
အက ကြမ်းပြင်ပေါ်မှာ လေးလက်မလောက်မြင့်တဲ့ pencil heel ဖိနပ်က ရေချယ်လ် ကိုယ်ခန္ဓာနွ့ဲ့နွဲ့ကို လှလှပပ ထိန်းပေးနေတယ်...။ မောင်လေးက ခဏနားရအောင်ဆိုပြီး ရေချယ်လ်ကို လာခေါ်သွားတယ်...။ စောစောက စပေါ့လိုက် နီယွန်မီးအစိမ်းတွေ အနီတွေက တီးလုံးနဲ့အလိုက် စည်းချက်ညီညီ အကကြမ်းပြင်ပေါ် ရှုပ်ရှက်ခတ်နေတာတောင်မှ မူးနောက်မနေဘဲ.... ထိုင်ခုံရှိရာဆီသွားတော့မှ ခြေလှမ်းတွေယိမ်းယိုင်နေတယ်..။ သေချာတယ် ရေချယ်လ်သောက်လိုက်တာ ငါးခွက်ထက်မနည်းဘူးဆိုတာ...။
အမှန်တော့ ဒီညက အမျိုးတစ်ယောက်လက်ထပ်ပွဲ ညနေဒင်နာကျွေးတာပါ...။ အမျိုးဆိုပေမယ့် နည်းနည်းတော့ ဝေးပါတယ်... ဒါပေမယ့် လူချင်းတော့ ရင်းရင်းနီးနီးရှိပါတယ်...။ ပွဲတစ်ခုလုံးမှာရေချယ်လ်တို့ အဒေါ်နဲ့ မောင်နှမတွေရှိတဲ့ ဝိုင်းနှစ်ဝိုင်းပဲ...စည်ကားဆူညံနေတယ်...။ တခြားဝိုင်းကလူတွေတောင် ကွက်ကြည့် ကွက်ကြည့် လုပ်နေကြတယ်..။ ကြည့်ပါပြီကော...ပွဲစလို့ ဟင်းပွဲတွေမလာသေးဘူး ငါးမုန့်ကြော်နဲ့ သီဟိုစေ့လှော် နဲ့မြည်းလိုက်ကြတာ...လာချပေးတဲ့ Black Label ပုလင်းက တစ်ဝက်ကျိုးချင်နေပြီ..။ ဒင်နာပြီးတော့ ကလပ်ဆက်သွားကြမယ်ဆိုပြီး ကလပ်ကိုဘယ်လိုရောက်လို့ရောက်သွားမှန်း ရေချယ်လ် သတိရတချက် မရတချက်ပါပဲ...။ မှတ်မိလိုက်တာတော့ ကလပ်ဝင်ဝင်ချင်း ဆိုဖာပေါ်မှာ ပစ်လှဲထိုင်ချ လိုက်တာပဲ...။ နောက်တော့ အကဝိုင်းထဲရောက်သွားကြတယ်... ဒီလိုကျတော့လဲ ယိုင်နဲ့နဲ့ ခြေထောက်တွေက စည်းချက်နဲ့အတူ ကကွက်ထဲနစ်ဝင်လို့...။
ဝိုင်းရှိရာဆီရောက်တော့ ခုံအမြင့်အဝိုင်းပေါ်ထိုင်ချတာ ယိုင်နဲ့နဲ့ဖြစ်နေလို့ မောင်လေးကလှမ်းထိန်းပေး လိုက်တယ်...။ ရေချယ်လ်တို့ကလပ်လာတာ ဘာအနှောက်အယှက်မှ ကြောက်စရာမလို တစ်ဝမ်းကွဲမောင်တွေက လေးယောက်ပါတယ်... ညီမကသုံးယောက် အန်ကယ်က နှစ်ယောက် အန်တီက တစ်တယောက်... လူအင်အားကတောင့်ပြီးသား ဘေးမှာ ထိန်းပေးမယ့်သူတွေက အဆင်သင့်........။ ရေချယ်လ်တို့ စကတော့ လူတွေသိပ်တောင်မရှိသေးဘူး.... တဖြေးဖြေးညဉ့်နက်လာမှ ကောင်လေးတွေ ကောင်မလေးတွေ တဖွဲဖွဲရောက်လာကြတာ...။ သီချင်းဆိုတာ ကတာတော့ ရေချယ်လ်တို့မောင်နှမတွေက ဝါသနာပါပြီးသား အင်း....ပါရမီလည်းပါတယ် ပြောရမယ်...။ အဲဒါတွေတတ်တာ ဘယ်မှာမှသင်ခဲ့လို့မဟုတ်ဘူး...။ ဒီလိုပဲ အိမ်မှာ ခွေတွေငှားကြည့်ရင်းနဲ့တတ်တာ...။ ရေချယ်လ့်အကြိုက်ဆုံးအကခွေကတော့ ဂျက်ဆီကာ အယ်လ်ဘာ သရုပ်ဆောင်ထားတဲ့ “Honey” ဆိုတဲ့ဇာတ်လမ်းလေးပဲ...။ အဲဒီကားထဲက ကကွက်တွေကို အိမ်မှာဖွင့်ကြည့်ရင်းနဲ့လည်း လိုက်ကလိုက်တာပဲ...။ “Honey” ထဲက ဂျက်ဆီကာရဲ့ စတိုင်လ်ကိုလဲ ရေချယ်လ်သိပ်သဘောကျတယ်...။ ပြီးတော့ ရေချယ်လ်အမြဲကြည့်ဖြစ်တဲ့ကားထဲမှာ “Shall We Dance” လဲပါတယ်...။
အာခေါင်ခြောက်လာလို့ ရေသန့်ဗူးကိုမော့ချလိုက်တယ်...။ မောင်လေးက လာဖက်ထားပြီး ရသေးရဲ့လားလို့ မေးတယ်... ရေချယ်လ်လက်ကာပြလိုက်တော့ အကကြမ်းပြင်ဆီသူပြန်သွားလိုက်တယ်... ။ အန်ကယ်လေးတို့က ဝိုင်သောက်ပြီး အကဝိုင်းတွေဆီ ကြည့်နေကြတယ်...။ ခဏလောက်မှေးလိုက်ရင်ကောင်းမယ်...။ နံရံကိုမှီရင်း ရေချယ်လ် ကနေတဲ့သူတွေကိုကြည့်လိုက်တယ်...။ စကပ်တိုတို မြီးကောင်ပေါက်မလေးတွေ မြူးထူးစွာ ကခုန်နေကြတယ်...ဒီကလပ်က Class တော့ရှိတယ်...တေလေဂျပိုးတွေ သိပ်လာလေ့မရှိဘူး...။ ပြီးတော့ ဝိုင်းတိုင်းမှာ ဘောဒီခပ်တောင့်တောင့်နဲ့ ဝိတ်တာတွေကိုထားပေးတယ်...။ ပြဿနာဖြစ်ရင် လူထိန်းနိုင်လောက်တဲ့ ကိုယ်ခံပညာကျွမ်းကျင်သူတွေကို လက်ရွေးစင်ခန့်ထားပုံရပါတယ်...။ များသောအားဖြင့် Stress သိပ်များသူတွေ ထွက်ပေါက်လာရှာတဲ့ သီးသန့်နေရာလေးလည်းဖြစ်တယ်...။ ကခုန်ပြီး ထွက်ပေါက်ရှာလိုသူတွေအတွက်ပေါ့...။ ရေချယ်လ်တို့မောင်နှမတွေက သီချင်းလည်းအဆိုကောင်းတာ့ တခါတလေဆို ကာရာအိုကေမှာသွားသွားဟစ်တတ်ကြတယ်...။
ရေချယ်လ်ခုလိုမူးနေချိန်မှာ တစ်ယောက်သောသူကိုတော့ သတိရမိပါရဲ့...။ သူကတော့ကမ္ဘာကြီးရဲ့ တစ်နေရာရာမှာရောက်နေတဲ့ မိန်းကလေးတွေ အရက်၊ ဘီယာသောက်တာကို လုံးဝမနှစ်သက်လက်မခံနိုင်တဲ့ ကောင်လေးတစ်ယောက်ပေါ့...။ ခုခေတ်မှာတော့ ခပ်ရှားရှား လူငယ်လေးတစ်ယောက်ပေါ့..။ ခုချိန်ဆို သူကင်မရာတစ်လုံးနဲ့ မြို့အနှံ့ဓါတ်ပုံတွေ လျှောက်ရိုက်ပြီး အိမ်ပြန်ရောက်ချိန်ပေါ့...။ ကွန်ပျူတာဖွင့်ထားပြီး အနားမှာမရှိဘဲ ဟင်းချက်ချင်ချက်နေမယ် ဒါမှမဟုတ် သူ အိပ်ယာခင်းတွေလဲချင်လဲနေမယ်...။ အမှောင်ထဲ မျက်လုံးမှိတ်ထားလျက်က ရေချယ်လ်ပြုံးမိလိုက်သေး...။ ခုချိန်...ရေချယ်လ်သူ့ဆီဖုန်းခေါ်လိုက်ရင် သူဒေါကန်မှာ သေချာတယ်...။ ဘယ်လိုဖြစ်ပြီး ဆူညံနေတဲ့ ကလပ်ထဲကို ဒီချိန်ထိရှိနေသလဲ.... မိန်းကလေးဖြစ်ပြီး မိန်းမ...မပီသတာလောက်ကိုယ်မကြိုက်တာမရှိဘူး...စသဖြင့် သူ တစ်ဗစ်တောက်တောက်ပြောမှာ အမှန်ပင်..။ လူငယ်တစ်ယောက်ဖြစ်ပါလျက် ဒီကောင်လေးဟာ... အဖိုးအိုပေါက်စလိုပဲ... လူငယ်လုံးဝမဆန်ဘူး...။ တစ်ခါလောက်တော့ ဒီလူငယ်လေးနဲ့ တွဲကချင်သေးရဲ့...။
ဘာလို့ ကလပ်တက်ရင် ပျက်စီးပြီလို့ အသေတွက်ချက်ထားကြသလဲ... အင်းလေ...ယေဘူယျအားဖြင့်တော့ မှန်ပါတယ်...။ ဒါပေမယ့် အားလုံးကို ဝါးလုံးရှည်နဲ့တော့ မရမ်းသင့်ဘူးလို့ ရေချယ်လ်တော့ယူဆတယ်..။ တချို့ မိန်းကလေးတွေ အရက်သောက်၊ စီးကရက်သောက်ပြီး မူးရူးနေသောင်းကျန်းနေတာတွေ၊ စားဝတ်နေရေး အတွက် ခန္ဓာကိုယ်ကိုရင်းပြီး လှုပ်ရှားနေရသူတွေ၊ ဝါသနာအရရူးသွပ်လို့ လာပြီးကကြတာတွေ၊ စိတ်ထွက်ပေါက် လာရှာကြသူတွေ အမျိုးမျိုးအဖုံဖုံရှိကြပါတယ်...။ ရေချယ်လ်တို့မောင်နှမတစ်စုကတော့ ပျော်ချင်လို့ အကကို ဝါသနာပါလို့ကို လာလာဖြစ်နေကြတာပါ.....။
မိုးငွေ့
မှတ်ချက်။ ဒီဝတ္ထုတိုလေးဟာ ကျမရဲ့ “မိုးငွေ့နှင့်အတူ” ဘလော့ဂ်ကို အစအဆုံးဖန်တီးပေးခဲ့တဲ့ “ခေါင်”ရဲ့ အကြိုက်ဆုံး ဝတ္ထုတိုလေးဖြစ်လို့ ခုလိုမြန်မာပြည်ပြန်ရောက်လာတဲ့ Welcoming အမှတ်တရအနေနဲ့ ပြန်တင်လိုက်ခြင်းဖြစ်ပါတယ်...။
5 comments:
ဟုတ်ပါတယ် အစ်မမိုးရေ....ဘာပဲဖြစ်ဖြစ် ဝါးလုံးရှည်နဲ့ ရမ်းတယ်ဆိုတာ မကောင်းပါဘူး။ လူအမျိုးမျိုးစိတ်အထွေတွေရယ်ပါ။ ဆင်ခြင်တွေးတောသင့်တဲ့ post လေးပါပဲ ။
ခင်တဲ့(ဖိုးကြယ်)
ကျွန်တော်လည်း တွေးကြည့်နေပါတယ်။
ဆက်ရန်ကို စောင့်နေတယ် ဆက်ပါ ဆက်ပါး)
ဟုတ်ပါတယ်.. ဒါပေမယ့်လည်း မြန်မာအမျိုးသမီး တစ်ယောက်က အဲလို ဝါသနာတွေ မပါသင့်ဘူး ဆိုတာကတော့ မြန်မာတွေ အရိုးစွဲနေတဲ့ အမြင်ပါ...
မမိုးငွေ့... ၀တ္ထုလေး လာဖတ်ပါတယ်။ အရေးအသားလေးက ညက်တယ်။ ဖတ်ရတာ နှစ်သက်မိတယ်။ ဆက်ရန် မျှော်နေမယ်နော်။ ဒီပို့စ်က ဓာတ်ပုံထဲမှာ ဒေါက်မြင့်ဖိနပ်လေး ၀တ်ထားတဲ့ ခြေထောက်ပိုင်ရှင်က မမိုးငွေ့လားပာင်။
Post a Comment