Monday, 4 July 2011

အဝါရောင်ငှက်ကလေး...






မနက်ခင်းလေးကလှလိုက်တာ…..။
မိုးချစ်တတ်တဲ့ကိုယ့်လိုလူမှ ဒီလိုမနက်ခင်းမျိုးကိုှ လှတယ်လို့ပြောမယ်ထင်တယ်…..။ မိုးရာသီကိုမုန်းတဲ့ သူတွေအတွက်တော့ ပါမယ်မထင်ဘူး….။ နေရောင်ဖျော့တော့တော့အောက်မှာ မိုးပွင့် မိုးစက်တွေက အပြာဖျော့ရောင် ကောင်းကင်ကနေမြေပြင်ကို ရွှေခြည်ငွေခြည်မျှင်ကလေးတွေနဲ့ ယှက်တွယ်ထားသလိုပါပဲ…..။ ကော်ဖီတစ်ခွက်ထိုင်သောက်ရင်း ကိုယ့်ကိုကြိုဆိုလိုက်တဲ့ မနက်ခင်းလှလှလေးကို ကြည့်ရတာ အားရှိလိုက်တာ….။
အညိုနုမှာ အဝါစက်ကြားလေးတွေပါနေတဲ့ ငှက်ကလေးတစ်ကောင် ကိုယ်ကော်ဖီထိုင်သောက်တဲ့ ပြူတင်းပေါက်ဘောင်မှာလာနားနေတယ်….။ မိုးဖွဲဖွဲမှာ အစာရှာထွက်ရတဲ့ ငှက်ကလေး ဗိုက်ဆာနေမှာဘဲလို့ဆိုပြီး… ကော်ဖီစားပွဲအပေါ်ဘက် ဘောင်ပေါ်က ဖန်ပုလင်းလေးကို ကိုယ်လှမ်းယူလိုက်တယ်….။ ဖန်ပုလင်းထဲက အဝါရောင်ပဲစေ့လေးနည်းနည်းကို ပြူတင်းပေါက်ဘောင်ပေါ် တင်ပေးတော့ ငှက်ကလေးက လန့်ပြီး ထပျံသွားတယ်….။ ပဲစေ့လေးတွေကိုတွေ့ရင် သူပြန်လာမှာပါလေဆိုပြီး ကိုယ်….လက်ကျန်ကော်ဖီလေးကို ဆက်သောက်နေလိုက်တယ်….။ ကော်ဖီတွေကုန်ပြီး တော်တော်ကြာသွားတဲ့အထိ ငှက်ကလေးရောက်မလာပါဘူး…..။
ပတ်နေကျမဟုတ်တဲ့ ရွှေရောင်လက်ပတ်နာရီကိုကြည့်လိုက်တော့ အလုပ်သွားဖို့အချိန်က နီးနေပြီ။ ကော်ဖီခွက်ဆေးရင်း ပြူတင်းပေါက်ကနေ ငှက်ကလေးကိုလှမ်းမျှော်ကြည့်မိသေး….။ မနက်စာအတွက် မိုးရေထဲမှာ အတောင်ညောင်းခံပြီး ဘယ်ဆီကိုများ ပျံသန်းနေသလဲ….ငှက်ကလေးရယ်…..။ တကယ်တော့ သက်ရှိတွေအားလုံးဟာ အစာအိမ်အတွက် တစ်နေ့တစ်နေ့ မနေမနား ရှာဖွေစားသောက်ရတာချင်း အတူတူပါပဲ….။ အသိဉာဏ်မြင့်တာနဲ့ နိမ့်တာပဲကွာသွားကြတာပါ…..။
လက်ကိုသေချာဆေး သုတ်သင်ပြီး… ရုံးလွယ်အိတ်ကိုလွယ် အနက်ရောင်ချာလီထီး အကြီးကြီးကို ယူပြီးထွက်ခဲ့တော့တယ်..။ (အဲဒီထီးက အသက်နှစ်ဆယ်နဲ့ မနှစ်က နှလုံးရောဂါနဲ့ ဆုံးသွားရှာတဲ့ ကိုယ့်မောင်တစ်ဝမ်းကွဲထားခဲ့တဲ့ထီး….။ သူရှိစဉ်ကအမြဲပြောပါတယ်… ဘာတဲ့… ရီဟားနားရဲ့ Umbrella MTV ထဲကထီးတဲ့…..။)

မိုးငွေ့

7 comments:

mstint said...

သက်ရှိသတ္တဝါတိုင်း ဝမ်းစာအတွက် ပင်ပမ်းစွာ ရှာမှီးနေကြရတာ ဓမ္မတာပါပဲကွယ်။ ခံစားမှုလေး ဖတ်သွားပါတယ်။

မေတ္တာဖြင့်
အန်တီတင့်

ချစ်ခြင်းအလင်္ကာ said...

ဒီလိုပါပဲလေ..
...............
.................

လာရောက်အားပေးသွားပါတယ်

ခင်မင်လျှက်
ချစ်ခြင်းအလကာင်္

Angelhlaing(May everybody be happy and healthy! said...

သမုဒ္ဒရာ ဝမ်းတစ်ထွာတဲ့ မမ တစ်ထွာစာလေးဆိုပေမယ့် ရုန်းကန်ကြရတာလဲ အလူးအလိမ့်ပါပဲလား မမရေ...
ခံစားအားပေးလျှက်...

သဒ္ဓါလှိုင်း said...

မမိုးပုံလေးကို မျက်လုံးထဲမြင်ယောင်မိသွားတယ်။
ဌက်ကလေးလည်း ဘယ်နားများရောက်သွားပါလိမ့်.။
သူလည်း သူ့ဝမ်းစာအတွက် တခြားတနေရာ ရောက်နေရောပေါ့။။။။
ချစ်တဲ့
သဒ္ဓါ

ပန်းချီ said...

မိုးကိုချစ်တဲ့လူချင်းတူတူ မို့လားမသိ..ရေးထားတာလေးဖတ်ရင်း လွမ်းသလိုဆွေးသလိုပါ..။

ချော(အစိမ်းရောင်လွင်ပြင်) said...

မိုးဖွဲဖွဲကျနေတဲ့ မနက်ခင်းလေးရယ်
အဝါရောင်ငှက်ကလေးရယ် ကော်ဖီတစ်ခွက်ရယ်
အင်း အတော်ချစ်ဖို့ကောင်းတဲ့ မနက်ခင်းဖြစ်မှာသေချာပါတယ်

မအိမ်သူ said...

မိုးရွာတာ ချစ်ဖို့ကောင်းပါတယ်။ ဘယ်ရာသီဘဲဖြစ်ဖြစ် သူ့သဘာဝနဲ့သူ ချစ်စရာကောင်းတာချည့်ပါဘဲ။ မနက်ခင်းလေးကို မျက်စေ့ထဲမြင်ယောင်သွားတယ်။