Sunday, 27 November 2011

ရေတံခွန်နဲ့တူသောသူ........





ဘာလို့လဲ မသိဘူး အဲဒီကောင်လေးကိုစတွေ့ကတည်းက ရေတံခွန်ကစီးကျလာတဲ့ ရေကြည်ရေပေါက်တွေလိုပဲ ခံစားမိတယ်....။ ကြည်ကြည်လင်လင်လေး...။ သန့်သန့်ရှင်းရှင်းလေး...။

သူနဲ့ကိုယ်တို့ရဲ့ ငယ်စဉ်ဘဝလေး နဲနဲခပ်ဆင်ဆင်တူတယ်....။ မောင်နှမလေးယောက်ရှိတာချင်းရော အကြီးဆုံးဖြစ်တာရော... မောင်နှမလေးယောက်မှာ မိန်းကလေးနှစ်ယောက် ယောကျာ်းလေးနှစ်ယောက် ဖြစ်နေတာရော.....။ ရွာမှာနေပြီး ကြီးပြင်းခဲ့တာချင်းရောပေါ့.........။ ဒီလိုပါပဲ လူ့ဘဝဆိုတာ ဘယ်အရွယ်ရောက်ရောက် ရုန်းကန်လှုပ်ရှားရတာချည်းပါပဲ..။ ဘာမှမလုပ်ရမကိုင်ရဘဲ သာသာယာယာနဲ့ ဘဝကြီးကိုဖြတ်သန်းရမယ် ဆိုရင် တော်တော်တော့ ပျင်းစရာကောင်းမယ်.....။

သူကရေတံခွန်နဲ့တူတယ်.....။ အောက်က ရေအိုင်ထဲကိုမရောက်ခင်အထိတော့ ဝုန်းဒိုင်းကျဲပြီး ခုန်ဆင်းကျလာတယ်....။ အောက်လဲရောက်ရော....ရေအိုင်လေးက တည်တည်ငြိမ်ငြိမ်ကလေးဖြစ်သွားတယ်..။ ရေကျတဲ့အရှိန်နဲ့မို့လဲ ရေအိုင်ကနက်နဲစိမ်းမှောင်နေတယ်.....။ အဲလိုပဲ သူ့ရဲ့ နေ့စဉ်အလုပ်တွေကို မနားမနေပြေးလွှားလှုပ်ရှား လုပ်ရတယ်.....။ ပြီးတော့မှသာ ရေအိုင်လို အေးဆေးစွာနဲ့ သူအိပ်စက်အနားယူတယ်..။ တောင်ပေါ်ကကျလာတဲ့အရှိန်ကြောင့် ရေတံခွန်လေးဟာ တခါတလေတော့ ထိခိုက်နာကျင်တာတွေရှိတတ်တာပေါ့.....။ တခါတခါကျတော့လဲ စမ်းရေအိုင်ထဲက ရောင်စုံငါးလေးတွေ လူးလားခေါက်ပြန်ကူးခတ်တော့ ရေတံခွန်လေးအတွက် ပျော်ရွှင်မှုပဲပေါ့....။

ကိုယ်ကသာ အဲဒီကောင်လေးကို ရေတံခွန်နဲ့ခိုင်းနှိုင်းတာ သူကတော့အနားမှာ ရေဗူးထားမသောက်တတ်တဲ့ သူမျိုး....။ ကိုယ်နဲ့စကားပြောရင်တော့ သူကပြောတတ်သေးတယ် ရေများများသောက် အသားရေလှတယ်တဲ့...။ ကိုယ့်အမြင်တော့ အဲလိုရေတံခွန်နဲ့တူတဲ့သူဟာ ဘဝမှာ ဘယ်လောက်ပဲခက်ခဲကြမ်းတမ်းပါစေ အဲဒီအချိန်ကိုရအောင် ဖြတ်ကျော်တယ်....။ ဖြတ်ကျော်နေစဉ်ကာလမှာပဲ လူကအပူမီးတွေတောက်လောင်တာ အားလုံးလဲ ပြီးသွားရော စမ်းရေအိုင်လေးလိုအေးချမ်းသွားလိုက်တာ....။ ဒါကြောင့် သူ့ကိုကြည့်ရင် အမြဲအေးဆေးနေတတ်တယ်.....။ ရေတံခွန်လေးဟာ....ဘဝအခက်အခဲတွေကို အေးအေးချမ်းချမ်းနဲ့ ရင်ဆိုင်ဖြေရှင်းတတ်သူမို့ လူမသိသူမသိဘဝကိုသာသာယာယာ ဖြတ်သန်းနေရသလိုထင်ရတယ်.....။







ရေတံခွန်လေးဟာ သူ့မှာရှိတဲ့စိတ်ကူးယဉ်မှုတွေကို စီးဆင်းစေတဲ့ စမ်းချောင်းလေးတစ်ခု ပိုင်ဆိုင်ထားတယ်...။ သူ့ရဲ့စိတ်ကူးလေးထဲမှာ နှင်းဆီပန်းပွင့်လေးတွေပါမယ်.... ချယ်ရီပန်းပွင့်လေးတွေပါမယ်... ညအလှကိုဖြည့်ဆည်းပေးတဲ့ လင်းလက်တောက်ပတဲ့ ကြယ်ပွင့်ကလေးတွေပါမယ်.... လိပ်ပြာကလေးတွေပါမယ် ငှက်ကလေးတွေပါမယ်.....မြက်ခင်းပြင်စိမ်းစိမ်းတွေပါမယ်....။ ပြီးတော့ ညဝတ်ရုံလွှာနဲ့ သိပ်လှတဲ့ နတ်သမီးတစ်ပါးလည်း ရှိသေးတယ်တဲ့......။

သူ့ဘဝအမောတွေပြေစေဖို့ သူ့ရဲ့ စမ်းချောင်းထဲမှာ သူနေ့စဉ်ကူးခတ်အနားယူရတယ်.......။ ဟုတ်တယ်လေ ရေတံခွန်ဆိုတာ ဟိုးးးအမြင့်ကနေစီးကျလာပြီးရင်.......နောက်ဆုံးတော့ ဒီစမ်းအိုင်ထဲ စီးဆင်းလာသမျှ ခရီးပန်းလာသမျှ အမောဖြေရတာပဲမဟုတ်လား........။



မိုးငွေ့

13 comments:

7pm said...

ပိုစ့်လေးကိုသဘောကျမိပာတယ်ဗျာ... ခံစားချက်နယ်မြေချင်းသိပ်မကွာလှဘူးထင်တယ်.. :)

rose said...

ရေးထားတာလေးက ချစ်စရာလေး။ စကားလုံးလေးတွေ သုံးထားတာ နူးညံ့လိုက်တာ...။

စံပယ်ချို said...

စာအရေးအသားလေးတွေကစိတ်ဝင်စားစေပါတယ်
ခေါင်းစဉ်လေးနဲ့လဲ လိုက်ဖက်တယ်
ချစ်ချစ်ခင်ခင် jasmine

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖတ်လို့လည်းကောင်း
အဲဒီရေတံခွန်နဲ့တူတဲ့ ကောင်လေးက ဘယ်သူလဲလို့လည်း စိတ်ထဲက မေးမိသေး
သိများသိနေသလားလို့လေ.. ..း)

ညိမ်းနိုင် said...

သိသလိုလိုပဲ...ဒီကောင်လေး ဘူပါလိမ့်နော် :)၊ထားပါဗျာ
ဘူဖြစ်ဖြစ်....အဲ့သာကအရေးမကြီးပါဘူး...ဟုတ်...။
ပြောချင်တာက တစ်နေ့လုံးလှုပ်ရှားရုန်းကန်နေရသူတစ်
ဦးကို ရေတံခွန်နဲ့နှိုင်းယှဉ်ထားတာလေး သိပ်လှတယ်..၊
သူ့ကဗျာတွေ၊စာတွေနဲ့အပန်းဖြေရတာကို စမ်းချောင်းလေးနဲ့ခိုင်းနှိုင်းလိုက်တာကလေးကလည်း
ချစ်စရာလေး...၊အင်း.......နတ်သမီးလေးလည်းပါသတဲ့
လား....၊ကဲပါလေ....သူ့စိတ်ကူးယဉ်စမ်းချောင်းလေး
ကိုသွားချောင်းကြည့်ဦးမှပါ...၊ဘယ်ကနတ်သမီးလေး
ပါလိမ့်နော်.....။

mstint said...

အရေးအသားလေးတွေ ကောင်းတယ် မိုးငွေ့ရေ။
ရေတံခွန်နဲ့တူတဲ့ကောင်လေးကို တီတင့်သိလားဟင်?း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ပဥာက် said...

ကောင်းလိုက်တဲ့ နိုင်းယှဉ်မူ့ပါပဲ ..

မဒမ်ကိုး said...

ရေးတတ်သူတွေအဖို့ခံစားရသမျှ ချရေးရရင် လှပနေတတ်တယ်း)

ညီရဲသစ် said...

ရေတံခွန်နဲ့ တူသောသူ...
ခိုင်းနှိုင်းထားတာလေး လှတယ်...

...အလင်းစက်များ said...

ဘယ်မှာတုန်း အဲ့သည် ရေတံခွန်။ လာခဲ့ ရေအားလျှပ်စစ် ထုတ်ဖို့  တရုတ်ကို ရောင်းစားရမယ်။ :D :D :D

အမ်တီအန် said...

သူလေးက ဘူလေးလဲ..?
ထာဝရဧမြတဲ့ ရေတံခွန်လေးဖြစ်ပါစေပေါ့...။

အဖြူရောင်နတ်သမီး said...

ကောင်လေးအတွက်..
ဆိုပေမယ့်..
ကောင်မလေး လာဖတ်သွားပါတယ်..း)

အလုပ်များပြီး နေမကောင်းပါဖြစ်နေလို့ ဘလော့ဂ်မလည်ဖြစ်ဘူးမမိုးရေ..
သတိရတယ်နော်..

ဆူးသစ် said...

အရေးအသားတွေက တော်တော်ကို နူးညံ့တယ်ဗျနော်။ အားပေးပါတယ်။ ဆက်လုပ်ပါ။ ခံစားလည်း ခံစားသွားပါတယ်။