Friday, 29 July 2011

အိပ်မက်မက်တယ်.....




ကိုယ့်အိပ်မက်ထဲ မင်းရောက်လာခဲ့ရင် ကမ္ဘာကြီးရပ်တန့်သွားမယ်လို့ ကိုယ်ထင်ခဲ့တာ....။

ခုတော့... ကမ္ဘာကြီးလဲရပ်တန့်မသွားဘူး.... ပင်လယ်ရေလဲခမ်းခြောက်မသွားဘူး... ဂီတသံစဉ်တွေလဲ ဆိတ်သုဉ်းမသွားဘူး.... ကောင်းကင်မှာလဲ ငှက်ကလေးတွေပျံဝဲဆဲ.....။

ဒါပေမယ့် အိပ်မက်ထဲမှာ မင်းမျက်လုံးတွေက အမုန်းမီးတွေ တလျှံငြီးငြီးတောက်လောင်နေကြတယ်....။ 
အိန်ဂျယ်ရယ်..........ကိုယ်ဟာ မင်းအတွက် အမုန်းတွေတဲ့လား......
ဝမ်းနည်းစရာကောင်းလိုက်တာ....

ပိုပြီးဝမ်းနည်းစရာကောင်းတာက.... ကိုယ့်စကားလုံးတွေကိုတောင် ပျံသန်းခွင့် ဘုရားသခင်ကခွင့်မပြုဘူးတဲ့...။

ကိုယ်ဖန်တီးခဲ့တဲ့ စကားလုံးတွေကို မျက်ရည်စက်လက်နဲ့ စိုက်ကြည့်နေရမလား.....။ သီချင်းတွေဆိုပြီး ဝုန်းဒိုင်းကြဲ ပေါက်ကွဲလိုက်ရမလား.....။ ကော်ဖီတစ်ခွက်နဲ့ မိုးရေစက်တွေကို ထိုင်ကြည့်ရမလား......။ ကိုယ်ဘာလုပ်ရမလဲ......????

အဖြူရောင်ကြိုက်တဲ့ မင်းအတွက် ကိုယ့်ရဲ့ဖန်တီးမှုတွေက အဖြူရောင်ပန်းပွင့်လေးတွေပါ......။

မိုးရေတွေနဲ့အတူ အဖြူရောင်ပန်းပွင့်လေးတွေသာရွာချလိုက်ရင် လောကကြီးသိပ်လှသွားမှာသေချာတယ်...။ မဖြစ်နိုင်တာကို စိတ်ကူးယဉ်ပြန်ပြီလို့ အပြစ်မတင်ပါနဲ့....။

ဂီတာတစ်လက်ယူခဲ့ပါ အိန်ဂျယ်.....။ ကိုယ်တို့ အတူသီချင်းဆိုရအောင်လေ.....။ တစ်ချိန်က လှပတဲ့ သံစဉ်ချိုချိုတွေနဲ့ လက်ခုပ်သံတွေ လေထဲ ပေါင်းစည်းခဲ့ဖူးတယ်....။ ကျန်ခဲ့ပါပြီလေ....။ ပြန်မရနိုင်တော့တဲ့ အရာတွေကို လှမ်းလှမ်းကြည့်ရတာ ညောင်းလှပြီ....။

ကိုယ့်ကိုပုန်းနေတာများ.... အိပ်မက်ထဲထိတောင်တဲ့.....။

ဒါပေမယ့် ကိုယ်မြင်လိုက်တယ် အိန်ဂျယ်... အမှောင်ထဲမှာ မင်းမျက်လုံးတွေ လင်းလက်နေကြတယ်...ကြယ်ပွင့်လေးတွေလိုပဲ...။

ကိုယ်စိုးရိမ်နေတာတစ်ခုတော့ရှိတယ်....
မင်း အပြုံးဖြူဖြူတွေကို နောက်ထပ်တစ်ကြိမ်မတွေ့လိုက်ဘဲ လောကထဲကနေ ကိုယ်ထွက်သွားရမှာကိုပဲ.....။

ခေါင်းတွေခဏခဏမူးပြီး အသက်ရှုတွေကြပ်ကြပ်လာတယ်........။ ကြောက်လိုက်တာ အိန်ဂျယ်ရယ်....။ အရင်ကတော့.... ကိုယ်ချစ်တဲ့သူတွေအားလုံးကို တိတ်တဆိတ်နှုတ်ဆက်ထွက်ခွာသွားဖို့ သတ္တိတွေရှိနေခဲ့ပေမယ့် ခု...ဘာကြောင့်မှန်းမသိ ကိုယ်ကြောက်နေမိတယ်.....။

ခဏလေးဖြစ်ဖြစ် ပြန်လာခဲ့ပါ အိန်ဂျယ်....။

ကော်ဖီပူပူတစ်ခွက်သောက်ရင်း ....မင်း ဆိုပြမယ့် သီချင်းကို ကိုယ်နားထောင်ချင်လို့ပါ...။


ချစ်က အနွေးထည်တွေထက် အအေးဓာတ်ကို ပိုလုံစေတယ်။

အချစ်ဆိုတာ ဘယ်တော့မှမငြိမ်းတဲ့ မီးအိမ်တစ်လုံးပါ။

အချစ်ဆိုတာ လိပ်ပြာတစ်ကောင်ပါ။
ပျံသန်းရာနေရာတိုင်းကို ပျော်ရွှင်ခြင်းတွေ သယ်ဆောင်ပေးတယ်။


တကယ်လို့ မင်းကိုလွမ်းတိုင်း ပန်းတစ်ပွင့်ပွင့်မယ်ဆိုရင်
ကိုယ်ဟာ ပန်းခင်းထဲ အမြဲလမ်းလျှောက်နေသူဖြစ်မယ်။



မိုးငွေ့



6 comments:

အလင်းသစ် said...

မင်းကိုလွမ်းတိုင်းသာ ပန်းပွင့်ပါမယ်ဆိုရင်...........

Angelhlaing(May everybody be happy and healthy! said...

တစ်မျိုးလေး....ပဲ အေးအေးငြိမ်ငြိမ်လေး ခံစားမှုတစ်မျိုးနဲ့ အားပေးသွားလျှက်...

စံပယ်ချို said...

ဟုတ်တယ် မင်းကိုလွမ်းတိုင်းပန်းပွင့်မယ်ဆိုရင်
တစ်ကမ္ဘာလုံး ပန်းတွေဖုံးပေါ့ အချစ်ရယ်....

မအိမ်သူ said...

ပန်းခင်းတွေနဲ့ လိပ်ပြာလေးတွေနဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ သာယာလှပတဲ့ ကမ္ဘာမြေကြီးမှာ နွေးထွေးတဲ့ အကြင်နာမီးအိမ်တွေ မငြိမ်းတမ်းလင်းနေစေချင်ပါတယ်။

အဖြူရောင်နတ်သမီး said...

ဒါကြောင့်ထင်တယ်...
ဆိုက်ပရပ်စ်မှာ ပန်းတွေပွင့်နေလိုက်တာများ ပန်းကော်ဇောကြီးခင်းထားသလိုပဲ...

“အရမ်း လွမ်းနေလို့ဗျို့”......

mstint said...

ရင်ထဲက တည်တည်ငြိမ်ငြိမ် လှိုင်းခတ်သံလေးများကို ဖတ်သွားတယ် မိုးငွေ့ရေ။
စိတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်