Tuesday, 29 November 2011

တိမ်တွေဆီ.....






ဒီညတိမ်တွေ...ငြိမ်ငြိမ်ကလေးရပ်နေတာရုပ်ဆိုးတယ်........တိမ်တွေဆိုတာ ရွေ့လျားနေမှလှတာ...... 

တိမ်တွေ ငြိမ်ငြိမ်လေးရပ်နေတာကိုကြည့်ရတာ ခံစားရတယ်......

အဲဒီစကားလေးတွေကို စိတ်ကူးယဉ်ဆန်တဲ့ လူငယ်လေးတစ်ယောက်ဆီကကြားလိုက်ရတာ...... ဟိုးငယ်စဉ်က ပုဇွန်ဆီရောင်တိမ်တွေကိုပြန်ပြီးအမှတ်ရမိတယ်.....။ အဲဒီတုန်းက သံတံတားဘောင်ပေါ်ကနေ ညနေ နေဝင်ချိန် တိမ်တွေ အရောင်ပြောင်းတာကို ထိုင်ကြည့်ရတာ သိပ်လှတာပဲ.....။ နေဝင်ချိန်တိမ်တောက်တဲ့အခါလို့တောင် ဆိုရိုးရှိခဲ့တာလေ......။ အဲဒီတုန်းက မြင်ဖူးတဲ့ တိမ်လောက်လှတာမရှိဘူး...။ ကိုယ်မှတ်မိသလောက် ကိုယ့်အသက်ဆယ့်ခုနှစ်နှစ်တုန်းကပေါ့......။

နောက်ပိုင်းတော့ တိမ်တွေကို သိပ်မကြည့်ဖြစ်တော့တာ နှစ်ပေါင်းတော်တော်ကြာသွားတယ်ထင်တယ်....။ ကြည့်မိတဲ့ တိမ်တွေကလဲ ခဲသားရောင် အရင့်အဖျော့တွေများတယ်........။ တခါတလေမှသာ ဖွေးဖွေးတောက်တောက်တိမ်ဖြူတွေကိုမြင်ရတတ်တာ......။ ငယ်တုန်းကတော့ တိမ်တွေပုံစံအမျိုးမျိုးပြောင်းတာကို ထိုင်ကြည့်ဖို့အချိန်ရခဲ့တာကိုး....။ တကယ့်ဘဝထဲကို ထဲထဲဝင်ဝင်ရောက်သွားပြီးတဲ့နောက်ပိုင်းမှာ ....တိမ်ဆိုတာကို မိုးကောင်းကင်မှာ တစ်နေ့တစ်ခါတောင် မော့မကြည့်ဖြစ်တော့ဘူး.....။

ခရီးသွားတဲ့အခါကားစီးရင်းကားမှန်ပြူတင်းကကြည့်ဖြစ်တယ်.....။ လေယာဉ်စီးဖြစ်ရင်လည်း လေယာဉ်ပြူတင်းကနေ တိမ်မွေ့ယာတွေကိုကြည့်ဖြစ်တယ်.....။ တိမ်တွေပုံစံမျိုးစုံပဲ.... ပန်းပွင့်ပုံအဆုပ်လိုက်ရော...။ ထွန်ယက်ထားတဲ့ လယ်ကွက်လိုပုံမျိုးရော....လေနှင်ရာ တရိပ်ရိပ်ပြေးလွှားရွေ့လျားနေပုံ သိပ်ကိုလှပါတယ်......။ ပြီးတော့ မခဥမရဲ့ ဘလော့မှာ တိမ်ပုံတွေကို ခဏခဏတွေ့ဖြစ်တယ်....။ မကွန်ကတော့ အချိန်ပေးပြီးတော့ကို တိမ်တွေကို နေ့ဘက်ပုံရော ညဘက်ပုံတွေပါ ဓါတ်ပုံမှတ်တမ်းတင်လေ့ရှိတယ်...။ တိမ်တွေကိုချစ်တတ်တဲ့ သူ့စိတ်ကို အဲဒီပုံတွေက ဖော်ပြတာ....။

တခါတလေ စိတ်ကူးလေးနဲ့ ငှက်တစ်ကောင်လို ဟိုးးး အမြင့်ကိုပျံသန်းပြီး တိမ်တွေဆီ ပျံဝဲလိုက်ချင်တယ်.....။ တိမ်စိုင်အိအိထွေးထွေးလေးပေါ်မှာ အိပ်စက်နားယူလိုက်ချင်တယ်.....။ တိမ်တွေပေါ်လမ်းလျှောက်ချင်တယ်.......။ တိမ်တွေကိုခိုစီးရသလိုခံစားမှုမျိုးကိုကြိုက်တယ်.......။ တိမ်တွေအကြောင်းကိုစာရေးမယ်.... ကဗျာတွေစပ်မယ်..။ တိမ်တွေကိုချစ်တဲ့သူက စိတ်ကူးယဉ်ဆန်တဲ့သူဖြစ်တယ်.... မခဥမလိုပေါ့....။ ကိုယ်စိတ်ချမ်းသာရင်ပြီးတာပဲ ဘယ်သူ့မှထိခိုက်တာမဟုတ်တာနော်... စိတ်ကူးယဉ်တယ်ဆိုတာ....။

တခါတုန်းက တက္ကသိုလ်ကျောင်းက သူငယ်ချင်းတစ်စုနဲ့ တန်ခိုးကြီးတောင်ပေါ်ဘုရားတစ်ဆူ သွားဖူးကြရင်း ညဘက်ကြီး တောင်ပေါ်မှာ မိုးတွေရွာ တိမ်ငွေ့တွေ အဆုပ်လိုက် အဆုပ်လိုက်ကိုယ့်နားကနေ ဖြတ်ဖြတ်သွားတာ... အံ့သြထူးဆန်းစွာကြုံခဲ့ဖူးတယ်........။ အေးခနဲ စိမ့်ခနဲခံစားမှုနဲ့ အဲတစ်ညလုံးမအိပ်တော့ဘူး တိမ်တွေကိုပဲထိုင်ကြည့်မိတော့တယ်......။ တော်တော်စိတ်ဝင်စားစရာကောင်းတယ်....။

တိမ်တွေကိုချစ်တတ်တဲ့သူတွေဟာ တိမ်တွေလိုနူးညံ့တတ်သူလား.....???
ဒါမှမဟုတ် ........
တနေရာတည်းမှာရပ်မနေဘဲ တရွေ့ရွေ့ပြေးလွှားနေတတ်သူလား.......??

လူတိုင်း......ဘဝအမောတွေကိုပြေစေဖို့ တိမ်တွေဆီကို တခါတရံသွားမိကြမယ်ထင်ပါတယ်..........။


မိုးငွေ့

11 comments:

ညီလင်းသစ် said...

တိမ်တွေ အကြောင်းပို့စ် ဖတ်ရတာ တိမ်တွေက အနားမှာ ဖြတ်သွားလိုက် သလိုပဲ၊ ပါးလျား၊ နူးညံ့ပြီး စိတ်အသိနဲ့မှ ခံစားနိုင်တဲ့ ပွတ်သပ် ချော့မြှူမှုကလေး ရလိုက်သလို...။

မဒမ်ကိုး said...

ွှွှုအင်းးမိုးရေ တိမ်တွေကိုမော့မကြည့်ဖြစ်တာ ကြာပါပကောလားကွယ်း(

စံပယ်ချို said...

မိုးငွေ့ရေ
ဂျက်ကတိမ်တွေကိုတော့ခံစားချက်နဲနဲရှိပါတယ်
သူတို့ကိုကြည့်ရတာသဘောကျတယ်
ဒါပေမဲ့ မိုးငွေ့-နှင်းငွေ့-နှင်းမိုး-့မြူ
အဲတာတွေကိုခံစားချက်ပိုတယ်
ဒါကြောင့်လဲမိုးငွေ့ကိုချစ်တာလေ
အာဘွား

Han Kyi said...

တိမ်တွေကို စိတ်ဝင်စားပါ့...တိမ်ညိုမိလ္လာ တိမ်စူကာနဲ့ တိမ်ပြာရောယှက် မရမ်းဖက်ထားတာဆိုတော့ လှသကိုး...တိမ်ပေါ်မှာတော့ မအိပ်ချင်ပေါင်ဗျာ ချော်ကျရင် မချောင်ပေဘူး..

ညိမ်းနိုင် said...

တိမ်တွေကို ကျွန်တော်တော့ သိပ်ချစ်တယ်....။အင်း...
အစ်မပြောတာဟုတ်ပါတယ်လေ...၊တိမ်ကိုချစ်တဲ့သူတွေ
က နဲနဲစိတ်ကူးယဉ်တော့ဆန်တယ်ဗျ..၊တိမ်တွေရွေ့လျား
နေသလို တရွေ့ရွေ့ ပြေးလွားနေရတာကိုလည်း ကြိုက်
တတ်ပြန်တယ်...၊နေ့တိုင်း တိမ်တွေကိုမော့ကြည့်တတ်
တယ်...၊တိမ်တွေငြိမ်ငြိမ်လေးရပ်နေတာ ရုပ်ဆိုးတယ်တဲ့
လား...၊ကြားမိလိုက်သလိုပဲ...ဘူများပြောပါလိမ့်နော်....:)
ထားပါလေ...ဘူပြောပြောပေါ့နော့...၊ဒါပေမယ့်ကျွန်တော့်
အတွက်တော့ မျောလွင့်တိမ်ပဲဖြစ်ဖြစ်၊သက်ငြိမ်တိမ်ပဲ
ဖြစ်ဖြစ် ချစ်စရာကောင်းနေတာပါပဲဗျာ...၊တိမ်တွေဆီသို့
ခရီးထွက်ကြမယ်လေ.....၊တစ်ရက်ရက်ပေါ့နော့.....:)))

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင် ညနေဆည်းဆာရဲ့ တိမ်တောက်ချိန်ကို ဓာတ်ပုံသွားရိုက်ခဲ့သေးတယ်..
ဟုတ်တယ် တိမ်တွေရဲ့ ပြောင်းလဲပုံကိုကြည့်ရတာ သိပ်စိတ်ဝင်စားဖို့ကောင်းတာဘဲ။
သဘောကျတယ်..

အမ်တီအန် said...

ငယ်ငယ်တုန်းကဆို တိမ်တွေ ကြည့်ပြီး စိတ်ကူးယဉ်ဘူုးတယ်။ တိမ်တွေကိုကြည့်ရတာ ပန်းချီကားချပ်တွေလိုခံစားရတယ်။ အနားသတ်အမျိုးမျိုးနဲ့၊ ပုံသဏ္ဍာန် အမျိုးမျိုးနဲ့၊ မင်းသမီးလေးကနေပုံ၊ ဆံဖွပ်တဲ့ အဖိုးအိုနဲ့ ဖိုးရွှေလပုံ၊ ငှက်လေးပုံ...၊စသဖြင့် ကိုလိုရာ ပုံဖော်တွေးရတာ အရသာ..။

လင်းခေတ်ဒီနို said...

မမီး တိမ်တွေကို လက်နဲ့ ဆုပ်ကစားလို့ ဘုရားပေါ်လဲ ထိုင်သွားတယ်း)

mstint said...

ချောရဲ့ပို့စ်ဖတ်အပြီး မိုးငွေ့ပို့ဆီရောက်လာတယ် ဒီကနေ့တော့ တိမ်တွေကြားမှာနစ်မျောနေပေါ့ မိုးငွေ့ရေ။ ဒီတစ်ခေါက် လေယာဉ်ပေါ်ရောက်ရင် တိမ်တွေကို ဓာတ်ပုံရိုက်အုံးမယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဆူးသစ် said...

တိမ်တွေကို နှစ်သက်သူတွေရှိတယ်တဲ့လား။ ခံစားမှုကထူးဆန်းတယ်။ စိတ်ကူးယဉ်လို့ကောင်းမယ်။ တစ်ချိန်မှာတော့ တိမ်တွေကို သေသေချာချာငေးကြည့်ခံစားခွင့်ရဦးမယ်လို့ထင်ပါတယ်။

ညီရဲသစ် said...

ဟုတ်တယ် အစ်မ...
ကျွန်တော်လဲ တိမ်တွေကြားကို ရောက်ဖူးတယ်...
တိမ်တွေကို ကြည့်ရတဲ့ ခံစားချက်က ဘာနဲ့ မှ လဲလို့ မရတဲ့ ကြည်နူးမှု တစ်ခုဆိုတာ ကြုံဖူးမှ သိမှာ...