Friday, 13 November 2009

ထိုက်ချိလေရှူလေ့ကျင့်ခန်း

ပည်သူ့ရင်ပြင်မှ မနက်၆နာရီအချိန် ကျန်းမာရေးလိုက်စားသူအချို့
ကျမတို့ရဲ့ ထိုက်ချိနည်းပြဆရာ ဦးအောင်ဇေယျ @ Mr. Johny


ထိုက်ချိကစားသူနေကြသူများ


ကျမ ဒီထိုက်ချိလေရှူ လေ့ကျင့်ခန်းကို မနှစ်ကတည်းက စပြီး ရင်ပြင်မှာကစားခဲ့ပါတယ်...။ ကျမတို့နေတဲ့ ကျွန်းတောလမ်းကနေ မနက် 4း45 အိမ်ကနေ ကျမမေမေနဲ့ လမ်းအတူလျှောက်ကြတယ်...။ ရင်ပြင်ကို အမြန်လျှောက်ရင် မိနစ် 20 လောက်လျှောက်ရပါတယ်...။ ကျမ လမ်းလျှောက်ဖြစ်တာတော့ လေးနှစ်လောက်ရှိပါပြီ...။ မနှစ်ကမှ ဆရာမဒေါ်မေမေအေး နည်းပြတဲ့ ထိုက်ချိလေ့ကျင့်ခန်းကအဖွဲ့ထဲ ကို စ၀င်ပြီးကစားခဲ့ပါတယ်...။ အရင်နှစ်တွေတုန်းက ဆရာဦးအောင်ဇေယျနဲ့ အဖွဲ့တွေ ကစားနေတာ တွေ့ဖူးခဲ့ပါတယ်..။ အဲဒီတုန်းက ကျမတို့အိမ်ကနေ လမ်းလျှောက် ရင်ပြင်ရှေ့ရောက်ရင် အရင်ဦးဆုံး ရွှေတိဂုံဘုရားရှိခိုးပြီး သွေးပူလေ့ကျင့်ခန်းလေး စလုပ်တယ် ပြီးမှ ရင်ပြင်ကို တစ်ပတ်ပတ်ပြီး လမ်းလျှောက်ကြပါတယ်...။ ခုနောက်ပိုင်းနှစ်နှစ်မှ ရင်ပြင်တံခါးဖွင့်ပေးတော့ အထဲဝင်လျှောက်ကြပါတယ်...။ ကျမတို့မြန်မာပြည်မှာ ခုလိုကျန်းမာရေး ဗဟုသုတကြွဝလာပြီး ကိုယ်တိုင်လဲ လိုက်စားတာတွေ့ရတော့ ၀မ်းသာစရာပါ...။ “အာရောကျံပရမံလာဘံ...ကျန်းမာခြင်းသည်လာဘ်တစ်ပါး”လို့ ဆိုရိုးရှိခဲ့တယ်မဟုတ်လား...။ ဒီထိုက်ချိလေ့ကျင့်ခန်းဆိုတာ ဖြေးဖြေးချင်းကစားရတဲ့ လေရှူလေ့ကျင့်ခန်းပါပဲ...။ ဖြေးဖြေးကစား ရတယ်ဆိုပေမယ့် အတွင်းအားကို စိုက်ထုတ်ရလို့ ချွေးထွက်ပါတယ်..။ ဒီကစားနည်းဟာ တရုတ်ပြည်ကနေ စပြီးဆင်းသက်လာတာပါ...။ လက်ဦးဆရာ ဘယ်သူလဲဆိုတာ သေချာမသိရပေမယ့်..။ အလွန်ရှေးကျတဲ့ ကစားနည်း တစ်ခုလည်းဖြစ်ပါတယ်..။ သူ့ကို ချိကုန်းကစားနည်းလို့လဲ တစ်မျိုးခေါ်နိုင်ပါတယ်..။ တရုတ်လို “ချိ” ဆိုတာ “အသက်ရှူ”တာကိုပြောတာပါ “ကုန်း” ဆိုတာကတော့ “အလုပ်”ပေါ့...။ လေရှူတဲ့အလုပ်ကိုလုပ်ရတဲ့ လေ့ကျင့်ခန်းလို့ အဓိပ္ပါယ်ရပါတယ်...။ ဒီလေ့ကျင့်ခန်းကို ယုံကြည်မှု အပြည့်အ၀နဲ့ ပုံမှန် ကစားသွားမယ်ဆိုရင်... အသက်ရှူချောင်ပါတယ်...ပန်းနာရင်ကျပ်သမား၊ နှလုံး၊ သွေးတိုး၊ ဆီးချို၊ ဂေါက်၊ ကျီးပေါင်း၊ ကျောက်ကပ် စတဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်...။ တချို့ နှလုံးစက်တပ်ထားတဲ့ လူနာတွေတောင် ဒီလေ့ကျင့်ခန်းလုပ်ပြီး စက်ပြင်ဖြုတ်လိုက်ရတဲ့အထိ အခြေအနေ ပြန်ကောင်းသွား ကြပါတယ်...။ အဆုတ်ထဲကို ရေ၀င်တတ်လို့ ဒီလေ့ကျင့်ခန်းကို နှင်းတွေအရမ်းကျတဲ့အချိန်နဲ့ မိုးရွာတဲ့အချိန်တွေမှာ မလုပ်ရပါဘူး ..။ အ၀လွန်သူတွေကိုလဲ အဆီကျစေပြီး ကျန်းမာလန်းဆန်းစေပါတယ်...။ ပိန်သူတွေလဲ မှန်မှန်ကစားရင် စားဝင်အိပ်ပျော်စေပါတယ်...။ တတ်နိုင်ရင် ညစာကို အရွက်များများစားပြီး ထမင်းကိုမစားရင် ပိုကောင်းပါတယ်...။ ကြာဇံပြုတ်နဲ့ အသီးအရွက်များများစားနိုင်လေ ပိုကောင်းလေပါပဲ..။ဆရာဦးအောင်ဇေယျ ပြောပြချက်အရ...သူအမေရိကားမှာ နေထိုင်စဉ်က အမေရိကန်လူမျိုးတွေဟာ ည ၁နာရီ ၂နာရီ အချိန်မှာတောင် ထပြေးကြတဲ့သူတွေ အများကြီးတဲ့...။ ကျန်းမာရေးလိုက်စားကြတာပေါ့ဗျာ...။ အဲဒီချိန်က ဆရာက အရမ်းဝတာတဲ့ဗျ...။ နောက်တော့ ထိုက်ချိကစားရင်း ခုလိုအပေါ်က ဓါတ်ပုံထဲကလောက် ကိုယ်ရည်စစ်သွားတာလို့ပြောပြပါတယ်...။ ဆရာကိုယ်တိုင် ဒီကစားနည်းကို ၁၉၉၈ က စကစားလာခဲ့ပြီး ဆရာ့ရဲ့ နည်းပြကတော့ ဦးမြင့်လွင်လို့သိရပါတယ်...။ ခုချိန်ထိလည်း ရင်ပြင်မှာ ဆရာကစားခဲ့တဲ့အဖွဲ့က ဆက်လက်ရှိနေဆဲပါပဲ...။ ဒီလေ့ကျင့်ခန်းကို မြန်မာပြည်မှာ ကစားလာကြတာ ၁၅နှစ် နှစ်၂၀ လောက်ရှိပြီးလို့ပြောပါတယ်...။ မြန်မာပြည်ကို ယိုးဒယားက တရုတ်တစ်ယောက်က မီလပ်စနိုးပိုင်ရှင်ကို လာပြီးပြရာက ဒီကစားနည်း မြန်မာပြည်မှာ စခဲ့တယ်လို့သိရပါတယ်..။ အရင်ဦးစွာ ကန်တော်ကြီးမှာ ကစားကြပါတယ်..။ ကန်တော်ကြီးမှာလဲ ခုလို ဆောင်းအ၀င်မှာ ထိုက်ချိကစားသူတွေရှိသလို၊ Yoga ကစားသူတွေရော၊ လမ်းလျှောက်ကြသူတွေ၊ ပြေးကြတဲ့သူတွေနဲ့...စည်ကားလို့ပါပဲ....။ ဆရာဦးအောင်ဇေယျကိုယ်တိုင် နည်းပြပြီးကစားတဲ့ “ထိုက်ချိ”မှာ ပထမလေရှူနည်း ၁၈ကွက် နဲ့ ဒုတိယလေရှူနည်း ၁၈ကွက် စုစုပေါင်း ၃၆ကွက်အပြင် ကြိုက်သလိုကစားနိုင်တဲ့ ယိုပိနည်းပါ ပါသေးတယ်...။ ၃၆ကွက်လေရှူကစားနည်းဟာ ဖြေးဖြေးလေးကစားရပါတယ် ...။ ယိုပိကတော့ ကြိုက်သလို မြန်မြန်ကစားရပါတယ်...။ ပြီးတော့ ဆရာက UN က အသိတစ်ယောက်ဆီမှာရခဲ့တဲ့ တစ်မျိုးကို ၃၆ခါလုပ်ရတဲ့ မျက်စိရေတိမ် မဖြစ်စေတဲ့လေ့ကျင့်ခန်းကိုပါ ထပ်ဆောင်းဖြည့်စွက်ပြီးကစားပါသေးတယ်...။ နောက်ဆုံးကတော့ သီချင်းဖွင့်ပြီး သုံးကျော့ပြန် ကစားရတဲ့ လေ့ကျင့်ခန်းနဲ့ အဆုံးသတ်ပါတယ်...။ ခုဒီနှစ်မှာဆိုရင် ထိုက်ချိလေ့ကျင့်ခန်းနှစ်ဖွဲ့အပြင်...အင်္ဂလိပ်သီချင်းဖွင့်ပြီး ခပ်မြူးမြူးကကြတဲ့ လေ့ကျင့်သူတွေပါ တစ်ဖွဲ့တိုးလာပါတယ်...။ ကျမဒီပို့စ်ကိုရေးဖို့ ဆရာဦးအောင်ဇေယျကို တစ်ရက်ကြိုတင် ခွင့်တောင်းထားပြီး နောက်နေ့မနက်မှာ ကင်မရာနဲ့ ကျမတို့အဖွဲ့ နောက်ဆုံးသီချင်းနဲ့ ကတဲ့အချိန်မှ... ဓါတ်ပုံရိုက်ယူပြီး...ရင်ပြင်တစ်နေရာမှာ ဆရာဦးအောင်ဇေယျနဲ့ ကျမသိချင်တာလေးကို မေးမြန်းဖြစ်ခဲ့ပြီး ...ခုလိုကျန်းမာရေး ဆောင်းပါးလေးတစ်ပုဒ်ရေးဖြစ်ခဲ့ပါတယ်...။ ဆရာကနောက်ဆုံး ဒီကစားနည်းကို လက်ဆင့်ကမ်းသွားကြပါ လို့ပြောပြီး ကျမကိုလည်း နောင်တစ်ချိန်မှာ နည်းပြဆရာမလုပ်ဖို့ တိုက်တွန်း သွားပါသေးတယ်...။ အခြေအနေအရပေါ့ ဆရာ...။ ကျမကြိုးစားပါ့မယ်...။ ခုလို ထိုက်ချိအကြောင်း သိချင်တာလေးကို စိတ်ရှည်စွာ အချိန်ပေးပြီးဖြေဆိုပေးခဲ့တဲ့ ဆရာဦးအောင်ဇေယျ ကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်...။ 

  မိုးငွေ့

1 comment:

အနှိုင်းမဲ့ said...

အန်တီ နည်းပြလုပ်မှပဲ လာကစားတော့မယ်နော် :P