတဲ့
ငြင်းပယ်တဲ့ ဝါဒကို " အကိရိယဝါဒ " လို့ ခေါ်တယ်။
အကိရိယဒိဌိဆိုတာ ကံကို လုံးဝ မယုံဘူးလေ။
နောက် " နတ္ထိကဒိဌိ "ဆိုတာကံရဲ့အကျိုးတရားကို လက်မခံဘူး။
မကောင်းတာလုပ်လည်း မကောင်းကျိုး မဖြစ်ဘူး။ကောင်းတာလုပ်လည်း ကောင်းကျိုး မဖြစ်ဘူးလို့အကျိုးတရားကို ငြင်းပယ်တဲ ဝါဒ။
နောက်တစ်ခုက"အဟေတုကဒိဌိ"အကြောင်း တရား ကို ငြင်းပယ်တာ၊ပေါင်းလိုက်လို့ရှိရင် ကံနှင် ကံအကျိုးကိုငြင်းပယ်တဲ့ပုဂ္ဂိုလ်ဟာ မိစ္ဆာဒိဌိ အမြင်ရှိသူသာ ဖြစ်တယ် ။
အဲဒီလို မိစ္ဆာဒိဌိအယူဝါဒရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ကောင်းရာသုဂတိတောင်မရောက်နိုင်ဘူးတဲ့။
သူသွားရမယ့်လမ်းကတော့အပါယ်လေးဘုံပဲ။
ဘာလို့တုန်းဆိုတော့ ....
သူက ကံကိုငြင်းပယ်ထားတော့ သူလုပ်ချင်ရာ လုပ်တော့မှာလေ ။
လူဆိုတာ အထိန်းအကွပ်ကလေးနဲ့ နေရတယ်။
အထိန်းအကွပ် မရှိဘဲ လုပ်ချင်တာ လုပ်ဆိုရင်
မကောင်းတာပဲ လုပ်ကြတော့မယ်။
ကောင်းတာဆိုတာ ရေဆန် လှော်ခတ်ရတာနဲ့တူတယ်။ မကောင်းတာလုပ်တယ်ဆိုတာ ရေစုန်နဲ့တူတယ် လွယ်တယ်၊ မျှောချရုံပဲ ။
ဒါကြောင့်မို့ အတွေးနဲ့ ပတ်သက်လာရင်
ခုနပြောတဲ့ အတွေးတွေ မတွေးနဲ့တဲ့...။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ နန္ဒမာလာဘိဝံသ
Ashin Nandamãlãbhivamsa - အရှင်နန္ဒမာလာဘိဝံသ
No comments:
Post a Comment