ယူက ကိုယ့်ပထမဆုံးဖွင့်တဲ့ gmail ထဲမှာ ဘယ်တုန်းကမှန်းမသိလိုက်ဘဲ ကိုယ့်သူငယ်ချင်း ဖြစ်နေနှင့်ပြီးသား သူတစ်ယောက်ပါ...။
တကယ်တော့ gmail သာဖွင့်ထားခဲ့ပြီး gtalk ဘယ်လိုပြောရလည်း ကိုယ်တကယ်မသိခဲ့ဘူး...။ ယူက “Hi” လို့ စနှုတ်ဆက်ပြီး ဝင်လာခဲ့တယ်..။ အဲဒီချိန်ကစပြီး ကိုယ်တို့ gtalk မှာ စကားပြောကြရင်း ခင်မင်ရင်းနှီးသွားကြတယ်...။ ယူက ကိုယ့်ကို မြန်မာစာလက်ကွက်တွေ အချိန်တိုအတွင်း မြန်မြန်ရိုက်တတ်သွားအောင် လေ့ကျင့်ပေးတဲ့ ကိုယ့်ရဲ့ဆရာတစ်ယောက်လည်းဖြစ်တယ်..။ ကိုယ့်ကို ယူပထမဆုံး နှုတ်ဆက်လိုက်တဲ့ စကားလုံးက 109 110 လားတဲ့ ကိုယ့်ကို ....။ ကိုယ်ကဖြင့် အဲဒါဘာပြောတာလည်း နားမလည်လို့ မေးလိုက်တော့ ယူက ထားလိုက်ပါတဲ့...။ တကယ်ပဲ Chatting ဝင်တဲ့သူတွေက အီစီကလီတွေများတာလား ကိုယ်မှမသိဘဲကိုး... ယူလည်း ကိုယ့်ကို အဲဒီလို ယူပြောဖူးနေကျ သူတွေလို့ထင်နေမှာပေါ့ ဟုတ်လား “ခေါင်”...။ ကိုယ်တို့ရင်းနှီးသွားတော့ .ယူ့ကို ယူ့နားမည်သုံးလုံးထဲက နောက်ဆုံးတစ်လုံးကို ကိုယ်ကအဖျားဆွတ်ခေါ်ခဲ့တယ်...။ ကိုယ်က ယူ့ထက် အသက်ပိုကြီးလို့ ယူက ကိုယ့်ကို “မ”လို့ခေါ်တယ်...။
နောက်ပိုင်း ကိုယ်တို့ Ciberဆိုင်မှာ ပုံမှန်စကားပြောဖြစ်ကြတယ်..။ ကိုယ်နဲ့ယူစကားပြောကြတဲ့အခါ ယူ့ကျောင်းကိစ္စနဲ့ ယူနေတဲ့ နေရာက ရာသီဥတုအကြောင်းတွေ ပြောဖြစ်တာများပါတယ်...။ ယူ ကျောင်းကပြန်ရောက်တဲ့အချိန်တို့ ကျောင်းပိတ်ရက်တွေတို့မှာ စကားပြောဖြစ်တယ် ယူ စာမေးပွဲရှိတဲ့လဆို ကိုယ်တို့ တစ်လလုံးနီးပါး မပြောဖြစ်ကြဘူး...။ ဒါပေမယ့် ကိုယ်တို့တွေ gtalk nick တွေမှာ ပြောချင်တဲ့ စာလေးတွေ တင်ထားလေ့ရှိကြတယ်...။ တခါတလေ ယူချိန်းထားတဲ့အချိန် ကိုယ်ရောက်မလာနိုင်ခဲ့ရင် ပျက်ကွက်ခဲ့ရင် ကိုယ့်ကိုယူက စိတ်ကောက်ပြီး Nick မှာဒီလိုလေးရေးတတ်တယ် “ပြန်ဆုံဖို့မဖြစ်နိုင်တော့ရင်လည်း block လိုက်ပါ” တဲ့..။ ကိုယ်လည်း ယူ့ကို မကြည်တဲ့နေ့ဆိုရင် ကိုယ့်နစ်မှာ အဲဒီစာသားလေးတင်လိုက်တယ်...။ အဲခါကျတော့ ယူက ကိုယ့်ကို စကားလာပြောပြီး ပြန်ခါနီးနှုတ်ဆက်ရင် မသိမသာလေးနဲ့ ပြောတတ်သေးတယ် “ဆုံဖို့မဖြစ်နိုင်တော့ဘူးဆိုရင်လဲ Block လိုက်ပါ အဲဒီစာသား ပြောင်းလိုက်ဦး”တဲ့...။
ကိုယ်တို့ အပြန်အလှန် ဓါတ်ပုံတွေပို့ကြတော့ ကိုယ့်ပုံက ဧည့်ခံပွဲတစ်ခုမှာ ရိုက်ထားတဲ့ပုံ လက်ထဲမှာ ဝီစကီခွက်လေးကိုင်ြမှောက်ထားတဲ့ပုံ...။ အဲပုံကိုမြင်တော့ ယူကပြောတယ် “ခေါင်က အရက်သောက်တတ်တဲ့ မိန်းမဆို သိပ်မုန်းတာ အရင်ထားဖူးတဲ့ ရည်းစားတောင် ဘီယာသောက်တတ်လို့ ဖျက်လိုက်တာ”တဲ့လေ...။ ဒါဆို ယူက ကိုယ့်ကို သူငယ်ချင်းအဖြစ်က စွန့်လွှတ်ပစ်တော့မှာလား...? ယူကပြောတယ် “မ က သူငယ်ချင်းပဲလေ ခွင့်လွှတ်ရမှာပေါ့”တဲ့ “နောက်မသောက်ပါနဲ့”တဲ့...။ ကိုယ်ကတော့ ဘယ်တုန်းကမှ ဘယ်သူ့အတွက်မှ ကိုယ့်ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုဖဲ့မပေးခဲ့ဖူးဘူး...။ ဒါဖြင့် အီးမေးလ်ထဲက အဲဒီပုံကို ဖျက်ပစ်လိုက်တော့လို့ ကိုယ်ပြောတော့ ယူက “အဲဒီပုံကို ခေါင်က ဒေါင်းလုတ်တောင်မလုပ်ထားဘူး သူငယ်ချင်းတွေကြည့်မှာစိုးလို့ မေးလ်ထဲပဲသိမ်းထားတာ”တဲ့...။ “မ ဘာသိလို့လဲ ယောကျ်ားတွေက တော်ကြာ မ ပုံကိုခိုးနမ်းရင်ဘယ်လိုလုပ်မလဲ”တဲ့...။ ယူ ကိုယ့်ကိုစိတ်ပူလို့ ပြောနေမှန်းသိသားပဲ ဒါပေမယ့်ယူ့ကိုစချင်လို့ တမင်ပြောလိုက်တော့... “ဒါဖြင့်လဲ နောက်နေ့ Net လာထိုင်တဲ့သူတွေကို ဓါတ်ပုံတွေဝေပေးလိုက်မယ်လေ အဲဒီလိုလုပ်ရင် အဆင်ပြေမလား ကဲ...ပြော” ယူနဲ့စကားပြောလို့ ယူစိတ်တိုလာတဲ့အချိန် ယူ့ရဲ့ ခပ်စွာစွာလေသံနဲ့ “ကဲ...ပြော”ဆိုတဲ့ အသုံးအနှုန်းကို ကိုယ်သဘောအကျေဆုံးပဲ...။
ကိုယ်တို့ စာနဲ့ပဲပြောဖြစ်လာတာ အဲဒီနေ့က ယူ Voice call ခေါ်ပြီး အသံနဲ့ စကားပြောဖြစ်ကြတယ်...။ ယူ့အသံက အသံလုံးကြီးတယ် ဂီတာရဲ့အပေါ်ဆုံးကြိုးနှစ်ချောင်းတည်း တီးခတ်လိုက်တဲ့အသံမျိုး ယောကျ်ားပီသတဲ့အသံမျိုး...။ လိုင်းမကောင်းလို့ ကိုယ်ပြန်ထူးတဲ့အသံကို ယူမကြားလိုက်ရဘူး...။ အဲဒီနေ့က ယူကိုယ့်အသံမကြားလိုက်ရလို့ မကျေမနပ်နဲ့ ဖုန်းချသွားလိုက်ရတယ်..။ ယူနဲ့ကိုယ့်ကြားမှာ မမြင်နိုင်တဲ့ ကြိုးတစ်ချောင်းရှိနေပြီလား...။ တကယ်တော့ လူနှစ်ယောက်ကြားမှာ ကြိုးတစ်ချောင်းဖြစ်လာဖို့ အချိန်အကန့်အသတ် မလိုအပ်ပါဘူး...။
ဘာလို့လည်းမသိဘူး အဲဒီနေ့က ယူဖုန်းဆက်လာလိမ့်မယ်လို့ စိတ်ထဲကြိုသိနေသလိုပဲ...။ တကယ်လည်း ယူ့အသံကို ဒုတိယအကြိမ်ကြားလိုက်ရတယ်...။ ကိုယ့်အသံကို ယူက ခုမှသာကြားဖူးတာ...။ voice call နဲ့မဟုတ်ဘူး ကြိုးဖုန်းနဲ့ဆက်လာတာ...။ 4မိနစ်လောက် ကိုယ်တို့ ဖုန်းပြောဖြစ်ခဲ့ကြတယ်..။ ယူ့အသံကြားလိုက်ရတာ ကိုယ့်သွေးကြောထဲကို စီးမျောဝင်ရောက်သွားသလို ရင်ဘတ်တစ်ခုလုံး နှုန်းခွေသွားတယ် သိလားခေါင်...။ ကိုယ့်အသံကတော့ ယူ့လောက်ဆွဲဆောင်မှုမရှိပါဘူး...။ တခါတခါ ယူ typing မရိုက်အားတဲ့အချိန် Voice call နဲ့ပြောချင်တဲ့အခါ ကိုယ်ငြင်းခဲ့ရင် ယူကပြောသေးတယ်..“ခေါင်က ပြောမယ် မ ကနားထောင်လေ Net ကနေ ခေါင်က မကို ဘာမှလုပ်လို့မရပါဘူး မရယ်...ခေါင့်ကို ကြောက်ရအောင် ခေါင်က မကိုဘာလုပ်မှာမို့လဲ”လို့ ရန်ပြန်စွာတတ်တယ်...။
ကိုယ်တို့ စကားပြောတဲ့ နေ့ ကိုယ်လာစောင့်လို့ ယူရောက်မလာခဲ့ရင် နောက်နေ့ မေးလ်ထဲမှာ ယူစာပို့ထားတတ်တယ်..။ “ မ စိတ်မဆိုးပါနဲ့ နက်ဖန် စာမေးပွဲရှိနေလို့ စာကျက်နေရလို့ပါ”တဲ့..။ ကိုယ်က အဲဒီလောက်အထနကောက်တတ်တဲ့ သူမဟုတ်မှန်း ယူသိလျက်နဲ့...။ ကျောင်းစတက်ရပြီမို့ ခါတိုင်းလို ပုံမှန် စကားမပြောနိုင်တော့လို့ ယူက ကိုယ့်ကို မှာတမ်းတွေချွေတတ်သေးတာ..။ “ ခေါင်တို့ စကားမပြောဖြစ်တဲ့ ရက်တွေမှာ ခေါင့်ကို သတိရနေနော် မ နေကောင်းအောင်နေနော်” စသဖြင့်ပေါ့..။ တကယ်တော့ ယူဟာ ကိုယ့်ရဲ့ ကွန်ပျူတာထဲက တကယ့် ဗိုင်းရပ်စ်ပိုးကောင်လေးပါပဲ ခေါင်...။ ဒါပေမယ့်လည်း ကျွမ်းကျင်သူတွေနဲ့တော့ ကိုယ် Format ပြန်မချတော့ပါဘူး...။ ပိုးကောင်ကလေး ကိုယ့်ကွန်ပျူတာကို ဘယ်လောက်ကိုက်နိုင်မလဲ ကိုယ်စောင့်ကြည့်လိုက်ဦးမယ်...။ “ကျောင်းပြန်တက်တဲ့ အချိန်ဆို တစ်ပတ်မှ တနင်္ဂနွေတစ်ရက်ထဲ စကားပြောရမှာမို့ ခေါင်နဲ့စကားလာပြောပေးမယ် မဟုတ်လား” လို့ မှန်ကြောင်ကလေး စာဂျပိုးယူက ကိုယ့်ကို လှိုက်လှိုက်လှဲလဲှ တောင်းဆိုတတ်လာတယ်..။
အဲနေ့က ကိုယ်စာစစ်နေတုန်း ယူရောက်လာခဲ့တယ်...။ ကျောင်းက 11:30မှသွားရမှာတဲ့...။ “မ နေကောင်းလား ဘာလုပ်နေလဲ” “ခုမှ စာဝင်စစ်တာ ခေါင့်ဆီက စာတစ်စောင်မှလည်းမတွေ့ဘူး”လို့ ပြောတော့..“ခေါင်မှမအားတာ မကလည်း ကျောင်းကပြန်ရင်စာလုပ်ရတယ် စာနဲ့ကျောင်း ကျောင်းနဲ့စာ ပတ်ချာကိုလည်နေတာပဲ မနေ့ကဆိုအေးကအေးနဲ့ စောစောထပြီး အဝတ်လျှော်ရသေးတာ..”လို့ ညည်းညူပြတတ်တယ်...။ “ခေါင်သိပ်ပင်ပန်းနေပြီ စာလုပ်ရဦးမယ် နောက်မှ တွေ့မယ်”ဆိုပြီး ဆိုင်းအောက်လုပ်ပြီး ပြန်ထွက်သွားတယ်...။ ဆိုင်းအောက်ခါနီး ပြောသွားသေးတယ် “မ သတိရနေနော် ခေါင့်ကို” တဲ့..။ ခေါင်သာ ကိုယ့်ကို သတိမရအားရင်ရှိမယ် ကိုယ်က ခေါင့်ကို အမြဲသတိရနေပါတယ်...။
ကိုယ်အလုပ်တွေရှုပ်ပြီး ယူနဲ့စကားမပြောဖြစ်တဲ့အခါ နှုတ်မဆက်ဖြစ်တဲ့အခါ ယူက အလိမ္မာနဲ့ နစ်မှာ “သတိရသေးရင်နှုတ်ဆက်ပါ”လို့ ရေးတင်ထားတတ်တယ်...။ “ခေါင် နေကောင်းလား” လို့ ကိုယ်နှုတ်ဆက်လိုက်တော့ “ ခေါင် နေမကောင်းတာ လေးရက်ရှိပြီး ခေါင်မရှိတုန်း ဘယ်ကောင်လေးတွေနဲ့ စကားပြောသေးလဲ”လို့ နေမကောင်းတဲ့ကြားထဲက ယူက ကိုယ့်ကို တရားခံစစ်စစ်နေသေးတာ...။ အဲဒီနေ့က စကားမစပ်ဘဲ တစ်ဦးတည်းသောသား ယူကပြောသွားသေးတယ် “ခေါင်ပြန်ရောက်တဲ့အခါ မကို မေမေနဲ့မိတ်ဆက်ပေးမယ်” တဲ့ ...။
နွေရာသီမှာ လူတွေအတွက် အရိပ်ရတဲ့ သစ်ပင်တစ်ပင်တော့ဖြစ်ချင်တယ်လို့ ယူပြောဖူးတယ်လေ..။ ကိုယ်ကတော့ ယူ့ရဲ့အရိပ်ရတဲ့ သစ်ပင်အောက်ကစောင့်နေမယ်...။ ယူ အွန်လိုင်းတော့ဖွင့်ထားတယ် ဒါပေမယ့် ကွန်ပျူတာနားမှာမရှိဘူး...။ ယူ့ရဲ့ Custom Massage မှာ “ခမ်းနားမှုတွေမရှိလည်း နူးညံ့စွာ ငါ့အနားမှာနေပေးပါ” လို့တင်ထားတယ်...။ “ခေါင် နေကောင်းလား”လို့ ကိုယ်နှုတ်ဆက်တော့ ယူရောက်မလာသေးဘူး...“သတိရရင်နှုတ်ဆက်ပါ”လို့ ကိုယ်ရေးထားတော့ နောက်ငါးမိနစ်မှာ ယူရောက်လာတယ်...။ “ဟိုဖက်ဆောင်ကို ရောက်နေလို့ မရောက်လာတာမသိလိုက်ဘူး ဆောရီးနော်”တဲ့..။ ယူကိုယ့်ကို စောင့်နေတဲ့အတွက် ကျေးဇူးပါခေါင်...။ ကိုယ်တို့ VC ပြောဖြစ်ကြတယ်...။ အဆောင်ကို လူကြီးတွေရောက်လာလို့ ထုံးစံအတိုင်း “မ နေကောင်းအောင်နေနော် ကျန်းမာရေး ဂရုစိုက်နော်” လို့ မှာတမ်းတွေနဲ့ နှုတ်ဆက်ပြီး ထွက်သွားတယ်...။
“ခုထိတော့ ခေါင် မချစ်တတ်သေးဘူး” တဲ့...။ လူတစ်ယောက်မှာ အချစ်နဲ့အစာအိမ်မရှိရင် သိပ်ကောင်းမှာပဲလို့ ကိုယ်တွေးဖူးတယ်...။ တကယ်တော့ မချစ်တတ်တာပဲ ခပ်ကောင်းကောင်းရယ်...။ ဒါပေမယ့် တချိန်ချိန်မှာတော့ ယူအချစ်ရဲ့အရသာကို ခံစားဖူးတတ်လာမှာပါ..။ ကိုယ်ကတော့ ကိုယ့်ဘဝမှာ အချစ်ဘယ်မှာရှိသလဲဆိုတာ တွေ့လိုက်သိလိုက်ပါလျက်နဲ့ လက်လွှ့တ်ဆုံးရှုံးသွားခဲ့ရဖူးတယ်လေ..။ အဲအချိန်ကစပြီး ကိုယ် လူတစ်ယောက်ကို ချစ်ဖို့ဝန်လေးသွားပြီ..။ တကယ်လို့ ရွေးချယ်ယူလို့မရတဲ့ အချစ်တစ်ခု ကိုယ့်ဆီကို အသစ်တဖန်ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ရင်တောင် ကိုယ်မမျှော်လင့်ချင်တော့ပါဘူး...။
တစ်နေ့ ယူ နစ်မှာ ဘာစာတွေလည်းမသိ ကိုယ်မသိတဲ့ ယူတို့နိုင်ငံက ဘာသာစကားနဲ့ရေးထားတာ ကိုယ်နားမလည်လို့မေးကြည့်တော့ ယူ “အဲဒါ ဂြိုလ်သားစာတွေလေ” တဲ့....။ “ဘယ်လိုမှ မင်းကိုမေ့လို့ မရပါဘူး မှော်ဆရာမလေးရယ်... ငါအိမ်ပြန်လာခဲ့သလို မင်းကိုလည်း အိမ်ပြန်လာစေချင်တယ်”လို့ ယူက ဘာသာပြန်ပြတယ်...။ သူကဘယ်သွားလို့ အိမ်ပြန်လာစေချင်တာလဲလိ့ု ကိုယ်မေးတော့ ယူက “အရင်ဘဝတုန်းကလဲ ခေါင့်ချစ်သူဖြစ်ခဲ့ဖူးတဲ့ အဲဒီတစ်ယောက်ကို ခုဘဝမှာလဲ ပြန်လာစေချင်တာ”တဲ့...။ ယူ့မှာ အဲလိုစိတ်ကူးယဉ်အတွေးလည်း ရှိသားပဲ...။
ခေါင်းရင်းနားကနေ ဖုန်းသံမြည်လာတော့ Alarm မြည်တယ်ပဲထင်နေခဲ့တာ...။ Alarm က ဒီအသံမဟုတ်ပါဘူးလို့ အသိဝင်လာပြီး ကိုင်လိုက်တော့ Number is not available လို့ပေါ်နေတာကို မြင်တာနဲ့ ခေါင်လို့ တန်းပြီးသိလိုက်တယ်...။ အိပ်ချင်မူးတူးအသံနဲ့ ကိုယ်ပြန်ထူးတော့ “ခုပြောနေတာ ဘယ်သူလဲ သိလို့လား”တဲ့...။ ယူ့အသံမကြားခင်ကတည်းက ယူဆက်တယ်ဆိုတာ သိပြီးသားပါ..။ ယူ့အသံကို ကိုယ်တရေးနိုးတောင် မှတ်မိပါတယ်နော်...အချိန်က 2:06Am ခေါင်တို့ဆီမှာက ည 11နာရီခွဲ...။ ဘာရယ်မဟုတ် ညက ဘုရားရှိခိုးပြီး အိပ်ရဲ့လားလို့ ကိုယ့်ကိုစစ်ချင်တာနဲ့ ဖုန်းဆက်လိုက်တာဖြစ်မှာပေါ့...။ မနေ့ညက သီတင်းကျွတ်နောက်ဆုံးညလေ...ကိုယ်တို့ရဲ့ မြတ်စွာဘုရား ဂေါတမအရှင် တာဝတိၤသာမှာ ဓမ္မစကြာတရားဟောပြီး ပြန်ကြွတဲ့ညမို့ တစ်အိမ်လုံးဆီမီးထွန်းပြီး ပူဇော်ကြတယ်လေ...။ ညဉ့်သန်းခေါင်မှာမှ နေဝင်တဲ့ ခေါင်တို့ဆီမှာတော့ ဒီလိုဓလေ့မျိုးဘယ်ရှိပါ့မလဲ....။
ယူပြန်မလာခင် ခြောက်လလောက်အလိုကတည်းက ယူနဲ့ကိုယ် အဆက်သွယ်က အရင်လိုမဟုတ်ဘဲ ပြတ်တောင်းနေခဲ့ပြီ...။ တကယ်တမ်းယူပြန်ရောက်လာတော့ ကိုယ့်ကိုအကြောင်းမကြားဘဲ ယူတကယ်အလုပ်လုပ်တဲ့ နေရာကိုရောက်မှ ကိုယ့်ဆီ ဖုန်းဆက်လာခဲ့တယ်...။ ကိုယ့်ကို အံ့အားသင့်စေချင်လို့ ဆက်လိုက်တာ မဟုတ်မှန်း ကိုယ်သိပါတယ်...။ ဒါပေမယ့် ဘယ်အရာ ဘယ်လိုအတွေးမျိုးက ယူ့ကို ကိုယ့်ဆီဖုန်းဆက်ဖြစ်အောင် တိုက်တွန်းလိုက်သလဲ ဆိုတာ ကိုယ်တကယ်မသိချင်တော့ပါဘူး...။ ကိုယ်တို့ကြားက အစိမ်းရောင်ကာလတွေက ရှည်လျားခဲ့ပြီပဲ သူငယ်ချင်းဆိုတဲ့ ခင်မင်မှုကလဲ မှေးမှိန်နေခဲ့တာကြာပြီပဲ...။
နိဂုံးချုပ်တော့ ကိုယ့်ဆီကို ရုပ်ရှင်ဆန်ဆန် မင်္ဂလာဖိတ်စာတစ်စောင်ရောက်လာခဲ့တယ်...။ ယူပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ အမေပေးစားတဲ့ ကောင်မလေးနဲ့လက်ထပ်လိုက်တယ်တဲ့...။ ရုပ်ရှင်ဆန်တော့လည်း တချိန်မှာ စာတန်းထိုးပြီး ရပ်သွားမယ်ဆိုတာ ......။
@@@@@@@
လှိုင်းတွေ တကယ်ရှိတယ်ဆိုတာ ယုံလား.....
လေလှိုင်းထဲကတဆင့် စဆုံခဲ့ကြလို့ တစ်နေ့ မမြင်နိုင်တဲ့ လှိုင်းကနေပဲ ပျောက်ကွယ် သွားရမယ်ဆိုတာ ကိုယ်ကြိုတင်တွက်ဆ နားလည်ခဲ့ပြီးသားပါ...။
မိုးငွေ့
No comments:
Post a Comment