ကျွန်မတို့မြန်မာနိုင်ငံရဲ့ နှစ်ပေါင်းများစွာက ဘုရင်မင်းဆက် အဆက်ဆက် တည်ထားကိုးကွယ် ကျန်ရစ်တဲ့ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ အမွေအနှစ်ဘုရားပထိုးများ တည်ထားရာ ပုဂံမြေဟာ ချောက်မြို့ကို ဗဟိုပြုပြီးလှုပ်ခတ်သွားခဲ့တဲ့ ၆.၈ ပြင်းအားငလျင်ဒဏ်ကြောင့် ဘုရားစေတီတော် ၁၈၀ ကျော် ပျက်စီးခဲ့ပါတယ်...။ မြေပြန့်ဖြစ်နေတာကြောင့် လူနေတိုက်တာအမြင့်တွေ မရှိတာကြောင့် လူအသေအကျေနည်းခဲ့ပါတယ်...။ ၂၄.၃.၂၀၁၁ ခုနှစ်တုန်းက ခုလိုပဲ အဆင့် ၇ ပြင်းအားငလျင်တစ်ခု ကျွန်မရဲ့ ဇာတိမွေးရပ်ဖြစ်တဲ့ တာလေမြို့တစ်ခုလုံး ပိပြားသွားခဲ့ပါတယ်..။ တိုက်တိုက်ဆိုင်ဆိုင် ရက်စွဲပါတူနေခဲ့တယ်...။
အို...ပုဂံ အနုပညာမြှောက်လွန်းတဲ့ ယွန်းထည်လှလှတွေရှိရာ အာနန္ဒာ၊ နွားနို့နဲ့ မြစ်ငါးကြော်လေးတွေ ယွန်းလက်ကောက်လေးတွေရောင်းတဲ့ ဇီးကွက်စိန်ရွာမှာတည်ထားခဲ့တဲ့ ဧရာဝတီမြစ်နဖူးက လောကနန္ဒာ ၊ နေထွက်မှာ မြူငွေ့ပါးပါးတွေကြားက ထင်းခနဲ ဖူးမျှော်နိုင်တဲ့ စူဠာမဏိ၊ ရင်ပြင်မှာ လမ်းလျှောက်ရင် ထနှောင်းဆူးတွေ စူးတတ်တဲ့ ထုထည်အကြီးဆုံး ဓမ္မရံကြီး၊ ရုပ်သေးရုပ်တွေမျိုးစုံနဲ့ လာသမျှဧည့်သည်တွေကို ဆွဲဆောင်နိုင်တဲ့ အဖိုးမဖြတ်နိုင်တဲ့ နံရံဆေးပန်းချီတွေရှိတဲ့ ထီးလိုမင်းလို၊ ဉာဏ်တော်အမြင့်ဆုံး သဗ္ဗညု နဲ့ အခြားပျက်စီးသွားသောစေတီများကို လွမ်းဆွတ်တမ်းတ နှမြောစိတ်တွေကြောင့် ဖြစ်နိုင်ရင် ချက်ချင်းပြေးသွား ကြည့်ချင်ရဲ့...။
ပြောချင်တာက ပြန်မရနိုင်တော့တဲ့ ပျက်စီးဆုံးရှုံးသွားခဲ့သော ရှေးအမွေအနှစ်တွေ၊ အနုပညာလက်ရာတွေ၊ ဗိသုကာပညာတွေကို နှမြောသတ မိတာပါပဲ...။ ပုဂံမြေဆိုတာ ကျွန်မဘဝမှာ အကြိမ်ကြိမ်ရောက်ဖူးခဲ့တဲ့ နေရာပါ...။ ဘယ်ချိန်သွားသွား မရိုးအီသွားနိုင်ဘဲ မြန်မာကိုသာမက ကမ္ဘာကိုပါ ဆွဲဆောင်နိုင်ခဲ့တဲ့ နေရာလေးတစ်ခုပါ...။ ငလျင်လှုပ်ပြီး နောက်တစ်နေ့မှာပဲ ဘုရားများကိုပြန်လည်ပြုပြင်နိုင်ဖို့ ကားနဲ့ ကိုယ်တိုင်ရောက်လာပြီး ငွေကျပ်သိန်းတစ်ရာလှူဒါန်းသွားခဲ့တဲ့ သီတဂူဆရာတော်ကြီးကိုလည်း မုဒိတာပွားမိပါတယ်...။ ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုစစ်ဆေးတဲ့ သမ္မတကြီး ကိုလည်း ကျေးဇူးတင်ပါတယ်...။ ပုဂံကိုပုံနှင့်တကွ နှစ်လရှည်စွာ မြင်ကွင်းမှာ ဆောင်းပါးရေးခဲ့၊ လက်ရှိမှာလည်း ပုံများရိုက်ပြီးစုဆောင်း အက်ဆေးတိုလေးတွေနဲ့ မှတ်တမ်းတင်နေဆဲဖြစ်တဲ့ ဆရာကျောင်း(မျိုးဆွေသန်း)ကိုလည်း ကျေးဇူးတင်ပါတယ်။ ပျက်စီးမှုအများဆုံးဖြစ်တဲ့ စူဠာမဏိ ဘုရားကို သွားတဲ့လမ်းများအား သြဂုတ်လ (၂၆) ရက်နေ့ မနက်ပိုင်းက လုပ်အားပေးခဲ့တဲ့ Miss Myanmar Charity Group မှ အလှမယ်များကိုလည်း ကျေးဇူးတင်ပါတယ်...။
ခုတော့ မဟာ သီချင်းလေးနဲ့ အလွမ်းဖြေခွင့်ပြုပါဦး.....။
မိုးငွေ့
No comments:
Post a Comment