Friday, 18 February 2011

နှင်းဆီရောင်အိပ်မက်.....




ဝေဟင်ပေါ်ကနေမြင်နေရတဲ့ စိမ်းစိမ်းစိုစိုမြင်ကွင်းကို ကျနော်တစ်ဝကြီးခံစားလိုက်တယ်...။ ကျနော်ချစ်တဲ့ မြေကို ကိုယ်တိုင် ခြေထောက်နဲ့နင်းခွင့်ရတဲ့အချိန်မှာ ရင်ထဲက ခံစားရတာလေးက သိမ်သိမ်မွေ့မွေ့...။ လတ်ဆတ်တဲ့ လေကို ရှူရှိုက်ပြီး မျက်နှာကိုမော့လျက်..။ တော်သေးတယ် ပစ္စည်းရွေးတဲ့နေရာမှာ လူက ကျိတ်ကျိတ်တိုးမနေလို့...။ ကံကောင်းချင်တော့ ကျနော့်သေတ္တာက တတိယမြောက်မှာ ထွက်လာပါတယ်..။ ကျတော့်သေတ္တာကို custom မှာစစ်ဆေးခံပြီး အပြင်ထွက်လာခဲ့တယ်...။ သူများတွေတော့ လာကြိုသူတွေတရုန်းရုန်းနဲ့...။ ကျနော်ကသာ လာကြိုမယ့်သူမရှိတာ...။ မရှိဘူးဆိုတာကလဲ ကျနော်ပြန်လာမယ်ဆိုတာကို ဘယ်သူ့မှအကြောင်းမကြားထားဘူးလေ...။ အားလုံးကို အံ့အားသင့်စေချင်တာနဲ့ လုပ်လိုက်တာပါ..။ တကယ်တမ်း အံ့အားသင့်သွားရတာက ကျနော်ကိုယ်တိုင်ဖြစ်နေခဲ့တယ်...။ ပန်းနုရောင်ဖျော့ဖျော့ လက်ပြတ်ရင်ဖုံးကလေးနဲ့ ပန်းနုရောင်အောက်ခံမှာ ခရမ်းရင့်ရောင်ချိတ်ကလေး တွေပါလုံချည်ကိုဝတ်ဆင်ထားတဲ့ ကျနော်နဲ့ ရွယ်တူလောက်ရှိမယ့်ကောင်မလေးတစ်ယောက်...။ နှင်းဆီပန်းစည်းကိုင်ပြီး ကျနော့်ကိုလာကြိုတာတဲ့...။


“ကိုနေမျိုးဇော် မဟုတ်လား”

“ခင်ဗျား”

“ဟုတ်ကဲ့ပါ ကျမက My Valentine's ပန်းဆိုင်က ဝန်ထမ်းတစ်ယောက်ပါ အစ်ကို့ကို ဒီနေ့ချစ်သူများနေ့ အတွက်ပန်းစည်းလေးနဲ့ ကြိုဆိုဖို့ ကျမတို့ရဲ့ customer တစ်ယောက်ကမှားထားလို့ပါ....Happy Valentine's ပါအစ်ကို”

ကျနော့်မှာ လက်တစ်ဘက်က လက်ဆွဲအိတ်တစ်လုံး တစ်ဘက်က သေတ္တာနဲ့ ဘာပြောရမှန်းမသိဖြစ်နေတယ်...။ ကျနော် ဒီနေ့ဒီရက်ပြန်လာမယ်ဆိုတာ ဘယ်သူ့ကိုမှလဲ အပြောထားပါဘူး...။ အဲဗျ....တစ်ခုတော့ရှိတယ်...ကျနော့်ရဲ့ အွန်လိုင်းသူငယ်ချင်းတစ်ယောက်ကိုတော့ ပြောလိုက်မိတယ်...။ ဒါပေမယ့် သူက ကျနော်နဲ့စကားပဲ ပြောဖူးတာ...ရုပ်မှမမြင်ဖူးဘဲ...။ သူတော့ လုံးဝမဖြစ်နိုင်ပါဘူး...။ ကျနော်က ဒီကိုရောက်ပြီး အေးဆေးမှ သူ့ဆီဖုန်းဆက်မယ် အပြင်မှာဆုံကြမယ်စိတ်ကူးထားတာ..။ ဟာဗျာ...။ ကျနော့်ကို ဒီလို အထူးအဆန်း ရင်ခုန်စရာ ပဟေဠိလာထုတ်နေတာ ဘယ်သူများပါလိမ့်...။


“ကျနော့်ကို ပန်းစည်းပေးတဲ့သူ... နာမည်များသိနိုင်မလားခင်ဗျား”

“စိတ်မရှိပါနဲ့ရှင် ဒါက customer ကလျှို့ဝှက်ခိုင်းထားလို့ပါ...”

ကောင်မလေးက သွားစွယ်လေးတွေပေါ်အောင်တစ်ချက်ပြုံးပြီး ကျနော့်လက်ထဲကို ပန်းစည်းထည့်ပေးပါတယ်...။ တော်တော်ချစ်စရာကောင်းတဲ့ ကောင်မလေး...။ ကျနော် တခဏငေးမိသွားတယ်...။ နက်မှောင်တဲ့ ဆံပင်ခွေခွေတွေကို အပြောင်သိမ်းပြီး စုစည်းထားလို့ မျက်နှာလေးက ရှင်းပြီးဝင်းပနေတယ်...။ ကိုယ့်ဘာသာကိုယ်ကြိတ်ပြီး ပီတိဖြစ်သွားသေးတယ်..။ ကိုယ်ချစ်တဲ့မြေကို စနင်းတဲ့နေ့ ချစ်သူများနေ့လဲဖြစ် ထူးထူးခြားခြားဘယ်သူကပေးမှန်းမသိတဲ့ ပန်းစည်းနဲ့အတူ နတ်မိမယ်လေးတစ်ပါးကိုပါ ရင်သပ်ရှုမောစွာ မြင်လိုက်ရသေး...။ ကဲဗျာ... ကျနော့်လောက် ဘယ်သူကံကောင်းနိုင်ဦးမလဲ..။

“အစ်ကို့ကို လာကြိုမယ့်သူမရှိဘူးမဟုတ်လား မေတို့နဲ့အတူတူလိုက်ခဲ့မလား လမ်းကြုံရင် အိမ်ထိပို့ပေးလိုက်မယ်”

အလဲ့...ကြည့်စမ်း ဒီကောင်ကံတက်လိုက်ပုံများ အိမ်ထိတောင် လိုက်ပို့ဦးမယ်တဲ့ဗျား...။ ဒါနဲ့ မေတို့ဆိုတဲ့ အသုံးအနှုန်းအရ သူတစ်ယောက်တည်းမဟုတ်နိုင်ဘူး...။ အော် ....နာမည်လေးက မေ”တဲ့လား...။

“ကျမနာမည် မေပျိုခေတ်ပါ ကားက ဒရိုင်ဘာပါလာတယ် အားမနာနဲ့နော် ပို့ပေးမယ်...။ ကျမတို့ customer ရဲ့ မိတ်ဆွေဆိုတော့ ကျမတို့မိတ်ဆွေပဲပေါ့ customer ပဲပေါ့...”

“ဟုတ်ကဲ့ဗျ...အားနာစရာဗျာ... ဒါပေမယ့်လဲ လိုက်ခဲ့ပါ့မယ်”

ကျနော်ရယ်သွမ်းသွေးပြီး ပြန်ပြောတော့ တခဏခြင်းကျနော်တို့ ဟိုးအရင်ကတည်းက ရင်နှီးခဲ့ဖူးတဲ့ မိတ်ဆွေတွေလိုဖြစ်သွားကြတယ်လို့ ခံစားမိတယ်...။ ကားပေါ်မှာ ကျနော်တို့စကား သိပ်မပြောဖြစ်ပါဘူး...။ ဒီနေ့တော့ ကျနော့်ဘဝမှာ အထူးခြားဆုံးနေ့ပါပဲ..။ ဒီအတွက် အိမ်ရောက်တာနဲ့ ကျနော့်သူငယ်ချင်းလေးဆီကို ဖုန်းအရင်ဆက်ပြီး ပြောပြရမယ်...။ အိမ်ရောက်တော့......


“ကျေးဇူးအများကြီးတင်ပါတယ် မမေပျို”

“ဟုတ်ကဲ့ပါ ကောင်းသောနေ့လေးပါ”...လို့နှုတ်ဆက်သွားတဲ့ သူ့လေသံမျိုးကို ကျနော်သိပ်ရင်းနှီးနေသလိုပဲ...။

ဟုတ်တယ် ကျနော့်အွန်လိုင်းသူငယ်ချင်းလေးနဲ့ ကျနော်စကားပြောပြီးရင် နှုတ်ဆက်နေကျစကားလေးပါ..။ ဖေဖေ မေမေတို့ မမတို့က ကျနော့်ကို ရုတ်တရက်မြင်လိုက်တော့ အံ့သြဝမ်းသာမဆုံးဖြစ်နေကြတယ်...။ မိသားစုနဲ့ စကားလက်ဆုံကျရင်း ကျနော့်လက်ထဲက ပန်းစည်းကို စပ်စုကြသေးတယ်...။ ခုမှကျနော်သတိရမိသွားတယ် စောစောကကောင်မလေးဆီက ဆိုင်လိပ်စာကဒ်လေးမတောင်းလိုက်မိဘူး...။ မမတို့ကိုမေးတော့ My Valentine's ဆိုတဲ့ပန်းဆိုင်မကြားဖူးပါဘူးတဲ့...။ အင်းလေ... သူတို့က အပျိုကြီးတွေဆိုတော့ ဒီလိုသူတို့နဲ့ မဆိုင်တာကိုသိကြမှာမဟုတ်ဘူးလေဆိုပြီး...။ မမလတ်က အကြံပေးလို့ အဝါရောင်စာအုပ်ထဲလှန်လှောရှာကြည့်လိုက်သေး...။ အဲဒီဆိုင်လုံးဝမရှိဘူးဗျာ...။ “မောင်လေးရယ် နင့်ဟာက အပြင်မှာရောတကယ်ရှိရဲ့လား”တဲ့ ။ မကြီးစကားအရ ဒါဆို အပြင်မှာဆိုင်တကယ်မရှိဘဲ ကျနော့်ကို သက်သက်ဂွင်ဆင်တာလား...။ ဟာ... ဒါလဲမဖြစ်နိုင်ဘူး ကျနော်ပြန်လာမယ်ဆိုတာ တိတိကျကျသိနေတဲ့ သူတစ်ယောက်တည်းရယ်...။ ပြီးတော့ အဲဒီတစ်ယောက်က ကျနော့်ကိုမှ မမြင်ဖူးဘဲ...။ ဟာဗျာ....တကယ်စားတယ်....။ ကျနော် ရေမိုးချိုးပြီး ခဏနားလိုက်တယ်...။ ဒီပဟေဠိကို ဘယ်လိုအဖြေရှာရမလဲပဲ ခေါင်းထဲပဲရောက်နေ တော့တယ်...။ ပြီးတော့ သွားစွယ်လေးတွေဖွေးလက်နေတဲ့ ပြုံးအလှပိုင်ရှင်ကောင်မလေးကိုပါ တွဲမြင်မိသွားတယ်...။ ကျနော်တစ်ချက်ပြုံးလိုက်မိတယ်...။ အဲဒီကောင်မလေးက အဲလောက်ဆွဲဆောင်နေသလား ကျနော့်ကို...။ ကျနော့်ရဲ့တစ်ယောက်အိပ်ကုတင်မှာ ခေါင်းအုံးလေးကို ကျောမှီရင်း ဖုန်းနံပါတ်လေးကိုနှိပ်လိုက်တယ်..။ တကယ်ဆို နောက်မှဆက်လဲ ရလျက်နဲ့ ကျနော့်သူငယ်ချင်းလေးကိုလဲ အရမ်းပြောပြချင်နေမိတယ်...။ အင်း ...ဖုန်းဝင်သွားပြီဗျ...။ ဖုန်းမကိုင်ခင်... Mariah Carrey ရဲ့ Bye Bye သီချင်းလေးထွက်လာတယ်...။ သီချင်းသံလေးရပ်သွားတော့...ချိုမြတဲ့ အသံတစ်သံထူးလိုက်တယ်...။


“ဟဲလို....”

“ကျနော်ဘယ်သူလဲ မှတ်မိလား”

“ရှင်... ဘယ်သူလဲဟင်”

“ဘယ်သူလဲဆိုတာ ပြောပြနိုင်ရင် ဒီညနေမုန့်ကျွေးမယ်”

“အမယ်...သိပြီ...ဇော်မဟုတ်လား...ချောချောမောမောပြန်ရောက်ရဲ့လား..”

“ချောမောသလားတော့မမေးနဲ့ဗျာ အဲဒီအကြောင်းပြောချင်လွန်းလို့ကို ဖုန်းဆက်လိုက်တာ”

“အင်... ဒါဆို ရှင်က မေဦးနဲ့ တွေ့ချင်လို့ ဖုန်းဆက်တာမဟုတ်ဘူးပေါ့”

“ရော်....ခက်ပြီ... ရန်မတွေ့နဲ့ဦး ကိုယ်တို့ ညနေဆိုင်တစ်ဆိုင်မှာ တွေ့ကြရင်မကောင်းဘူးလား”

“အဟဲ...ဘာလဲ Valentine မှာ တွဲစရာရည်းစားမရှိလို့လား မေဦးက ခဏတဖြုတ်အတွဲလာလုပ်ပေးရမယ်ပေါ့”

“ဟာဗျာ...ခင်ဗျားလေးကလဲ ကိုယ်ပြောပြမယ့်အကြောင်းအရာကိုသာကြားရင် စိတ်ဝင်စားသွားမှာ သေချာတယ်..”

“ဆောရီးကွယ်...ဇော့်ဆန္ဒကို တို့မဖြည့်ဆည်းနိုင်တဲ့အတွက် စိတ်မကောင်းပါဘူး...။ ပြီးတော့ ဇော့်ရုပ်ကိုလဲ တို့က ခုမှစမြင်ရမှာ သတ္တိမရှိသေးပါဘူး”

ကျနော်ဘယ်လိုပြောရမှန်းမသိလို့ အကြံအိုက်သွားတာနဲ့ ခေါင်းကုတ်နေလိုက်မိတယ်...။

“ဒါဆို မေဦးက ကိုယ့်နဲ့လာတွေ့ဖို့ ငြင်းတယ်ပေါ့ အဲလိုလား... ဘာလဲ
ဒီနေ့ချစ်သူများနေ့မို့ ချစ်သူနဲ့ ချိန်းထားလို့လား..”

ကျနော်အဲလိုပြောတော့ သူမက တစ်ဘက်ကနေ ရယ်ပါတယ်...။ ဘာလဲ ကျနော့်စကားမှားသွားလို့လား..။


“ဇော်ကလဲလေ... ဇွတ်ကိုပြောတော့တာပဲ... မေဦးက ခုရန်ကုန်မှာမဟုတ်ဘူး မန်းရောက်နေတာ.. ဇော်နဲ့ ဘယ်လိုလာတွေ့ရမလဲ”

“သေရော....” ကိုယ့်နဖူးကိုယ်ပြန်ရိုက်မိသွားတယ်...

“သွားပါပြီဗျာ...ဒီနေ့တော့ အထီးကျန်ပါပြီ”

ကျနော်စိတ်ဓါတ်ကျတဲ့ လေသံနဲ့ညည်းလိုက်တော့ တစ်ဘက်ကသူမက ခပ်အုပ်အုပ်ရယ်ပါတယ်...။ သူမရယ်သံလေးကို နားထောင်ပြီး ကျနော်အရမ်းအသည်းယားသွားတယ်...။ ခုချက်ချင်းသူမနဲ့ တွေ့ချင်စိတ်က ပိုပိုပြင်းထန်လာတယ်...။ ဗုဒ္ဓေါ!!!!! ဘယ်လိုဖြစ်တာပါလိမ့်...။

“ဒီလိုလုပ်.... မေဦး မန်းကပြန်လာရင် လေယာဉ်ကွင်းလာကြိုမလား မေဦး ဘယ်လိုပုံစံနဲ့လာမယ်ဆိုတာ
ပြောပြထားမယ်လေ...”

“ဟာ...ဘယ်တော့ပြန်လာမှာလဲ ကြာဦးမှာလား”

“မကြာပါဘူး နောက်နှစ်ရက်ဆိုပြန်လာမယ်...ဇော်...တကယ်လာကြိုနော်...”

“ဟုတ်ကဲ့ပါခင်ဗျာ... လာကြိုပါ့မယ် ကိုယ်ကမေဦးကို ပိုတွေ့ချင်တဲ့လူပဲ...မဟုတ်လား”

“ပြောတာပဲ ရှင်တို့ ယောကျာၤးတွေက ပုံပြင်ပြောသိပ်ကောင်းကြတာ သိပ်တော့ မယုံရဲဘူး”

“ဟောဗျာ...အသားလွတ်... ကဲဒါဆို ကိုယ်မန်းကို နက်ဖြန်လေယာဉ်နဲ့လာခေါ်မယ် ဖြစ်မလား...ကဲ...ပြော...”

“ဟွန့်...အပိုတွေ....အဲလိုလေသံမျိုးမကြားရတာကြာပေါ့...”

“ဒီမှာရှင့်... ဒီမှာ....”

ကျနော့်ခန္ဓာကိုယ်ကို တစ်စုံတစ်ယောက်လာတွန်းနေသလိုခံစားလိုက်ရတယ်...။ မျက်ခွံတွေကလဲ လေးလံနေကြတယ်...။ ကျနော်အားယူပြီးဖွင့်ကြည့်လိုက်တော့...အလင်းရောင်ကစူးခနဲမို့ မျက်လုံးကိုပြန်မှိတ် ထားပြီး လက်နဲ့အသာပွတ်လိုက်တယ်...။ ကျနော့်မျက်လုံးသေချာဖွင့်ကြည့်တော့မှ အရှေ့မှာ ယူနီဖေါင်းနဲ့ ကောင်မလေး...။ နေပါဦးဗျ... သူ့ကိုကျနော်... မြင်ဖူးနေတယ်....။ စဉ်းစားစမ်း... ဟုတ်ပြီ...အိပ်မက်ထဲ့ ကောင်မလေးကျနော့်ကို ပန်းစည်းနဲ့လာကြိုတဲ့ကောင်မလေး...။ ခုလဲ ဒီကောင်မလေး လက်ထဲမှာ နှင်းဆီပန်းတစ်ပွင့်နဲ့..။


“ကျမတို့ လေယာဉ်မြန်မာပြည်ကို ဆိုက်ရောက်ပါပြီရှင် ဒါကတော့ ဒီနေ့ ချစ်သူများနေ့အတွက် ခရီးသည်တွေကို လက်ဆောင်ပေးတာပါ လက်ခံပေးပါရှင်..”

သူ့လက်ထဲက နှင်းဆီပန်းတစ်ပွင့်နဲ့ ချောကလက်ဗူးကို ကြောင်နနနဲ့ ယူလိုက်တယ်...။ ကောင်မးလေးက မြန်မာမလေးမဟုတ်ဘူးဗျ..။ ဘိုလိုပြောတာများ သွက်လို့...။ အာရှသူတော့ အာရှသူပဲ မြန်မာမဟုတ်တာ သေချာတယ်...။ ပန်းစည်းကလေးကိုင်ပြီး ကျနော် ကိုယ့်အဖြစ်ကိုယ်ပြန်တွေးပြီး တော်တော်ရယ်ချင်မိသွားတယ်...။ လမ်းတစ်လျှောက်ကျနော်စိတ်ကူးတွေယဉ်ပြီး အိပ်ပျော်တော့ အိပ်မက်ထဲပါ ထည့်မက်လိုက်တာများ..။ အိပ်မက်ထဲကကောင်မလေးကို ကျနော် အပြင်မှာဆုံဖို့ မျှော်လင့်ချင်သေးတယ်ဗျာ...။ ကျနော်တစ်ခါမှ မမြင်ဖူးတဲ့ အွန်လိုင်းက သူငယ်ချင်းလေးကိုလဲ အမြန်ဆုံးဆုံချင်နေတယ်...။ အပြင်ရောက်တော့ လေကိုတစ်ဝကြီးရှူလိုက်တယ်...။ ကျနော်ချစ်တဲ့မြေကြီးနံ့လေးက လေထဲကတစ်ဆင့် ကျနော့်ခန္ဒာကိုယ်ထဲကို အေးမြစွာလတ်ဆတ်စွာစီးဝင်သွားပြီ...။ ကျနော်ပျော်နေတယ်...။ ဒီမြေကြီးကို ပြန်နင်းခွင့်ရလို့ရော... ကျနော်ချစ်တဲ့သူတွေနဲ့ ပြန်တွေ့ရမှာကြောင့်ရော... ပြီးတော့ ကျနော်မသိနိုင်သေးတဲ့ ကံကြမ္မာလှလှလေး တစ်ခုကို ဘာမှန်းမသိ မျှော်လင့်ပြီးလဲ ပျော်နေမိတယ်...။


မိုးငွေ

2 comments:

ညလင်းအိမ် said...

ဟွား .. ကောင်းတယ်ဗျာ .. စိတ်ကူးကတော့ တော်တော်မိုက်တယ် .. ကျွန်တော်တောင် တကယ်ထင်နေတာ ... အဲဒီ မေပျိခေတ်က အွန်လိုင်းက သူငယ်ချင်းနဲ့ တစ်ယောက်တည်းဖြစ်မယ် ... နောက်ပြီးတော့ သူက တမင်လုပ်တာ .. လူကို ဘယ်လိုသိလည်းဆိုတော့ ဟိုလိုဒီလို ဘာညာပေါ့ ...
အဲလို ရေးမယ်ထင်တာ ..
အဟီး .. ဟုတ်လည်း မဟုတ်ဘူး ..

ချော(အစိမ်းရောင်လွင်ပြင်) said...

အား မိုက်တယ်
ဖတ်ရတာ တကယ် ကောင်းမှကောင်း
အင်း အိပ်မက်ဖြစ်သွားတာ ဆိုးတာ
ဖတ်နေရင်း ရင်ခုန်နေတာ
း)