ဆရာဦးသုမောင် စာအုပ်တွေဖတ်ပြီး သူ့စာတွေအကြောင်း တစေ့တစောင်း ကျွန်မ ခံစားမိတာလေးရေးချင်ပါတယ်..။ ခေါင်းစဉ်ကိုခုလိုတပ်ရတာ မသင့်တော်ဘူးလို့ ထင်စရာရှိပေမယ့် ဒီခေါင်းစဉ်နဲ့က ဆရာနဲ့ပိုလိုက်ဖက်နေတာရယ်... ဆရာ့ကို လေးစားတာရော ချစ်ခင်မိတာရောကြောင့် (အသက်ရှင်လျက်မရှိတော့ပေမယ့်)ချစ်စနိုးကျီစယ်လိုတဲ့ သဘောနဲ့ ယမကာလုလင်လို့ပေးလိုက်မိတာပါ..။ ဒီလိုရေးလိုက်ခြင်းအားဖြင့် ဆရာ့ကို ဂုဏ်ဖော်လိုက်တယ်လို့ မယူဆစေချင်ပါဘူး..။ ဆရာကိုယ်တိုင်လည်း ဒါကို ဂုဏ်ဖော်တယ်လို့ မြင်မယ့်သူမဟုတ်ဘူးဆိုတာ ဆရာ့စာစုများကို ဖတ်ဖူးသူတိုင်းသိလိမ့်မှာပါ..။ အကယ်၍များ ခုနေခါ ဆရာ အသက်ရှင်လျက်ရှိခဲ့ရင်တောင် သူ့အကြောင်း သူ့စာတွေကိုဖတ်ပြီး မတတ်တခေါက်နဲ့ သေးသေးကလေးဝေဖန်ချင်နေတဲ့ ကျွန်မဘလော့ကိုလာဖတ်ပြီး ရယ်ကျဲကျဲနဲ့ သဘောကျနေလိမ့်မှာပါ...။
ကျွန်မ ခုလောလောဆယ် ဖတ်နေသမျှ ဆရာ့စာအုပ်တွေထဲက အနှစ်သက်သဘောကျဆုံးကတော့ “ပြည်ပသွားလွမ်းစကား”ဆိုတဲ့ ခရီးသွားအမှတ်တရစာတွေပါ..။ ဆရာက တခြားစာရေးဆရာတွေ ရေးလေ့ရှိတဲ့ ခရီးသွားစာမျိုးတွေရေးတာမဟုတ်ဘူး...။ ဆိုလိုတာက ခရီးသွားဆောင်းပါးတွေ အက်ဆေးတွေဆိုတာ များသောအားဖြင့် နေရာဒေသ လူနေမှုအဆင့် တိုက်တာအဆောက်အအုံ ထူးဆန်းထွေလာ တိုးတက်မှုတွေကို အဓိကားထားဖော်ကျူးတတ်ကြတာ နေရာ အချိန် စကားအပြောအဆို အတိအကျကို စာအုပ်နဲ့မှတ်သားထားပြီးမှသာ စာတစ်ပုဒ်ပြန်စီတတ်ကြတာ မဟုတ်လား...။ ဆရာကတော့ အဲလိုမဟုတ်ဘဲ ခရီးစဉ်တစ်လျှောက်လုံး သူ့ရေးချင်တဲ့ အပိုင်းကိုသာဖြတ်ရေးပါတယ်..။ ပြီးတော့ သူကြုံတွေ့တာလေးတွေကိုပဲ ဘွင်းဘွင်းကြီး အားမနာတမ်းရေးပြပါတယ်...။ တခါတခါ ဆရာ့စာတွေဖတ်ရတာ ဟိုရောက်လိုက် ဒီရောက်လိုက်ဖြစ်ပေမယ့် နောက်ဆုံး နိဂုံးချုပ်ကိုတော့ ပြန်ပြီး စုစည်းမိအောင် ဆွဲယူ အဆုံးသတ် တတ်ပါတယ်..။ ဒီနေရာမှာတော့ ဆရာမင်းလူ သူ့အစ်ကို ကို ဝေဖန်ဖူးတာကို ထောက်ခံမိတယ်...။ “အစ်ကို့စာတွေဖတ်ရတာ အရက်မူးပြီးရေးနေသလိုပဲ ဟိုရောက်လိုက် ဒီရောက်လိုက် ရေးရာက အဆုံးသတ်ကိုတော့ လှတပတနဲ့ ပြန်ပြီး ခြုံငုံ သုံးသပ် ထားတတ်ပြန်တယ်တဲ့..” စိတ်မဆိုးပါနဲ့ဆရာ... ။ “သာဓု....သာဓု...သာဓု”ဆိုတဲ့ စာစုမှာပိုပြီး ထင်သာတယ်...။ စာပိုဒ်တွေ ခနခနထပ်နေတာတွေ့ရတယ်..။ ပထမတော့ စာစီစာရိုက်ပဲမှားရိုက်တာလို့ ထင်ပေမယ့် မဟုတ်ဘူး ဝါကျတည်ဆောက်ပုံနည်းနည်းဆီကွဲတဲ့ အကြောင်းအရာတစ်ခုတည်းကို ထပ်ခါထပ်ခါရေးမိတာပါ..။ ဒါပေမယ့် ကျွန်မတော့ ဆရာ့အပြစ်လို့ မမြင်မိပါဘူး..။ ဖခင်ကြီး ဦးသာဓုရဲ့ ငယ်ဘဝကို ပြန်မှီးထားတာမှာ ဖခင်ရဲ့ ငယ်စဉ်က ဒုက္ခရောက်ခဲ့ရတဲ့အကြောင်း ဆင်းရဲ့မွဲတေခဲ့ပေမယ့် အောင်မြင်ကျော်ကြားတဲ့အထိ ကြိုးစားအားထုတ်ခဲ့တဲ့ အကြောင်းကို နောင်လာနောက်သားတွေ လေ့လာသိမြင်စေဖို့ ဆရာက စေတနာ ဂရုဏာနဲ့ရေးသားထားတယ်ဆိုတာ ဖတ်ကြည့်ရုံနဲ့ သိသာစေပါတယ်...။ ဖခင်ကြီးကိုလေးစား အားကျနေတဲ့ ဂုဏ်ယူနေတဲ့ သားတစ်ယောက်အဖြစ် ကျွန်မခံစားမိနေတယ်...။ တခါတခါ ဆရာ့စာတွေဖတ်ရင်း ခပ်ဆိုးဆိုးသွမ်းသွမ်းကောင်လေးတစ်ယောက် ရေးထားသလိုလည်း ခံစားမိပါသေးတယ်..။ တကယ်တော့ ဆရာဦးသုမောင် ဝန်ခံထားတာကို သူ့စာစုတွေမှာ ဖတ်ဖူးခဲ့ပါတယ် ဆရာတစ်နေ့တာ စာဘယ်လိုရေးလည်းဆိုတာ...။ မနက်လင်းတာနဲ့ စားပွဲမှာ စာထိုင်ရေးနိုင်အောင် အလေ့အကျင့်လုပ်ပါလို့ ဆရာဦးသော်တာဆွေရဲ့နည်းကို ဆရာက လိုက်နာခဲ့ပါတယ်..။ မနက်စောစော စိတ်ကြည်လင်နေတဲ့အချိန် စာသန့်တွေရနိုင်ပါတယ်တဲ့...။ သောက်ပြီးမှစာရေးရင် ဒေါသတွေပါတတ်တာမို့ ဆရာက စာရေးပြီးမှသာ သောက်လေ့ရှိတယ်လို့ ဝန်ခံထားပါတယ်..။
ကျွန်မတို့ မြန်မာပြည်မှာရော ကမ္ဘာမှာရော စာရေးဆရာအများစုဟာ ချစ်ခြင်းဖွဲ့ ရသ သုတ ဇဝန လျှို့ဝှက်သဲဖို ဘာသာရေး ဘာသာပြန် စသဖြင့်သာရေးသား ထုတ်ဝေတတ်ကြပေမယ့် ဆရာဦးသုမောင်ကတော့ မိသားစုအကြောင်းကိုသာ အဓိက ဖွဲ့တယ်...။ သူ့မိသားစုအသိုင်းဝိုင်းအားလုံးရဲ့ အကြောင်းအရာတွေကို မကွယ်ဝှက်ပဲ အရှိတိုင်းရေးပြပါတယ်... “ဆွေမျိုးထဲက ဆိုးပေကြီးများ”ဆိုတဲ့ စာအုပ်မှာမြင်သာပါတယ်...။ ဒါကြောင့် တခါက ဆရာမကြီး ဒေါ်ခင်မျိုးချစ်က ဒီလိုပြောဖူးသတဲ့..။ “ မောင်သုလိုရေးပုံမျိုးက Family Saga လို့ခေါ်တယ် မိသားစုအကြောင်းပင်တိုင်ရေးတာ ကမ္ဘာမှာတောင်ရှားတယ်ကွယ့်” တဲ့...။ ဆရာ့အတွက် ကုန်ကြမ်းကဘယ်ရှားမလည်း ဖခင်ကြီးဦးသာဓုအကြောင်း ညီအစ်ကိုတွေအကြောင်း အဖေ့ဖက်ကအမျိုး အမေ့ဖက်ကအမျိုးနဲ့တင်မကဘဲ သူ့ဇနီးဒေါ်အေးဘုံကိုပါမချန် “အေးဘုံကပြောပါသည်” ဆိုပြီး မဂ္ဂဇင်းမှာ ရေးသေးတာ မဟုတ်လား...။ ရေးစရာကုန်ကြမ်းရှိတယ်ဆိုပေမယ့်လည်း ဒီလို ရေးတတ်ဖို့ဆိုတာ ပါရမီပါမှဖြစ်တာလေ..။
ဆရာဦးသုမောင်ရဲ့ ရေးဟန်ကိုကြိုက်တယ် စကားလုံးတွေကရိုးသားမှုအပြည့်အဝရှိတယ် အနုအရွ အလှအပစကားလုံးတွေအစား သဘာဝကျကျရေးသားတတ်တယ်...။ ဒါပေမယ့် ဆရာငယ်ရွယ်စဉ် အသက်နှစ်ဆယ်ကျော်တုန်းက ရေးထားခဲ့တဲ့ အချစ်လုံးချင်းဝတ္ထုတွေကို ကျွန်မသေချာ မဖတ်ဖူးသေးဘူး...။ ဆရာ အသက်(၅၀)ပြည့်တဲ့ ၂၀၀၁ခုနှစ်မှာပဲ အမေရိကားကို စာတမ်းဖတ်ဖို့ ဖိတ်ခေါ်ခံရပါတယ်...။ ဆရာဖတ်ခဲ့တဲ့ “THU MAUNG NIGHT”ဆိုတဲ့ စာတမ်းလေးကိုအကျဉ်းချုပ်လေး ပြန်ရေးပြချင်ပါတယ်..။
“ကျွန်တော်က ငယ်ငယ် မူလတန်းကျောင်းမှာ စာသင်တော့ လက်ရေးသေးတဲ့ ဆရာတွေရဲ့ စာလုံးအရေအတွက်က ကျောက်သင်ပုန်းပေါ်နေရာပိုဆံ့တယ်..။ လက်ရေးကြီးတဲ့ ဆရာတွေရဲ့ စာလုံးအရေအတွက်က ကျောက်သင်ပုန်းပေါ် နေရာနည်းနည်းပဲ ဆံ့တယ်..။ ဒါကိုကြည့်ပြီး သေးလေသေးလေ နေရာများများယူလေ၊ ကြီးလေ ကြီးလေ နေရာနည်းနည်းပဲယူလေ ဆိုတဲ့ အတွေးလေး ခေါင်းထဲ ဝင်လာတယ်...။ လောကကြီးမှာ အသေးငယ်ဆုံးရာတွေကို ရှာဖွေတင်ပြတာဟာ ဝတ္ထုပဲလို့ နောင်တစ်ချိန်မှာ ကျွန်တော်သဘောပေါက်လာတယ်။ ဥပမာအနေနဲ့ ဝတ္ထုတစ်ပုဒ် ထုတ်ပြမယ်..။ ကျွန်တော့်ဖခင်ဟာ အိမ်ထောင် နှစ်ဆက်ကျခဲ့တယ်..။ ဒါပေမယ့် သူဟာ အိမ်ထောင်ရေး ပြုပြင်ရေး စာပေရေးတယ်..။ ဒါ ဘာကြောင့်လဲလို့ ကျွန်တော်သိချင်လို့ အဖေ့ဆီသွားတယ်..။ ဒီမေးခွန်းကို မေးဖို့ပါ။ ဒါပေမယ့် အဖေမရှိဘူး..။ ဆံပင်သွားညှပ်နေတယ်..။ ကျွန်တော်ထိုင်စောင့်နေတယ်..။ အဖေပြန်လာတော့ ဆံပင်ညှပ်မလာရဘူး..။
“အဖေဆံပင်သွားညှပ်တယ်ဆို”
“အေးကွ၊ ဆံပင်ညှပ်ဆရာ ဆံပင်သွားညှပ်နေလို့ ငါ့ဆံပင် မညှပ်ခဲ့ရဘူး”
ကျွန်တော်မေးစရာ မလိုတော့ပါဘူး..။ ဆံပင်ညှပ်ဆရာဟာ သူ့ဆံပင်သူညှပ်လို့ မရပါဘူး..။ ဒါဟာ ကျွန်တော်မေးချင်တဲ့ အဖြေပါပဲ။ ဒါလေး ဥပမာပြပြီး ဆရာက စာတမ်းဖတ်တော့ သူတို့တွေသိပ်သဘောကျသွားကြတယ်..။ ချက်ချင်းပဲ ဆရာ့စာတမ်းကို ဂြိုဟ်တုပေါ်တင်လိုက်တယ်..။ အဲမှာ ထူးခြားတာက ဆရာက စာတမ်းဖတ်ဖို့လာကြတဲ့ နိုင်ငံစုံက စာရေးဆရာတွေကို ဘာမေးခွန်းများမေးစရာရှိပါသလဲလို့မေးတဲ့အခါ အားလုံးက တပြိုင်နက်ပဲထွက်လာတာက “သီချင်းဆိုပြပါ”တဲ့.။ ဆရာက မြန်မာသီချင်း မြနန္ဒာကို ဆိုပြတော့ ဆရာမမြနှောင်းညိုက ကတယ်...။ စာရေးဆရာတွေက လက်ခုပ်တီးတယ်...။ စာရေးဆရာမတွေက ဂါဝန်ကြီးတွေနဲ့ ကကြတယ်တဲ့...။
ဆရာက မြန်မာသံအဆိုရှင်...။ မြန်မာသံကို နားထောင်ခဲတာမို့... ဆရာ့သီချင်းဆို “ချစ်မိုးစွေ”တို့ “ဂုဏ်ကြီးရှင်”တို့ “နဂါးနီ”တို့လောက်ပဲသိတယ်...။ ဆရာမင်းသားလုပ်တဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲမှာတော့ ဒါရိုက်တာကြီးဦးသာဓု ကိုယ်တိုင်သူ့သားကို မင်းသားစတင်တဲ့ကား “အကြင်တို့လင်မယား”၊ ဗိုလ်မှူးဟောင်းစာရေးဆရာတစ်ယောက်ဖြစ်တဲ့ ဆရာမြတ်ထန်ရဲ့ ဝတ္ထုကို ဆရာဒါရိုက်တာမောင်ဝဏ္ဏ ရိုက်ကူးခဲ့တဲ့ စစ်တပ်အခြေခံသုံးပွင့်ဆိုင်ဇာတ်လမ်းလေး “နှောင်းတမြေ့မြေ့” ဆိုတဲ့ အဖြူအမဲကားတွေကြိုက်တယ်...။ ၁၉၈၉ “ခုနှစ်စဉ်အလွမ်း” မှာ ဝတ္ထုမင်းလူ၊ ဒါရိုက်တာမောင်ဝဏ္ဏ၊ မင်းသားသုမောင်၊ ဇာတ်ပို့ မောင်ရူပ ၊ ဇာတ်လမ်းမှတ်တမ်း အာယု (မောင်)တို့ ရှားပါးစွာ တစ်ကားတည်းမှာပဲ ညီအစ်ကို ငါးယောက်ဆုံဖြစ်ကြဖူးသလို မောင်ဝဏ္ဏ၊ သုမောင် နဲ့ ခင်သန်းနုတို့ အကယ်ဒမီ ရကြတယ်...။
ကျွန်မဖတ်ပြီးခဲ့သမျှ ဆရာ့စာအုပ်တွေထဲက ကျန်ရှိသေးတဲ့ စာစုပေါင်းချုပ်စာအုပ်များကိုလည်း အလျဉ်းသင့်သလို ကျွန်မခံစားမိတာများကို ရေးပါဦးမယ်။
မိုးငွေ့
No comments:
Post a Comment