
ကိုယ်ဆိုတဲ့ မိန်းမဟာ….မင်းအတွက် ဘာသာပြန်ရခက်ခဲတဲ့ စာမျက်နှာတစ်ခုတဲ့လား အိန်ဂျယ်……။
ကိုယ့်စာတွေလာဖတ်ရင်း ကိုယ့်ကို သတိတရရှိလို့ မင်းဖုန်းဆက်လာခဲ့တာတဲ့…။
“မမကတော့ဗျာ… တော်တော်နေစိမ့်နိုင်တယ် ကျွန်တော့်ဆီ ဖုန်းကလေးတစ်ချက်တောင်ဆက်ဖော်မရဘူး” ကိုယ်လေ အဲလိုလေးပြောလိုက်တဲ့ မင်းလေသံလေးကို စက္ကန့်ပိုင်းလောက် မတုန့်ပြန်ဘဲ ငြိမ်ငြိမ်ကလေး နားထောင်နေရင်း… မင်းဆီက မမြင်နိုင်တဲ့ အမျှင်ပါးပါးလေးတစ်ခုကို ခံစားမိနေခဲ့တယ်…။ ဟုတ်တယ် မင်းပြောမှပဲ ကိုယ့်ကိုယ်ကိုပိုမြင်လာတယ်…ကိုယ်ဟာ အတ္တကြီးတဲ့မိန်းမ တစ်ဖက်သားရဲ့ ခံစားမှုကို မငှဲ့ကွက် ကိုယ်ချင်းမစာတတ်တဲ့သူတစ်ယောက်ဆိုတာ…။ ပြီးတော့ မင်းကို တစ်ယောက်တည်း အဆက်အသွယ်မလုပ် မင်းပြောတဲ့ စကားကိုပဲ တသွေမသိမ်း နားထောင်သလိုလိုနဲ့ ဖုန်းမဆက်ဘဲ မင်းကိုပစ်ထားခဲ့တာ ဘယ်လောက်ကြာနေခဲ့သလဲ….။ ဒီနေ့နဲ့ဆို ခြောက်လပြည့်ဖို့လေးရက် အလိုတောင်ရှိပြီ…။ ပြန်တွေးကြည့်ပြီး မင်းအတွက် ကိုယ်တော်တော်လေးစိတ်မကောင်းဖြစ်သွားခဲ့တယ်..။
ဖုန်းပြောရင်းနဲ့ ဘယ်ချိန်ရှိနေပြီလဲတဲ့… ။ ည ကိုးနာရီခွဲ… မင်းဆက်နေကျအချိန်လေးပဲလေ…။ အချိန်ကိုကြည့်ပြီး မင်းကိုယ့်ကိုလာတွေ့ဖို့ တိတ်တိတ်ကလေးစဉ်းစားနေတာမဟုတ်လား…။ မင်းပြောတော့ ကိုယ့်ကိုဘယ်တော့မှမတွေ့တော့ပါဘူးဆို… ဖုန်းလည်းဘယ်တော့မှမဆက်တော့ဘူးဆို အိန်ဂျယ်…..။ မင်းနှှုတ်က တွေ့ဆုံဖို့ဖွင့်ပြောလာခဲ့ပေမယ့် ကိုယ်မင်းနဲ့တွေ့ဖို့ကိုငြင်းခဲ့လိုက်တယ်….။ မင်းကိုယ့်ကို ဟားတိုက်ရယ်မောချင်လည်းရယ်ပါ..။ အက်ဆေးထဲမှာတော့ ကိုယ်မင်းနဲ့ တစ်ခါလောက်ဆုံချင်သေးတယ်လို့ မကြာခဏကြွေးကြော်နေပေမယ့်လည်း တကယ့်လက်တွေ့မှာ ကိုယ်မင်းနဲ့ထပ်မဆုံချင်တော့ဘူး…။ ဘာလို့လည်းဆိုတော့ မင်းကို ကိုယ်နောက်ထပ် စိတ်ဒဏ်ရာတွေမပေးချင်တော့လို့ပါ….။ ဘယ်လိုပဲဖြစ်ဖြစ်အပြင်မှာ ကိုယ်ဆိုတဲ့ မိန်းမတစ်ယောက်ဟာ စာတွေထဲကလို ဘယ်လိုမှ မင်းအတွက် နူးညံ့ပြေပြစ်မှာ မဟုတ်လို့ပါ…။
အပြင်မှာမဆုံတွေ့ပေမယ့် ကိုယ်တို့နှစ်ယောက်ကြားမှာ အဖြူရောင်ချစ်ခြင်းတရားတစ်ခု တည်မြဲနေတုန်းဆိုတာ မင်းအသံကို ကိုယ်နားထောင်ကြည့်တာနဲ့ သိလိုက်ရပါတယ်…။ အစစအရာအရာအတွက် ကျေးဇူးအများကြီးတင်ပါတယ် အိန်ဂျယ်… ကိုယ့်ကို သတိတရနဲ့ ဖုန်းဆက်လာခဲ့တဲ့အတွက်ရောပေါ့..။
မိုးငွေ့
3 comments:
အိမ်ဂျယ်
ပိုစ့်တွေတိုင်း ဖတ်လို့ကောင်းတယ် ။
ဟင့်အင်း မကြီးမိုးငွေ့
မိုးနတ်ကတော့ အပြင်မှာပြန်ပြီး
ဆုံစေချင်တယ်.....အက်ဆေးထဲမှာ
ပြောတာက လက်တွေ့မှမဟုတ်တာ
လက်တွေ့ပဲ ကောင်းမယ်ထင်တယ် ချစ်မ :PPPP
ညီလေး ညီမလေးတွေတောင်းဆိုသလို ဆုတောင်းသလို မမငွေ့တစ်ယောက် အပြင်မှာ အိန်ဂျယ်နဲ့ ဆုံပါစေဗျားးးး
Post a Comment