Monday, 24 June 2019

မရှာနဲ့ဦးမိုး....







မိုးရာသီအစမှာ ပထမဆုံးတင်ဖြစ်တဲ့ သီချင်းလေးက “မရွာနဲ့ဦးမိုး” ဆိုတော့ အပူချိန်မြင့်ပြီး မိုးခေါင်တဲ့ ဒီနှစ်အတွက် အတိတ်နိမိတ်များဖြစ်သွားမလား စိုးရိမ်မိခဲ့တယ်...။ နိမိတ်ဆိုတာ မယုံကြည်လို့လည်း မရဘူးလေ နက္ခတ်ပညာကျွမ်းကျင်သူတွေ ဆိုတာ အလကားဖြစ်လာတာမှမဟုတ်ဘဲ...။ ဒီပို့စ်မတင်ခင် မိုးရာသီချင်းတစ်ပုဒ်ကို အပြေးရှာရသေးတယ် Joox ရှိတယ်လေ သူ့ကို အကူညီတောင်းရတယ်..။ ဒါကြောင့် ခင်ဘုဏ်းရဲ့ July မိုးကို အရင်တင်ဖြစ်သွားတာ... အမှန်တော့ ဒီသီချင်းလေးကို အရင်တွေ့လို့ တင်ချင်နေခဲ့တာ...။

ဒီသီချင်းစာသားလေးရဲ့အဓိပ္ပါယ်ကို ကျွန်မသိပ်ကြိုက်တာပဲ....။ နဂိုထဲက ကျွန်မက မိုးကိုချစ်တဲ့သူလေ....။ ဘာကြောင့် မိုးနဲ့ ပတ်သက်တဲ့ သီချင်းတွေတော်တော်များများဟာ အလွမ်းဆွေးသီချင်းတွေပဲ ဖြစ်နေရတာလဲ....။ အုံ့ဆိုင်းမှိုင်းရီတဲ့ ပတ်ဝန်းကျင်ကြောင့်လား... လေနှင်ရာရွေ့လျားနေတဲ့ ခဲသားရောင် တိမ်တိုက်တွေကြောင့်လား မိုးပြေးလေးတွေကြောင့်လား....။ နောက်ဆုံးတော့ ဘယ်လို အကြောင်းကြောင့်ပဲဖြစ်ဖြစ် သီချင်းလေးရဲ့ဖြစ်တည်လာမှု အကျိုးတရားကတော့ နားဆင်သူတွေရင်ထဲ အေးခနဲ စိမ့်ခနဲ လွမ်းဆွေးရမယ့် သီချင်းလေးတစ်ပုဒ် ဖြစ်သွားတာပါပဲ...။


မရွာနဲ့ဦးမိုး
ဆို-ဂရေဟမ်
ရေး- အောင်ကိုမြင့်
🎼🎵
 လေနှင်ရာအလည်လာတဲ့မိုးတိမ်
အရည်ပျော်မှာတကယ်ကိုငါစိုးရိမ်
အိမ်အပြင်မှာ နေသာနေတုန်း
မရွာလိုက်နဲ့ဦးလေ အင်း....

ဖုန်တလူလူ လေပူတွေတိုးဝှေ့
ကြင်နာသူရှာဖွေနေတုန်းအချိန်
အပူဒဏ်မှာရေစိုခံဖို့ အင်အားနည်းလို့နေ..
မရွာနဲ့ဦးမိုးရေ...

လေနှင်ရာအလည်လာတဲ့မိုးတိမ်
အရည်ပျော်မှာတကယ်ကို ငါစိုးရိမ်
နေပူမှာရေစိုခံဖို့ အင်အားနည်းလို့နေ
မရွာပါနဲ့ဦး.... မိုးရေ
အကြင်နာရှာတုန်းမို့လေ

အိမ်ပြန်လမ်းလေး မလှသေးသရွေ့
ခပ်ဝေးဝေးနေဦး....မိုးရေ
အကြင်နာရှာတုန်းမို့လေ
နှစ်ကိုယ်စာထီးကလေးမလုံသေးသရွေ့
ခပ်ဝေးဝေးနေ

ဖုန်တလူလူ လေပူတွေတိုးဝှေ့
ကြင်နာသူရှာဖွေနေတုန်းအချိန်
အပူဒဏ်မှာရေစိုခံဖို့ အင်အားနည်းလို့နေ..
အိုး...........
🎵🎼
..
အိုး...ခရီးကြမ်းလို့နေ ငါ့ရဲ့စိတ်တွေ
အချစ်မဲ့နေ့တွေ မရှိသင့်တော့ဘူးဟေ့
အိမ်ပြန်ချိန်လေးရှာမတွေ့နိုင်သေးသရွေ့

အို..မိုးပြေးလေးရေ
တကယ်မလုပ်နဲ့လေ
ရှာပုံတော်ခရီးလေး မကုန်ဆုံးသရွေ့......
ခပ်ဝေးဝေးနေဦး..မိုးရေ
အကြင်နာရှာတုန်းမို့လေ
နှစ်ကိုယ်စာထီးကလေးမလုံသေးသရွေ့
ခပ်ဝေးဝေးနေဦး..မိုးရေ

အိမ်ပြန်လမ်းလေးမလာသေးသ၍
ခပ်ဝေးဝေးနေ..
🎼🎵


မိုးအေးအေးနေ့လေးတွေမှာ ကော်ဖီပူလေးတစ်ခွက်နဲ့ ဒီသီချင်းလေးနားထောင်ပြီး မငိုကြေး



 မိုးငွေ့ 

No comments: