ကျွန်မတို့ငယ်ငယ်က ကျောင်းပြေးရတာကို သိပ်ခေတ်စားကြတယ်...။ ရန်ကုန်ကျောင်းလာတက်တော့ ဒီက မြို့ကလေးတွေက ကျောင်းပြေးတာသိပ်မတွေ့ရဘူးဗျ...။ အင်းလေ......ဆယ်တန်းအထိ ကျောင်းတက်တော့လဲ မိဘတွေအကြိုအပို့နဲ့ ကျောင်းကားနဲ့လာတဲ့သူကများတော့ ကျောင်းပြေးဖို့အခွင့်အရေးက နည်းတယ်လေ...။ ကျွန်မတို့တောမှာကျတော့ ဘယ်အဖေအမေကမှ လိုက်ကြည့်တာမဟုတ်ဘူး..။ မနက်ကျောင်းသွားမယ် နေ့လည်ထမင်းစားချိန် အိမ်မှာထမင်းပြန်စားကြမယ်...။ အဲ...အဲဒီမှာအခွင့်အရေးပဲပေါ့ ကျောင်းပြေးဖို့က...။
ငယ်ငယ်တုန်းက ကျွန်မတို့တက်ခဲ့တဲ့ အ.လ.က(၁)ကျောင်းဝင်း ပတ်ပတ်လည်က ၀န်းကျင်လေးကို ပြောပြချင်ပါတယ်...ကျွန်မတို့ကျောင်းကရွာရဲ့ နောက်ဘက်ခြမ်းမှာရှိပါတယ်...။ ကျောင်းရဲ့ညာဘက်မှာ ငါးကန်တွေရှိတယ်.. အဲဒီ ငါးကန်းနောက်မှာက နန်းဖေါင်းတို့အဘိုးရဲ့ မက်မန်းသီးခြံ..။ ကျောင်းဘယ်ဘက်မှာက တာလေးချောင်း ... ချောင်းကမ်းပါးအနီးမှာတော့ ဆရာ၊ ဆရာမတွေနေတဲ့ အိမ်တန်းလျားရှိပါတယ်...။ အနောက်ဘက်ခြမ်းမှာက... လယ်ကွင်းပြင် ...။ အဲဒီပတ်ဝန်းကျင်ရဲ့ဆွဲဆောင်မှုလဲအဓိကပါတာပေါ့ ကျောင်းပြေးရတဲ့အကြောင်းအရင်းက...။ ကျောင်းပြေးပြီး ဘယ်တွေသွား ဘာတွေလုပ်ကြသလဲဆိုတော့...။ ငါးကန်ထဲမှာ ပုဇွန်လေးတွေသွားဖမ်းကြတယ်...။ ကြာပန်းတွေခူးပြီး ဆွဲကြိုးလုပ်ဝတ်ကြတယ်...။ အဲဒီကြာကန်ထဲမှာ ကျွဲခေါင်းသီးလဲသီးတော့ ခူးစားကြပါသေးတယ်...။ နောက် နန်းဖေါင်းတို့အဘိုးခြံမှာ မက်မန်းသီးအစိမ်းတွေခူးပြီး ပဲပုပ်နဲ့ထောင်းစားကြတယ်( သရေတောင်ကျလာပြီးP ) ...။
အဆိုးဆုံးဗျာ...ကျောင်းနောက်ဘက်က လယ်ကွင်းထဲသွားပြီး စပါးမပျိုးရသေးခင် ရေအိုင်လေးတွေရှိရင် ငါးဖမ်းကြတယ် လယ်ပုဇွန်လုံးတွေနှိုက်ကြတယ်...။ ပျော်စရာကြီးဗျ...။ ပြန်လာရင် ဆရာမကိုမျက်နှာလုပ်ပြီး ပါလာတဲ့ငါးတွေကို ဟင်းချက်စားဖို့ပေးခဲ့သေးတယ်...။ အဲဒီတုန်းက ဆရာမဒေါ်ခင်ဖြူဝေမရောက်သေးလို့ ..။ မဟုတ်ရင်တော့ ကြက်ဥကြိမ်စာအမိပဲ...။ အဲဒီလယ်ကွင်းကို နည်းနည်းဆက်သွားရင် ဆင်ပုံစံကျောက်တုံးကြီးတွေရှိတယ်...။ အဲဒီကျောက်တုံးတွေက ဟိုးအရင်ခေတ်ကတည်းက ရှိနေတာ...။ ဟုတ်မဟုတ်တော့မသိဘူး ...ငယ်ငယ်ကတော့ ပြောကြတာပဲ ...အဲဒီဆင်ကျောက်တုံးဘေးက ကျောက်တုံးသေးသေးလေးတွေက သူမွေးထားတဲ့ ကလေးလေးတွေတဲ့...။ နောက်တစ်ခါသွားရင် ထပ်တိုးလာတဲ့ ကျောက်တုံးလေးတွေက ဆင်မကျောက်တုံးကြီးကမွေးတာလို့မှတ်ကြတယ်...။
တစ်ခါက အဲဒီကျောင်းနောက်ဘက် လယ်ကွင်းနဲ့ကျောင်းကြားမှာ တာလေချောင်း ထဲကိုစီးဝင်သွားတဲ့ စမ်းချောင်းအသေးလေးတစ်ခုရှိတယ်...။ အဲဒီချောင်းထဲမှာ ငါးဖမ်းတဲ့ဇကာနဲ့ ငါးတွေဖမ်းပြီး ကုန်းပေါ်တက်လာတော့ ခြေခလည်နဲ့ခြေသူကြွယ်ကြားမှာ ပျော့စိစိနဲ့ဘာပါလိမ့်လို့ကြည့်လိုက်တာ မျှော့ကြီးတော့.... အဲ ဟုတ်ဘူး ...မျှော့မဟုတ်ဘူး...။ ကျွတ်ဖြစ်မယ်နဲ့တူတယ် အကောင်းသိပ်မကြီးဘူး...။ ဘယ်လိုပဲဖြစ်ဖြစ်.....ကျမက အဲလိုပျော့စိစိအကောင်မှန်သမျှ အကုန်ကြောက်တယ်.....။ (အဲ အားနည်းချက်တွေသိကုန်ပြီ)... ။ မျှော့တို့ ကျွတ်တို့ တီကောင်တို့ဆိုတာ ဆားကြောက်တယ်လေ...။ အဲဒီတော့ သူငယ်ချင်းက တံတွေးနဲ့ထွေးလိုက် ပြုတ်ကျသွားလိမ့်မယ်လို့ပြောတော့ လုပ်ကြည့်လိုက်တာ...။ တကယ်ဟုတ်တယ်ဗျ...။ စမ်းချောင်းထဲက ရေစိမ်နေတဲ့ ကျွဲကိုလှမ်းကြည့်လိုက်တော့ ဘုရားရေ...ကျွဲမျှော့ဆိုတာ အဲဒါပဲ... ကျွဲကြီးရဲ့ကျောပြင်မှာ မျှော့တွေများ ဘယ်လောက်တောင် သွေးစုပ်ထားကြလဲတော့မသိဘူး မဲနက်ဖေါင်းကားနေကြတာ အသည်းယားစရာပါပဲ....။
အားနည်းချက်ကို သိလက်စနဲ့တော့ တစ်ခုလောက်ပြောပြရဦးမယ်...။ ကျွန်မတို့ရွာက လမ်းတစ်လျှောက်ဟိုဘက် ဒီဘက် ကုက္ကိုပင်တန်းကြီးရှိတယ်လေ...။ နွေဦးပေါက်ဆိုရင် သစ်ပင်ကနေ ခူယားကောင်တွေ တွဲလောင်းကျနေတာ မနည်းရှောင်သွားရတယ်...။ ခူယားအမွေးအသားနဲ့ထိရင် အနီပြင်ကြီးတွေဖြစ်ပြီး ယားလာရင် ဆန်စေ့ကိုဝါးပြီးလိမ်းရတယ်တယ်...။ ဒါကတော့ တောဓလေ့ဆေးမြီးတိုလေးပေါ့...။ မယားတဲ့ခူကောင်တွေလည်းရှိသေးတယ် ..။ သူက အကောင်နည်းနည်းကြီးပြီး အမွေးထူထူနဲ့ မဲနက်နေတာ ..အဖြူရောင်ဆွတ်ဆွတ်လည်း ရှိတတ်သေးတယ်...။ အတန်းထဲမှာ ကျောင်းသားတချို့ အဲဒီခူကောင်က ကိုင်လာဆော့လို့ကတော့ ကျွန်မအတန်းထဲကိုလုံးဝမ၀င်တော့ဘူး... အဲဒီလိုကြောက်တာ...။ ကျွန်မတို့ အိမ်နောက်ဖေး ရေအိမ်ရှေ့က အဘွားစိုက်ထားတဲ့ သရက်ပင်ကမရှင်နိုင်တော့လို့ တစ်ပင်လုံးလဲ ခူးယားကောင်တွေ မြင်ရက်စရာမရှိအပြည့်ပေါ့...။ အဲဒီအပင်က ခူကောင်တွေက အိမ်သာထဲရော အိမ်သာတံခါးမှာရော လက်ကိုင်မှာရော...နေရာအပြည့်ယူထားလိုက်ကြတာ...။ ကျွန်မလုံးဝအိမ်မှာ အိမ်သာမတက်တော့ဘူး...။ ရွာထိပ်မှာရှိတဲ့ နန်းဖေါင်းတို့အိမ်ကို စက်ဘီးနဲ့ အိမ်သာသွားတက်ရတယ်...။ တကယ်ပါပဲ...။
ကျွန်မတို့ငယ်ငယ်က ဆော့ခဲ့ကြ ကဲခဲ့ကြတာ တော်တော်ပါပဲ...။ တာလေချောင်းဆိုလဲ နေ့တိုင်းလိုလိုကို ရေသွားကူးကြတာ...။ အဲလို နေပူမရှောင် မိုးရွာမရှောင် ရေသွားသွားကူးလွန်းလို့ ငယ်ငယ်ကဆို အသားမည်းနေရောပဲ.... ရုပ်က ကုလားဆင်ဆိုတော့ ကျွန်မကိုဆို ကုလားမ...(အီကုလား) လို့ရှမ်းလိုခေါ်ခေါ်ကြတယ်...။ ချောင်းထဲမှာ လုံချည်တွေကိုပူပေါင်းလုပ်ပြီး ရေးစီးအတိုင်းမျောပါပြီး ဆော့ကြတယ်...။ ကမ်းပါးကနေ ဒိုင်ပင်ထိုးချတယ်...။ ရေထဲမျောလာတဲ့ သဖန်းသီးတွေလဲ လုကောက်ကြတယ်...။ အင်း...သဖန်းသီးဆိုလို့ ကျွန်မတို့ တာလေရွာရဲ့အဓိပ္ပါယ်ကို ပြောပြချင်သေးတယ်...။ “တာ” ဆိုတာက ဆိပ်ကိုခေါ်တာ “လေ”ကတော့သဖန်းသီး ကိုပြောတာ...။ အဲဒီချောင်းရဲ့အရင်းမြစ်အစမှာ သဖန်းပင်တွေသိပ်ပေါတာတဲ့...။ အဲဒါကြောင့် “သဖန်းဆိပ်”ချောင်းလို့ ခေါ်ကြတာ...။ သဖန်းပင်ကနေ အသီးတွေကြွေပြီး မျောမျောလာတတ်တာပေါ့...။
ရွာမှာမွေးပြီးကြီးပြင်းခဲ့တာကို ကျွန်မတော့ သိပ်သဘောကျတယ်...။ ဆော့စရာတွေက မကုန်ခမ်းနိုင်ဘူး...။ မြို့မှာလို အိမ်ထဲပဲနေပြီး အရုပ်တွေ ဂိမ်းတွေနဲ့ မကြီးပြင်းခဲ့ရတာကိုပဲကျေးဇူးတင်တယ်...အဖေနဲ့အမေကို..။ မြေကြီးတွေ သဲတွေနဲ့ သဘာဝကျကျ ကစားရတော့... ပထ၀ီဓါတ်ချို့တဲ့မှု လည်းမရှိတော့ဘူးပေါ့...။ သင်္ကြန်နားနီးရင်လဲ ပုစဉ်းရင်ကွဲတွေကို အပြိုင်အဆိုင်ဖမ်းကြသေးတယ်...။ ၀ါးလုံးပိန်ပိန်ရှည်ရှည်ထိပ်ဖျားမှာ ပိန္နဲစေးတွေသုတ်ပြီး ပုစဉ်းတွေကို လိုက်ကပ်ကြတယ်....။ ဒီနေ့တော့ဖြင့် ဘယ်သူအကောင် ဘယ်နှစ်ဆယ်ရလဲဆိုပြီး ပြန်လာရင် ပြောကြသေးတယ်...။ ပုစဉ်းရင်ကွဲအော်တဲ့ အသံကိုတော့ ကြားဖူးကြမှာပါ...။ အဲဒီချိန်မှာဆို ကျွန်မတို့အိမ်နောက်ဘက်က သရက်ခြံထဲမှာတင် ဆူညံနေရော...။ ပုစဉ်းရင်ကွဲမှာအူမပါပါဘူး...။ အူမရှိရတဲ့အကြောင်းကိုတော့ငယ်ငယ်က ကျောင်းမှာ ပုံပြင်တစ်ပုဒ်အနေနဲ့ သင်ခဲ့ဖူး ကြမှာပါ...။ အိမ်ပြန်ရောက်ရင် ပုစဉ်းတွေကို အတောင်ဖြုတ်ပြီး ဖင်ကြားထဲ အချောင်းချောင်းလေးတွေ လှီးထားတဲ့ ဂျင်းချောင်းထိုးထည့်ပြီး ကြော်စားကြတယ်....။ တော်တော်တော့ ငရဲကြီးတဲ့လုပ်ရပ်ပဲဗျ...။ ငယ်ငယ်ကတော့မသိဘူးလေ...။ အပျော်အနေနဲ့ လုပ်ကြတာစုံလို့ပေါ့....။ ခုနောက်ပိုင်းကလေးတွေတော့အဲလို ဖမ်းမဖမ်းမသိတော့ဘူး...။
မိုးငွေ့
1 comment:
တောသူဆိုတာတကယ့်ကိုရိုးတယ်...
ဘာဘာညာညာတွေလဲနားမလည်
ဟန်တွေပန်တွေကိုလဲမတတ်တယ်..
ဟီးဟီး...စတာနော်။
ပို့စ်လေးကိုဖတ်ရတာပျော်စရာကောင်းတယ်။
ရေးထားတာလေးကတော်တော်ကောင်းတယ်နော်။
ဖတ်နေတဲ့သူတွေကိုယ်တိုင်မြင်တွေ့နေရသလိုပဲ..။ :)
နောက်ထပ်လဲများများတင်အုံးနော်..
ငယ်ဘ၀အကြောင်းလေးတွေ။
Post a Comment