
“မစု… ဘာဖြစ်လို့လဲ အလုပ်အဆင်မပြေလို့လား..”
ထမင်းစားပြီး …ညဦးလေကို တဝရှူရှိုက် ကောင်ကင်ကြီးကိုငေးမောကြည့်တုန်း…. တဖက်ဝရံတာက သူ့အသံကိုကြားလိုက်တော့မှ သူမအတွေးတွေလွင့်သွားတယ်…။
“ကိုယ့်အလုပ်အဆင်မပြေတော့ မင်းကဘာကူညီပေးနိုင်မှာမို့လဲ…”
“တစ်ခုခုပေါ့ဗျ…ကျွန်တော်ကူညီနိုင်မယ့်အလုပ်မျိုးပေါ့…”
သူက သူမနဲ့ပိုနီးအောင် ခြားထားတဲ့ နံရံနားက ဝရံတာလက်တန်းလေးကိုလက်တင်ထားလိုက်တယ်…။
“မင်းရော ခုသင်တန်းမှာဘာတွေသင်နေလဲ…”
“ခု သင်တန်းက မြို့ထဲမှာမဟုတ်တော့ဘူးလေ လက်တွေ့တက်နေတာ ရေငုပ်သင်နေတယ် ..”
သူ့စကားကြောင့် သူမက အံ့သြဟန်နဲ့ ကိုယ်ကိုမတ်လိုက်တယ်…။
“ရေငုပ်တာ ဒါဆို မင်းကောင်းကောင်းငုပ်တတ်ပြီလား…မင်းကကယ်ဆယ်ရေးတွေဘာတွေလုပ်တော့မယ်ပေါ့”
“တကယ်ငုပ်တတ်ပြီပေါ့ဗျ…. ကျွန်တော့်အလုပ်အတွက်လိုအပ်တယ်လေ…”
“ဒါဆို ကိုယ့်ကို ကူညီပါလား ချာတိတ်…”
“ဘာကူညီရမလဲဗျ…”
+++++++++++++++
“ဆရာမ သူ့ကိုသင်ပေးရတာ အဆင်ပြေရဲ့လား…”
“ပြေပါတယ် သူကဉာဏ်ကောင်းတယ် ခဏလေးပဲသင်လိုက်တာနဲ့ကို တော်တော်ပြောတတ်နေပြီ”
သူမလက်ခံထားတဲ့ ကြော်ငြာတစ်ခုအတွက် သူ့အကူအညီနဲ့ အဆင်ပြေသွားနိုင်တယ်လို့ ယုံကြည်စွာနဲ့ သူ့ကို ရိုက်ကွင်းခေါ်လာခဲ့တယ်….။ လောလောဆယ်သူ့ကို လက်ဟန်ခြေဟန်နဲ့စကားပြောဖို့ ကြော်ငြာထဲမှာပါတဲ့ ဟန်တချို့ကို စွံ့အနားမကြားကျောင်းက ဆရာမတစ်ယောက်နဲ့ သေချာသင်ထားပေးပြီးပြီ…။ သူက အိုကေပြီဆိုလို့ သူ့ကို ငါးကန်ထဲရေငုပ်မယ့် ဝတ်စုံအပြည့်နဲ့ဆင်းခိုင်းလိုက်ပီ…။ ရိုက်ကွင်းက အဏဝါပြတိုက်ထဲက ငါးမှန်ကန်တစ်ခုထဲမှာ…။
သူနဲ့ဆက်သွယ်စကားပြောလို့ရအောင် မိုက်လေးတပ်ပေးလိုက်တယ်….။
“ချာတိတ် အဲဒီအတိုင်းဟိုဖက်ဒီဖက်ခဏကူးနေနော် ပြီးရင် မင်းရဲ့ ဘယ်ဖက်ဒေါင့်လေးနားက ကျောက်ခက်ဆီကို ကူးသွားမယ် အဲဒီအောက်မှာ ကမာခွံတစ်ခုရှိတယ် အဲဒါကောက်ယူလိုက်ပြီး အထဲက ပုလဲလုံးလေးကိုထုတ်ယူလိုက် ပြီးတာနဲ့ စောစောက ဆရာမသင်ပေးထားတဲ့ အမူအရာလေးလုပ်ရမယ်နော်…”
သူက သူမပြောတဲ့အတိုင်းအကုန်အဆင်ပြေပြေလုပ်သွားတယ်….။
“ဟုတ်ပြီ တော်တယ် ချာတိတ်အဆင်ပြေတယ်…ကဲ မင်းရေထဲကထွက်လာ လို့ရပြီ…”
သူက ထွက်မလာသေးဘဲ…ရေထဲကနေလက်ဟန်နဲ့သူမကိုစကားပြောနေတယ်…။
“ထွက်လာတော့လေ ဘာတွေပြောနေတာလဲ….ဆရာမ သူဘာပြောနေတာလဲ…”
သူမက နားမလည်တော့ ဘေးနားကဆရာမကိုမေးရတော့တယ်…။
“လူအယောက်တစ်သောင်းက မင်းကိုသတိရနေရင် အဲဒီလူတွေထဲမှာ ကျွန်တော်တစ်ယောက်အပါအဝင်လို့ မှတ်ပေးထားပါ… လူအယောက်တစ်သိန်းက မင်းကိုသတိရနေရင်လဲ အဲဒီလူတွေထဲမှာ ကျွန်တော်ပါတယ်လို့ မှတ်ယူပေးပါ…”
ပြီးတော့ ဆရာမက ဘာသာဆက်မပြန်တော့ သူက လက်နှစ်ဖက်ကိုခေါင်းပေါ်မှာ ကွေးပြပြီး အသဲပုံလေးလုပ်ပြပါတယ်….။ သူမသဘောပေါက်ပြီး သူ့ကို အမြန်ထွက်လာဖို့ မှန်ကိုထုပြီး ပါးစပ်က ပွစိပွစိလုပ်ပြ လိုက်တယ်…။ အပြင်က ပြတိုက်လာကြည့်တဲ့ လူတချို့ကို သူ့ရဲ့ ရည်းစားစကားပြောနည်းကို သဘောကျပြီး လက်ခုပ်လက်ဝါးတွေထတီးကြတော့ သူမျက်နှာဘယ်လိုထားရမှန်းမသိတော့…။
++++++++++++++++
သူမကြော်ငြာလေး အောင်မြင်စွာရိုက်ကူးနိုင်သွားတဲ့အတွက် သူ့ကို ညနေစာလိုက်ကျွေးပါ့မယ်လို့ ပြောထားပြီးသားမို့ သူစားချင်တဲ့ ဆိုင်ကိုရွေးခိုင်းလိုက်တယ်…။
“အင်းး…ဘယ်မှာစားရင်ကောင်းမလဲနော်….” သူက မေးစေ့လေးပွတ်ပြီး ပြုံးစေ့စေ့နဲ့ သူမကိုလဲ တစ်ချက်ကြည့်လိုက်သေးတယ်…။
“မြန်မြန်ပြောနော် စိတ်ပြောင်းပြီး မကျွေးချင်မကျွေးတော့ဘူး…”
“တကယ်ဆို ကျွန်တော့်က စုလက်ရာကိုပဲစားချင်တာဗျ…အင်း…ဒါပေမယ့် အလုပ်ကလဲပင်ပန်းလာတော့ မချက်ပါနဲ့တော့ အပြင်မှာပဲ ဆိုင်တစ်ဆိုင်မှာပဲ စားကြမယ်ဗျာ..နော်…”
“အော်ကဲ…လျှာကလဲရှည်လိုက်တာ ဆိုင်ရွေးခိုင်းထားတယ်လေ စဥ်းစားလို့ရပြီလား မရရင် ကိုယ်ကျွေးမယ့်ဆိုင်ကိုပဲလိုက်ခဲ့တော့…”
“ဟင်…စောစောကတည်းက ဆိုင်ရှိပြီးသားကို လူလာပြီး ခေါင်းစားနေတယ် ဒါဆို စုကျွေးမယ့်ဆိုင်ကိုပဲသွားမယ်လေ…”
သူမ..သူ့ခေါင်းကို ဒေါက်ခနဲ့ ခေါက်ပစ်လိုက်ပြီး အိတ်ကိုဆွဲထွက်လာလိုက်တယ်…
“အားးး လားလား…ဘလိုင်းကြီးခေါင်းခေါက်တယ်ဗျာ…အဲဒါကဘာဖြစ်တာလဲ…နာလိုက်တာ”
သူက ခေါင်းပွတ်ရင်း သူမနောက်ကို အပြေးလိုက်လာခဲ့တယ်…။
“စုလို့ခေါ်လို့လေ တော်တော်နာသွားလားခေါက်တာ…ကိုယ့်လက်ကမပြင်းပါဘူး အာလူးသီးထွက်ရုံလေးပါ..”
အညိုရောင်သရေအိတ်ကိုစလွယ်သိုင်းပြီး တီရှပ်အဖြူ ဂျင်းဘောင်းဘီမိုးပြာရောင်လေးနဲ့ မြောက်ကြွကြွလေးရှေ့ကလျှောက်နေတဲ့သူမကို ကြည့်ရင်း…သူကတော့ သူမကို သူနဲ့ရွယ်တူကောင်မလေးလို့ပဲမှတ်တယ်…။
“မရဘူး အိမ်ပြန်ရောက်ရင် ကြပ်ပူထိုးပေးရမယ် ဒါပဲ…တကယ်ကြီး အာလူသီးထွက်သွားပြီဗျ…”
သူမနဲ့ဘေးချင်းယှဉ်လျက် သူလိုက်လျှောက်လိုက်တယ်…။
“ဟဟ…နုလိုက်တာ ချာတိတ်ရာ….”
သူခေါင်းကို သူမက လက်နဲ့အသာဖွလိုက်သေးတယ်….။
သူမတို့ ကန်တော်ကြီးပတ်လမ်းပေါ်က ပင်လယ်စာဆိုင်မှာ အတူစားကြတယ်…။
“မစုက ပင်လယ်စာကြိုက်တာလား…”
“ကိုယ်လား…အကုန်ကြိုက်တယ်…အကုန်စားတယ် ခုပင်လယ်စာက နေ့လည်တုန်းက ရိုက်ကွင်းအမှတ်တရအဖြစ်လာစားတာလေ…မင်းက ရေငုပ်ကျွမ်းကျင်သားပဲ… မင်းအလုပ်က ရေငုပ်တာနဲ့ ဘယ်လိုပတ်သက်နေလို့လဲ…”
“ကျွန်တော်က သင်တန်းပြီးတာနဲ့ ဟိုးးး ပင်လယ်ရေလည်ခေါင်မှာအလုပ်သွားလုပ်ရမှာ…ဒါကြောင့် ရေကူးတာ ရေငုပ်တာတွေက လိုအပ်တယ်လေ…”
“သဘောၤသားအလုပ်လား…”
“ဟဟ..မဟုတ်ဘူးမစု… ကျွန်တော်က ရေနံကုမ္ပဏီတစ်ခုမှာအလုပ်ရမှာ…”
“အော်… ကိုယ်သဘောပေါက်ပြီ…ဒါဆိုမင်းလစာကောင်းကောင်းရမှာပေါ့…”
“အဲဒါကတော့ ကိုယ်တတ်ထားတဲ့ ပညာနဲ့ ကိုယ့်အသက်နဲ့ရင်းပြီးလုပ်ရမှာဗျ…ဒီလောက်တော့ တန်ရာတန်ကြေးရရမယ်လေ…”
“ချာတိတ်…ကိုယ်တို့စားပြီးရင် ကရဝိတ်ဖက်လမ်းလျှောက်ရအောင်နော်…. အိမ်နဲ့လည်းနီးတာပဲ လမ်းလျှောက်ပဲပြန်မယ်လေ…လေလဲရှူရင်းပေါ့…”
“ဟုတ်…လျှောက်ကြတာပေါ့”
++++++++++++++++++
ညကသိပ်လှနေတယ်လို့ ခံစားမိနေတယ်…အပြာရင့်ရောင်ကောင်းကင်နောက်ခံမှာ ရွှေဝါရောင်ဝင်းအိနေတဲ့ ရွှေတိဂုံစေတီတော်ရယ်… မီးရောင်စုံတချို့ရယ် ကန်တော်ကြီးထဲက ကရိတ်ငှက်နှစ်ကောင်ရယ်…. ကြယ်မှုန်မွှားလေးတွေရယ်…။
“ဒီလိုလမ်းလျှောက်မထွက်တာ တော်တော်ကြာနေပြီ…”
“မစုကို ကျွန်တော်တစ်ခုမေးချင်တယ်…”
“မေးလေ…”
“မစု…ဒီတိုင်းပဲနေသွားတော့မှာလား မစုဘဲကြီးရော…”
“ကိုယ်သူ့ကိုမေ့ပစ်လိုက်ပြီ…. သူက တကိုယ်ကောင်းသမားတစ်ယောက် သူ့လိုစိတ်မျိုးရှိတဲ့သူကို ကိုယ်ဘဝလက်တွဲဖော်အဖြစ်မရွေးဘူး…အင်း ကိုယ်ဒီတိုင်းပဲမနေလို့ မင်းက ကိုယ့်ကိုဘယ်လိုနေစေချင်လို့လဲ…ခုချက်ချင်းကြီး ယောကျားတစ်ယောက်ကို ကောက်ယူရမလား..”
“မဟုတ်ပါဘူး… မစုကိုကျွန်တော်ဘယ်သူနဲ့မှသဘောမတူနိုင်ပါဘူး…”
“အဲတော်… ရှင်က ကျုပ်အုပ်ထိန်းသူမို့လား သဘောမတူရအောင်”
သူမကလက်ကလေးပိုက်လမ်းလျှောက်နေရင်း သူ့ကို ငဲ့စောင်းကြည့်ပြီး တချက်စွာတေးလိုက်တယ်…။
“ခုတော့မဟုတ်ဘူးပေါ့…နောင်တချိန်ချိန်ကျ အုပ်ထိန်းသူဖြစ်ကောင်းဖြစ်လာလိမ့်မယ်…”
“ဘာ….ချာတိတ်နော် အနောက်သွားမလွတ်တဲ့စကားလာမပြောနဲ့နော်…ထပ်ခေါက်ပစ်မယ် ခေါင်းကို”
သူမက သူ့ကိုလက်နဲ့လှမ်းရွယ်လိုက်တော့ သူက လက်နဲ့ကာပြီး ရှောင်လိုက်တယ်။
“သတိရသွားပြီ….”
“ဘာကိုတုန်း”
“အိမ်ပြန်ရောက်တာနဲ့ မစုအနော့်ကို ကြပ်ပူထိုးပေးရမယ်လေ…”
“ဘာလို့လုပ်ပေးရမလဲ ကွကိုယ်လုပ်…”
“အလကားလုပ်ခိုင်းတာမဟုတ်ဘူးဗျ ဒီမှာကိုင်ကြည့်ကြည့် တကယ်ဘုကြီးထွက်နေတာ..ခုထိနာနေတုန်း…”
သူကပြောရင်း သူမလက်ကိုလှမ်းဆွဲပြီး သူ့ဂျိုစောင်းကိုစမ်းလိုက်တယ်…။ တကယ် ဘုလေးဖြစ်နေတာ…။
“ဟယ်…ဒီကောင်လေး ခေါင်းမမာဘဲကိုးး ဒီလောက်လေးခေါက်တာကို ဘုဖြစ်ရတယ်လို့…အေးပါ အိမ်ရောက်ရင်လုပ်ပေးမယ် သနားပါတယ် ကလေးလေး….ဥုံဖွ..ဥုံဖွ…”
သူမက သူ့ခေါင်းလေးကို အသာလေးပွတ်ရင်းပြောတော့ သူကျေနပ်သွားတယ်…။
“လောလောဆယ်တော့ လမ်းလျှောက်ရတာ တော်တော်ညောင်းနေပြီ ကိုယ်တို့ ဟိုးးရှေ့က ခုံလေးမှာ ခဏထိုင်ကြမယ် ပြီးရင် အိမ်ပြန်မယ်နော်…”
“ဟုတ်ကဲ့ ဆရာမ…”
သူက ကျောင်းသားပုံစံ လက်ကလေးပိုက်ပြီး အရိုအသေပေးတဲ့ပုံလေးလုပ်ပြပြီး အရှေ့နားက ခုံလေးဆီကို အပြေးလေးအရင်သွားလိုက်တယ်…။
သူက ခုံပေါ်ကသစ်ရွက်ကြွေတွေကိုဖယ်… သူ့လွယ်အိတ်ထဲက ပုဝါနဲ့ ခုံကိုခါလိုက်တယ်…။ သူမကလက်ကလေးနှစ်ဖက် လွဲရမ်းပြီး အညောင်းအညာဆန့်ရင်းသူ့ ဆီကိုရောက်လာတယ်…။
“လမ်းအရှည်ကြီးမလျှောက်တာကြာလို့ တော်တော်ညောင်းသွားပြီ…ထိုင်မယ်နော်…”
“ထိုင်ပါမမဖုရား…”
“မနောက်နဲ့…နောက်ချင်ပြောင်ချင်ဇာတ်ထဲဝင်…”
“ဟဟ မစုက ဒါမျိုးလဲပြောတတ်သားပဲ…”
“အော်…အလုပ်ထဲမှာ လူပေါင်းစုံတာ ဒါမျိုးတွေသိတာပေါ့…”
သူမက လက်ရောခြေပါဆန့်တန်းအညောင်းညာဖြေလိုက်တယ်…။
“စု…ခြေထောက်တော်တော်ညောင်းနေတာလား…”
“အင်း ဟုတ်တယ် ဒီလောက်အကြာကြီးလမ်းမလျှောက်တာကြာပြီလေ…”
သူက အောက်မှာထိုင်ချလိုက်ပြီး သူမခြေထောက်ကိုနှိပ်ဖို့လုပ်လိုက်တယ်..
“ဟာာ မလုပ်နဲ့လေ ရတယ်ချာတိတ်....ကိုယ်ညောင်းတာခဏဆို သူ့ဟာသူပျောက်သွားလိမ့်မယ်”
“မငြင်းနဲ့ မစုတော်တော်ညောင်းနေတာ ကျွန်တော်သိတယ်…ခြေသလုံးနဲ့ ခြေဖဝါးကို သေချာနှိပ်ပေးမယ် အညောင်းသက်သာအောင်…အိမ်မှာ ဖွားမေကိုညတိုင်းနှိပ်ပေးနေကျ တော်ကြာ အနော်နှိပ်တာကြိုက်သွားမှ ခဏခဏလာနှိပ်ခိုင်းနေမယ်…”
“မင်းက လိမ္မာတဲ့ ကလေးပဲ…အိုကေ ဒါဆိုနှိပ်ပေး ကိုယ်က ခြေဖဝါးနှိပ်ခံတာ သိပ်ကြိုက်တယ်…”
သူက သူမခြေဖဝါးတွေကို လက်ချောင်းတွေနဲ့ သေသေချာချာနှိပ်နယ်ပေးနေတာများ တကယ့်ပရိုတစ်ယောက်လိုပင်…။
“မစု ကျွန်တော့်ကို ကလေး ကလေးလို့မခေါ်ပါနဲ့ဗျာ… မစုနဲ့ကျွန်တော်အသက်ဘယ်လောက်မှကွာတာမဟုတ်ဘဲနဲ့…….”
သူမ သူ့ကိုလှမ်းကြည့်တော့ သူနဲ့ မျက်လုံးချင်းဆုံမိသွားတယ်….။ အရည်လဲ့နေတဲ့ သူမျက်ဝန်းကစကားတချို့ကို သူမကြားနေရတယ်….။
သို့ပေမယ့်လည်း….
+++++++++++++
မနက်လင်း အလုပ်သွား ညနေပြန်… နေ့စဉ်အလုပ်လုပ်ရတဲ့ ပုံစံကထပ်လာတော့ ကိုယ့်ဘဝကိုယ် ရိုးအီလာချင်သလိုလို….။
“ဖွားမေရေ…ဖွားမေနဲ့မင်းမင်းအတွက် ခရုဆန်ပြုတ်ယူလာတယ်….”
“အတော်ပဲ သမီးရေ မြေးလေးက နေမကောင်းချင်လို့လားမသိ ခုထိ အိပ်ယာမနိုးသေးဘူး… အဲဒီဆန်ပြုတ်ကို သမီးပဲတက်ပေးလိုက်တော့နော်…”
ဒါကြောင့် ဒီကောင်လေး ဘာအသံမှမကြားတာကိုးလို့ သူမတွေးမိသွားတယ်…။
သူမဆန်ပြုတ်ယူပြီး အပေါ်ပြန်တက်သွားလိုက်တယ်…။
တံခါးတောင်ထဖွင့်နိုင်ရဲ့လား …
သူမတံခါးခေါက်တော့ ချက်ချင်းလာဖွင့်တယ်……။
“မစု ဆန်ပြုတ်လာတိုက်မယ်ဆိုတာသိလို့ အဆင်သင့်စောင့်နေတာ…”
စောင်ကိုကိုယ်မှာပတ်ထားပြီး ခေါင်းတွေပွနေတဲ့ ကောင်လေးပုံစံကိုကြည့်ပြီး သူအံ့အားလည်းသင့်ကာ ရယ်ချင်မိသွားတယ်…။
“ဆောရီးနော်…. မနေ့က ကိုယ်ရေငုပ်ခိုင်းတာကြာသွားလို့ အအေးပတ်သွားတာထင်တယ်…ကိုယ်ပူနေလား ဆေးသောက်ထားလား…”
သူနဖူးကိုလက်နဲ့စမ်းကြည့်လိုက်တယ်…။
“သိပ်မပူဘူးပဲ… နဲနဲတော့ နွေးတေးတေးဖြစ်နေတယ်… ကဲ သွားထိုင်နေကိုယ် ဆန်ပြုတ်သွားထည့်ပေးမယ်..”
သူက ဧည့်ခန်းဆိုဖါပေါ်ကျကျနန စောင်ခြုံပြီး စောင့်နေတယ်…။ တအောင့်နေတော့ သူမဆန်ပြုတ်ပန်းကန်လေးကိုင်ပြီးထွက်လာတယ်…။
“ဒါဆို မင်းဒီနေ့ခွင့်ယူရတော့မှာပေါ့…”
“ဟုတ်…ဖုန်းဆက်ထားတယ် …”
သူမက သူ့ဘေးနားမှာ တင်ပါးလွှဲထိုင်လိုက်တယ်…။
“စု…ခွံ့ကျွေးမယ်မဟုတ်လား…”
“ကိုယ့်ဘာသာကိုစားလေကွာ လူနာကြီးကျနေတာပဲ…”
“ဟာာ ဒီမှာအရမ်းချမ်းနေတယ် စောင့်ခြုံထားရတာ လက်ကမအားဘူး…”
“ဟင်းးး…” သူမမျက်စောင့်လှလှတချက်သူ့ဆီရောက်သွားတယ်….။
“ချမ်းမှာပေါ့ လေအေးစက်ကိုဖွင့်ထားတာလဲ တချက်မှမလျှော့ဘူးမလား…”
“ဒါကတော့ အနော်က အအေးကြိုက်တာကိုးးး”
“ညက အကျီၤချွတ်ကြီးနဲ့ အိပ်လိုက်တာထင်တယ်…အိုက်တယ်ဆိုပြီး ”
“အဟီးးး ဘယ်လိုသိသွားလည်း…”
“ကဲပါ ရော့ ဆန်ပြုတ်သောက်…ပြီးရင် ဆေးသောက်ရမယ်…ကိုယ်ရုံးသွားရဦးမှာ”
“တခါတလေ ကိုယ့်မောင်လေးနေမကောင်းတာ ခွင့်လေးဘာလေးယူပါလားဗျာ မစုကလဲ”
“ပြောတတ်ပါ့…ကိုယ့်အလုပ်က ခွင့်ယူလို့မရဘူး… တစ်ရက်ပျက်တာနဲ့ တစ်ပတ်စာလောက်အလုပ်ပုံသွားမယ် မင်းလာကူလုပ်ပေးလို့ရတာမဟုတ်ဘူး…”
ဆန်ပြုတ်ခွံ့ကျွေးရင်း…သူ့ကိုလဲ စကားနိုင်လုရသေး…။
++++++++++++++
ပန်းခြံမြက်ခင်းပြင်တစ်ခုကို သူမတို့အလုပ်တိုက်က ငှားပြီး မင်္ဂလာဆောင်ဝတ်စုံ မိတ်ကပ် ဓါတ်ပုံပရိုမိုရှင်းလေးလုပ်ဖို့ ဝတ်စုံဆိုင်တစ်ခုက အကူအညီတောင်းလာလို့… သူမက ဒီပွဲလေးကိုစီစဉ်လုပ်ပေးရတဲ့သူ…။ သဲ ေ၀ နဲ့ ဂျာရစ်မတို့ကိုလည်းအကူအညီပေးကြတယ်….။
သူလည်းဒီပွဲကို အဖြူရောင်ဝတ်စုံလေးနဲ့တက်တယ်….။ဒီပွဲကိုတက်လာတဲ့သူအားလုံး ကိုယ်ကြိုက်တဲ့ ဝတ်စုံလေးဝတ်ပြီး မိတ်ကပ်ပြင် ဓါတ်ပုံရိုက်တာကို ဖရီးလုပ်ပေးတာ…။ ဖိတ်ထားတဲ့သူတွေကတော့ အကန့်သတ်နဲ့ပေါ့..။ သူမဝတ်ထားတဲ့ ဂါဝန်လေးက ပိုးအဖြူရောင် အကပ်ကလေး မတိုမရှည် ညနေခင်းဝတ်စုံလေးပေါ့….။
“ကျွန်တော့်ရဲ့စုက သိပ်လှတဲ့ နတ်သမီးတစ်ပါးပါလား…”
“လာမြှောက်မနေနဲ့ တည်တည်သန့်သန့်နေပါ…”
“ဟာာ လှပါတယ်ဆို အဲလိုမျက်မှောင်ကျုံ့ရဘူးလေ…လာ ကျွန်တော်တို့ဓါတ်ပုံသွားရိုက်ရအောင်”
သူက ပြောပြောဆိုဆို သူမလက်ကိုဆွဲကိုင်ပြီး ဓါတ်ပုံရိုက်တဲ့ နေရာကိုဆွဲခေါ်သွားတော့တယ်…။
ဓါတ်ပုံအရိုက်ခံထားတဲ့ဘယ်သူမဆို ပြိုင်ပွဲဝင်နိုင်တဲ့ အစီစဉ်လုပ်ထားတယ် အလှဆုံးစုံတွဲပုံကိုရွေးပြီး လာမယ့် သီတင်းကျွတ်ကာလမှာ မင်္ဂလာဆောင်ရှိမယ့်စုံတွဲအတွက် မိတ်ကပ်နဲ့ဝတ်စုံကို ဖရီးစပွန်ဆာပေးမှာပါ…။
“စုလှလှလေးရိုက်နော်….”
ဝေက ခဏလာကြည့်ပြီးလှမ်းပြောတယ်…
“ဆုရရင်ရမှာ နင်တို့နှစ်ယောက်သိပ်လှနေတယ်သိလား ဟိုမိန်းမတွေကို သွားပြောလိုက်ဦးမယ်…”
ဓါတ်ပုံဆရာကလည်း သူတို့နှစ်ယောက်ကိုစုံတွဲအမှတ်နဲ့ အိုက်တင်အမျိုးမျိုးလုပ်ခိုင်းပြီး ရိုက်မဆုံးတော့…။
ဒီလောက်အိုက်တင်လုပ်ပြီး ဓါတ်ပုံရိုက်နေတဲ့ ကြားက ကောင်လေးက ပါးစပ်ပေါက်ပေါက်ဖောက်နိုင်သေး..။
“မစု တစ်နေ့မင်္ဂလာဆောင်ရင် ဒီပုံတွေကို လာသမျှဧည့်သည်တွေလာဝေပေးမှာ…မင်္ဂလာနှစ်ခါဆောင်တဲ့ သတိုးသမီးဆိုပြီးတော့”
“ဟာသလာလုပ်မနေနဲ့ မရယ်ရဘူး…”
သူက သူမနားနားကပ်ပြီး ရယ်ကျဲကျဲလုပ်နေသေးတယ်..။
“ကဲနောက်ဆုံးတစ်ပုံအနေတဲ့ သတိုးသားလေးက သတိုသမီးကိုနောက်ကနေသိုင်းဖက်ထားတဲ့ပုံလေးဗျာ….”
ဓါတ်ပုံဆရာကလှမ်းပြောတာနဲ့ သူက သူမနောက်ကနေသိုင်းဖက်လိုက်တော့တယ် သူမခနာကိုယ်လေး သူ့ရင်ခွင်ထဲရောက်သွားတော့..သူမမျက်နှာ အိုးတိုးအန်းတန်းဖြစ်သွားတာကို သူကအနောက်ကနေရယ်နေသေးတယ်…။
“မစု…ရင်ခုန်သံတွေအရမ်းကျယ်တာပဲ… ကျွန်တော့်လိုပဲ…ကျွန်တော်လဲ မစုနားနေရင် အဲလိုပဲ အသံကျယ်တယ် ရင်ခုန်တာ…”
“ဓါတ်ပုံဆရာ ပြီးပြီလားရှင့်….”
“ဟုတ်ကဲ့…ရပါပြီ….”
သူမသူ့လက်ကိုဖယ်ပြီး သဲတို့ရှိတဲ့နေရာကိုခပ်သွက်သွက်လေးထွက်သွားလိုက်တယ်….။
ဂျင်းလက်ရှည်ရှပ်နဲ့ အရပ်ခပ်မြင့်မြင့်လူတစ်ယောက်ရောက်လာတယ်….။
“မဝေ…. အနိုင်ရော ဘယ်မှာလဲ….”
“ဟင် ကိုမိုးမြင့်….စုလား ခဏ စုရှိတယ် ….အော် ဟိုဖက်မှာ …”
ဝေက ဓါတ်ပုံစတူဒီယိုထဲကထွက်လာနေတဲ့ စုကိုလက်ညိုးထိုးပြလိုက်တယ်…။
“ အနိုင်….”
သူမ မိုးမြင့်ကို ခပ်တွေတွေကြည့်နေလိုက်တယ်… ။
“ ကိုယ်တကယ်စိတ်မကောင်းပါဘူး ဟိုတခါကပြောလိုက်တဲ့ စကားလွန်သွားမှန်းကိုယ်သိပါတယ်…အနိုင်ကိုယ့်ကို စိတ်ဆိုးနေတုန်းမဟုတ်လား…ကိုယ်…အနိုင့်ကိုလက်ထပ်ဖို့ တကယ်အဆင့်မသင့်သေးလို့ပါ ကိုယ်ကမ္ဘာသစ်ကြီးမှာ နေရာအသစ်မှာ လူအသစ်တွေနဲ့ ဆုံတေ့ွတိုင်း စိတ်အရမ်းလှုပ်ရှားနေတတ်တုန်းပဲ…”
“မိန်းကလေးအသစ်လို့ပဲ ရှင်းရှင်းပြောလိုက်ပါ…”
“ကိုယ်တောင်းပန်ပါတယ် အနိုင့်ကို ကိုယ်နာကျင်အောင်လုပ်မိတဲ့အတွက်”
“စုက ကျေးဇူးတင်ရမှာပါ…ခုလို သဘောထားအမှန်ကိုသိရလို့လေ…”
သူအဝေးတစ်နေရာက သူမတို့အတွဲကို ရပ်ကြည့်နေမိတယ်…..အကြာကြီးပဲ….။
+++++++++++++
သူမခွေးစာကျွေးနေတုန်း သူရောက်လာခဲ့တယ်……။
“မစု ဘယ်သူ့ကိုသတိရနေတာလဲဗျ…”
“ကိုယ့်နောက်ကိုလိုက်လိုက်နေတာ မင်းမူကောမှန်သေးရဲ့လား ဆိုက်ကိုသမားလား စိတ်မကျန်းမာသူလား..”
ခွေးစားကျွေးရင်းက သူမနှုတ်ခမ်းစူပြီး သူ့ကိုရန်တွေ့နေတဲ့ပုံလေးကို သူအရမ်းသဘောကျသွားတယ်…။
“ဟင့်အင်း မစုထင်တာတစ်ခုမှမဟုတ်ဘူး ကျွန်တော်က မစုရဲ့ အနီးကပ်ကိုယ်စောင့်နတ်သားလေးပါ…”
သူမ စက္ကူလက်ကိုင်ပုဝါနဲ့လက်ကိုသုတ်ပြီး အိမ်ပြန်ဖို့လမ်းဆက်လျှောက်လာလိုက်တယ်…။ သူလည်းအနောက်က တစ်ကောက်ကောက်ပါလာခဲ့တယ်…။ လမ်းကူးခါနီး သူ့ကိုနောက်လှည့်ကြည့်လိုက်တယ်…။
“တော်ပါတော့ ချာတိတ်ရယ်…ကိုယ့်နောက်ကိုမလိုက်ပါနဲ့တော့ ကိုယ်တောင်းပန်ပါတယ် မင်းအစားကိုယ်ပင်ပန်းလွန်းတယ်..”
“မစုကလည်းဗျာ…..”
သူက လွယ်အိတ်စလွယ်ကိုနောက်ပစ်ပြီး ခေါင်းတချက်ကုတ်လိုက်တယ် မျက်နှာကတော့ အပြုံးရောင်မပျက်..
“တကယ်တော့ ကျွန်တော်က တဘက်ခါကျရင် ဟိုးးးး အဝေးကြီးကိုအလုပ်သွားဆင်းရတော့မှာ…မစုဆီက အနော်တစ်ခုတောင်းဆိုချင်တယ် ရမလား…”
သူအဲလိုပြောလိုက်တော့ သူမမျက်နှာနဲနဲငြိုးနွမ်းသွားတာကိုမြင်လိုက်ရတယ်…။
“အင်း ပြောကြည့်လေ ကိုယ်လိုက်ရောနိုင်မယ့်အရာဆိုရင်ပေါ့”
“အဲဒီနေ့ကျရင် ကျွန်တော့်ရုံးရှိတဲ့နေရာ ကျွန်တော်အလုပ်ဆင်းမယ့်နေရာကိုသွားဖို့အထိကို မစုကားမောင်းပို့ပေးနိုင်မလား..”
“ဒီမှာ… ကိုယ်ကမင်းရဲ့ အုပ်ထိန်းသူမဟုတ်ဘူးလေ..”
“လုပ်ပေးပါဗျာနော်..နော်…အနည်းဆုံးတော့ ကျွန်တော်အလုပ်မသွားခင်အချိန်တိုလေးအထိ မစုနဲ့အတူရှိနေချင်တာပါ…”
သူမ သူ့ကိုစိုက်ကြည့်နေခဲ့တယ်…။ သူ့မျက်နှာပေါ်က မျှော်လင့်ချက်အပြုံးတွေကို သူမမျက်ဝန်းတွေက ခေါင်းညိတ်ပြနေတယ်…။
+++++++++++++
“ဖွားမေရေ…သားသွားတော့မယ်နော် သားမရှိရင် ကိုယ့်ကိုယ်ကိုဂရုစိုက်ပါနော် ဆေးမှန်မှန်သောက်ဖို့လဲမမေ့နဲ့ဦးနော်…”
“အင်းပါကွယ် ငါ့မြေးလေး သွားရာလာရာလမ်းခရီးဘေးကင်းပါစေကွယ်…”
သူမရဲ့ အုတ်ခဲကျိုးရောင် ကားလုံးလုံးလေးပေါ်ကို သူက ပစ္စည်းတွေအပြည့်ထည့်ထားတဲ့ ကျောပိုးအိတ်ကြီးတင်လိုက်တယ်… ။
သူမကိုယ်တိုင်မောင်းလာတဲ့ ကားလေးက ပင်လယ်ဝဖက်ဆီကိုဦးတည်လျက်….။
“မင်းအလုပ်နေရာဒီလောက်ဝေးလိမ့်မယ်လို့ ကိုယ်မထင်ခဲ့ဘူး…”
ပင်လယ်လှိုင်းလုံးဖွေးဖွေးတွေကိုမြင်နေရပြီ…။ သူမကားလေးကို အပင်တစ်ခုရဲ့ အရိပ်အောက်မှာရပ်လိုက်တယ်…။
“ဒါအစပဲရှိသေးတာဗျ ကျွန်တော်တကယ်အလုပ်လုပ်ရမယ့်နေရာက အဝေးကြီးလိုသေးတယ်…ဟိုးးး ပင်လယ်ရေလယ်ခေါင်ကြီးမှာ…ကမ်းမမြင်လမ်းမမြင်ရတဲ့ နေရာမှာ…မစု ကျွန်တော့်ကို သတိရရင် ဒီနေရာလေးကိုလာခဲ့လို့ရတယ်လေ…”
“မင်းက အဲဒီနေရာကိုဘယ်လိုသွားမလဲ”
“ လာကြိုမယ့်သူရှိတယ်…”
ပင်လယ်လေက မမြင်ရတဲ့သူမတို့နှစ်ယောက်ရဲ့ ရင်ထဲကအပူတွေကို ယပ်ခပ်ပေးနေသည့်နှယ့်….
“ခနနေကျွန်တော်သွားရတော့မယ် မစုကျွန်တော့်ကိုတစ်ခုခုပြောဖို့မရှိဘူးလား…”
သူ့မျက်ဝန်းတွေကဆွေးမြေ့နေတယ်…။ သူမတစ်ခါမှာမမြင်ဖူးတဲ့ မျက်ဝန်းတွေကို သူမတခဏငေးမောကြည့်မိနေတယ်…။ အမြဲတမ်း ပျော်မြူးရွှင်ပြနေကြတဲ့ မျက်ဝန်းတွေက သူမတစ်ယောက်တည်းအတွက်ကြောင့်နဲ့ ခုလိုအရောင်ပြောင်းသွားကြသတဲ့လား…။ သူမတိတ်တိတ်ကလေး သက်ပြင်းချပြီး အဝေးကိုကြည့်လိုက်တယ်…။
“ရှေးလူကြီးကျွန်တော်ကြားဖူးတာတစ်ခုပြောပြမယ်နော်….ယောကျာၤးတွေဟာ မိန်းမတွေထက် အသက်ခုနှစ်နှစ်စောပြီးဆုံးပါးတတ်ကြတယ်တဲ့ မစုကလည်း ကျွန်တော့်ထက်အသက်ခုနှစ်နှစ်ကြီးတယ်လေ တကယ်လို့ အဲဒီအဆိုအတိုင်းသာမှန်တယ်ဆိုရင် ကျွန်တော်တို့လက်ထပ်လိုက်ကြလို့ သေရင်လဲ အတူတူတခါတည်းသေရမှာ မကောင်းဘူးလားမစု ဒါမှ ကျန်ရစ်ခဲ့တဲ့သူလဲ ပူဆွေးကျန်ခဲ့စရာမလိုတော့ဘူး…”
သူ့မျက်ဝန်းတွေက ကူးဆက်သွားလို့လားမသိ သူမမျက်ဝန်းတွေလဲ ဆွေးရိပ်တွေသန်းလို့ သို့ပေမယ့် သူမဟန်ဆောင်ပြီး ဖုံးကွယ်ဖို့ကြိုးစားလိုက်သေးတယ်…။
“ဘာမှ ရိုမန့်တွေလာလုပ်မနေပါနဲ့ ချာတိတ်ရာ…အဲဒီလောက်ကြီးလဲမဟုတ်ပါဘူး…”
“သီးခံပေးပါ မစုရယ်… ကျွန်တော်ပြောချင်တဲ့စကားတွေကို ပြောနေတာပါ.. မစုကျွန်တော့်မျက်နှာကိုကြည့်စရာမလိုပါဘူး ကျွန်တော့်ကိုယ်ကိုလည်းကြည့်စရာမလိုပါဘူး ကျွန်တော့်ရင်ထဲကိုပဲကြည့်ပေးပါ…မစုကျွန်တော့်ကိုယုံပေးပါ ကျွန်တော်ဟာ မစုရဲ့ ထူးခြားတဲ့ သူတစ်ယောက်အဖြစ်နဲ့ပေါ့…ပြီးတော့ မစုနဲ့ကျွန်တော့်အသက်အရွယ်ကွာတာကိုမေ့လိုက်ပါ…”
သူမ တိတ်တဆိတ်ပဲ သူ့ကို ဘာမှမပြောမိ နားထောင်သူသက်သက်မျှသာ…..။
“ကျွန်တော်တို့ချစ်သူဖြစ်ရအောင်နော်…မစု”
“ကိုယ်စိတ်မကောင်းပါဘူး….”
သူ့ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းအချက်ပေးသံလေးကြောင့် သူမတို့ စကားခနပျက်သွားတယ်…။
သူဖုန်းကလေးကို ထုတ်ပြီးကြည့်လိုက်တယ်…။ သူ့ကိုလာခေါ်ဖို့ပို့လိုက်တဲ့ မက်ဆေ့ချ်လေးပါ…။ ရဟတ်ယာဉ်သံထွက်လာတယ်….။
“ကျွန်တော်သွားတော့မယ်နော် စု………..”
သူနှုတ်ဆက်ပြီး သူမကိုကျောခိုင်းထွက်သွားလိုက်တယ် ..။ ရဟတ်ယာဉ်က တောင်ကုန်းမြက်ခင်းပြင်မှာ အဆင်သင့်စောင့်နေပြီ..။
“ချာတိတ်…….”
သူမအသံကြောင့် သူ့ခြေလှမ်းတွေတန့်သွားပြီး နောက်လှည့်ကြည့်လိုက်တယ်…။ ငိုမဲ့မဲ့ဖြစ်နေတဲ့ သူမကို သူအပြေးလေး ပွေ့ဖက်မိသွားတယ်….။ သူမရဲ့ မျက်ရည်တချို့ သူ့ရဲ့ အဖြူရောင်ရှပ်အကျီၤပခုံးပေါ်စွန်းထင်းကုန်တယ်…။ သူကတော့ သူမကျောပြင်ကိုပွတ်သပ်လို့ ခပ်တင်းတင်းတိုးဖက်ထားမိတယ်…။
“ကျေးဇူးတင်ပါတယ် ချာတိတ် ….ကိုယ်နဲ့စတွေ့တဲ့ချိန်ကစပြီး တစ်လျှောက်လုံး ကိုယ့်အပေါ်ကောင်းခဲ့တဲ့အတွက်….”
သူက သူမကိုယ်ကိုမတ်လိုက်ပြီး သူမပါးပြင်ပေါ်ကမျက်ရည်တွေကို ခပ်ဖွဖွသုတ်ပေးလိုက်တယ်…။ ပြီးတော့ သူမလက်အစုံကိုတချက်ဖျစ်လိုက်ပြီး တဖြေးဖြေးဖြေလျော့ပေးလိုက်တယ်…။ သူသွားရတော့မယ်…။ သူ ရဟတ်ယာဉ်ရှိရာကို နောက်လှည့်မကြည့်တော့ဘဲ လျှောက်သွားလိုက်တယ်…။ လှိုင်းပုတ်သံတို့က သူမရဲ့ ရှိုက်သံတွေနဲ့ ရောနှောသွားတော့တယ်…။
++++++++++++
“ဟက်ပီးဘတ်ဒေးပါ စု…………”
ေ၀ သဲ ဂျာရစ်တို့သုံးရောက်ရဲ့ သံပြိုင်က စီခနဲထွက်လာခဲ့တယ်….။ အင်္ဂလိပ်ဂဏန်း 3 နဲ့ 2 ဖယောင်းတိုင်ကိုစိုက်ထားတဲ့ ချောကလက်ကိတ်ကိုကိုင်ထားတာက ဝေ….။
“သုံးဆယ်နှစ်နှစ်ပြည့်ပြီနော် မိစု…”
“အိမ်မှာလုပ်လည်းဖြစ်သားနဲ့ ဆိုင်မှာလာလုပ်တယ် ညည်းတို့တွေ”
“ တခါတလေအပြောင်းအလဲလေးပေါ့ကွယ်” လို့ သဲကပြောတယ်..။
“ကဲကဲ ဆုတောင်းပြီး ဖယောင်းတိုင်လေးမှုတ်လိုက်ပါဦး မွေးနေ့ရှင်လေးရဲ့”
သူမ ပါးစပ်က တခုခုရွတ်ပြီး ဖယောင်းတိုင်မီးကိုမှုတ်လိုက်တော့ အားလုံးက လက်ခုတ်သြဘာပေးကြတယ်…။
“စားချင်စရာလေးဟယ်…မြန်မြန်လှီးပါ စုရယ် ..”
ဂျာရစ်မက ထုံးစံအတိုင်းဂျီတော့တယ်…။
သူမက 32 ဖယောင်းတိုင်လေးနှစ်ခုကိုကိုင်ပြီးမျက်နှာရှုံ့မဲ့မဲ့လုပ်နေတယ်…။
“ဟယ်…မွေးနေ့ကိတ်လေးမြင်တော့ စုရယ် နင့်ချာတိတ်ကလေးကို သတိရသွားတယ် သူနဲ့စတွေ့တော့
နင့်မွေးနေ့မှာပဲလေနော် ခုချိန် ဒီကလေး ဘယ်ကမ္ဘာများရောက်နေပြီလဲ…”
“မစုမသိဘူးလား မင်းမင်းပြန်ရောက်နေပြီလေ…”
သူမတို့ဝိုင်းအနောက်ဆီက ထွက်လာတဲ့ မောင်ဘုန်းအသံကြောင့် အားလုံးတပြိုင်ထဲမော့ကြည့်လိုက်ကြတယ်…။
“သုံးလေးရက်ရှိပြီဗျ မစုတကယ်မသိဘူးဟုတ်လား..”
“ဟင့်အင်း တကယ်မသိဘူး…” သူမမျက်လုံးအဝိုင်းသားနဲ့ပြန်ဖြေမိတယ်…။
“ဒီလိုပါပဲ လူငယ်တွေ ခဏတဖြုတ်ပဲ စိတ်ကစားတတ်ကြတယ် ငြီးငွေ့မြန်ကြတယ် မလွယ်ပါဘူး…”
ဂျာရစ်မကထပြောလိုက်တာ…။ သဲနဲ့ဝေက ဂျာရစ်ကို လက်နဲ့တို့နေကြပြီ….။ သူမမျက်စိမျက်နှာပျက်နေပြီလား ကိုယ့်ကိုယ်ကိုသတိမထားမိနိုင်တော့…။
“ခွက်တိုက်မယ်ဗျာ လာလာ မွေးနေ့ရှင်မစုနဲ့ခွက်မတိုက်ရတာကြာပြီဗျ…”
မောင်ဘုန်း စကားဖြတ်လိုက်တော့မှ သူမ အပြုံးနွမ်းတစ်ခုပွင့်ကျလာတော့တယ်…။
+++++++++
ဒီည လသာဆောင်လေးထွက်ရပ်ရတာ လေပြေတွေက မအေးမြဘူးလို့ စိတ်ထင်နေမိတယ်…။ ရင်ထဲကအပူတချို့နဲ့ ညကခြောက်ကပ်ကပ်နိုင်လှတယ်..။ သူလက်တင်ပြီးသူမကိုစကားပြောနေကျ သူနဲ့သူမရဲ့ဝရံတာကြားက လက်တန်းနားကို သူမတိုးရပ်ပြီးတစ်ဘက်ခန်းကိုလှမ်းကြည့်လိုက်တော့ ပြူတင်းပေါက်ကနေ အရိပ်တစ်ခုမြင်လိုက်တယ်…။ သူမမျက်လုံးတွေတခဏအရောင်လက်သွားတယ်..။ ခဏနေတော့ မီးမှောင်ကျသွားတော့တယ်…။
++++++++++
မနက်လင်းတော့ ကော်ဖီသောက်နေတုန်း သူ့အသံတိုးတိုးကိုကြားရတော့ သူမတံခါးလေးဟပြီးကြည့်မိတော့ ကျောပိုးအိတ်ကြီးလွယ်ပြီး ဖွားမေကိုနှုတ်ဆက်နေတဲ့သူ….။ အပြုံးတွေကလတ်ဆတ်ဆဲ…..။ သူမတံခါးကိုပြန်စေ့ပိတ်ထားလိုက်တယ်…။ လေးလံတဲ့ခြေလှမ်းတွေနဲ့ ကော်ဖီစားပွဲလေး ဆီကိုပြန်လျှောက်လာခဲ့မိတယ်….။ သူမရဲ့ အိုက်ပက်ကလေး မက်ဆေ့ချ်အသံလေးမြည်လာတော့ ကောက်ကိုင်ကြည့်မိတယ်…။
“Happy Birthday” တဲ့ ကိတ်မုန့်ပုံကလေးတစ်ပုံ
ခဏလးနေတော့ ဗီဒီယိုင်ဖိုင်လေးပွင့်ပြီး သူ့ရုပ်ကလေးထွက်လာတယ်…။
“ဟက်ပီးဘတ်ဒေးပါစု….. အသက်သုံးဆယ်နှစ်နှစ်ဆိုတော့ အပျိုကြီးဖြစ်နေပြီနော်…
နောက်တာပါဗျာ…. ကျွန်တော်ပြောချင်တာက အရမ်းကိုရင့်ကျက်တဲ့အလှပိုင်ရှင်ဖြစ်နေပြီလို့… ဟုတ်..အခုချိန်ကစပြီး ကျွန်တော်မင်းမင်းထွန်းတစ်ယောက် အပြောင်အပျက်စကားမဆိုတော့ပါဘူး…။ စကားအတည်ပဲပြောတော့မယ် မစုကျွန်တော့်စကားကို သီးခံနားထောင်ပေးပါဗျာ… ကျွန်တော်သိချင်တာ ကျွန်တော်ဟာ မစုအတွက် မစုရွေးချယ်ထားတဲ့သူတစ်ယောက်ဖြစ်ပြီလား…”
သူမ မျက်ရည်စို့ပြီး သူ့ကိုငေးမောကြည့်နေမိတယ်…။ ပြီးတော့ သူ့ရုပ်ဘေးတစ်ဖက်တစ်ချက်မှာ ရက်စ်နဲ့နိုးစကားလုံးနှစ်ခုထွက်လာတယ်….။ သူမတစ်ခုခုကိုရွေးချယ်ရမယ့်သဘော…။
“ဘာမှမဖြစ်ဘူး မစုအခုရွေးစရာမလိုသေးပါဘူး… ကျွန်တော်နောက်တစ်ခုသိချင်သေးတယ် မစုကျွန်တော့်ကို သံသယဖြစ်မိလား ကျွန်တော်ဘာကြောင့်မစုကို ကျွန်တော်နဲ့ရွယ်တူကောင်မလေးတစ်ယောက်လို့ပဲအမြဲမြင်တတ်နေသလဲလို့ ဒါဆို ကျွန်တော်ပြောပြမယ်… လွန်ခဲ့တဲ့ ခုနှစ်နှစ်တုန်းက ….”
သူပြောမယ့်စကားကိုနားထောင်နေတုန်းမှာပဲ ပုံကလေးတစ်ခုပေါ်လာတယ်…သူ့ပုံကလေးရယ် အနောက်က ကလေးတွေကို ရေခဲမုန့်ကမ်းပေးနေတဲ့ ဆံပင်ရှည်ရှည်တွေကို နှစ်ဖက်ခွဲချည်ပြီး အရှေ့ချထားတဲ့ သူမပုံလေး….။
“ကျွန်တော်ကွန်ပျူတာဆိုင်တစ်ခုမှာအလုပ်လုပ်တုန်းကပေါ့ အဲဒီအမျိုးသမီးလေးက အသက်နှစ်ဆယ့်လေးနှစ် ကျွှန်တော်က အသက်ဆယ့်ခုနှစ်နှစ် သူက အရမ်းလည်းလှတယ် ပြီးတော့ သဘောလည်းကောင်းတယ်…”
“ကျွန်တော်တကယ်မသိဘူး ဘာကြောင့် အဲဒီချိန်တုန်းက ကျွန်တော်အဲဒီရေခဲမုန့်ဆိုင်ကိုရောက်သွားခဲ့သလဲ အဲဒီနေ့အဲဒီအချိန်ပေါ့… နောက်ပြီး ဘာကြောင့်မှန်းမသိ အဲဒီနေ့မွေးနေ့ကျင်းပနေတဲ့ သူ့အိမ်ခန်းရှေ့ကို ကျွန်တော်တိုက်တိုက်ဆိုင်ဆိုင်ရောက်သွားခဲ့တာ ပြီးတော့ ဘာကြောင့်မှန်းမသိ ကျွန်တော်သူ့ကိုချစ်တယ်လို့ပြောမိသွားတယ်… ပထမဆုံးအကြိမ်ကျွန်တော်ပြောခဲ့တာကို မစုမှတ်မိသေးလား ဒုတိယအကြိမ် ရေအောက်ထဲကနေ ကျွန်တော်ပြောတုန်းက ကျွန်တော်သိတယ် မစုရှက်နေတယ်ဆိုတာ နောက်ဆုံးတကြိမ်ကတော့ကျွန်တော်အပျော်ဆုံးပဲ မစုနဲ့ မင်္ဂလာဝတ်စုံဝတ်ပြီး ဓါတ်ပုံတွဲရိုက်တုန်းကလေ…။ နောက်ပိုင်းတွေကျတော့ ကျွန်တော်နာကျင်ရတယ် မစုကျွန်တော့်ကို ရှောင်ခဲ့တယ်… ကျွန်တော့်ကိုတွေ့ရင် နှင်လွှတ်တယ်… ကျွန်တော်အရမ်းကိုနာကျင်ခံစားခဲ့ရတယ်…အကြိမ်တိုင်းမှာပဲ ကျွန်တော်က မစုဆီကအဖြေစကားကိုကြားရလိမ့်မယ်လို့ မျှော်လင့်ခဲ့တာ ဒါပေမယ့် မစုကတစ်ခါမှ မဖြေခဲ့ဘူးဗျာ…မဝန်ခံခဲ့ဘူးလို့ပြောရင် မစုစိတ်ဆိုးမလား… ကျွန်တော်အမြဲတွေးတယ် ဘယ်လိုပဲဖြစ်ဖြစ် မစုကိုကျွန်တော်အမြဲတမ်းစောင့်နိုင်တယ်…။ အချိန်ဆိုတာ ကျွန်တော့အတွက် အရေးကြီးတဲ့အရာမဟုတ်ခဲ့ပါဘူး ကျွန်တော့်အချိန်တွေ လည်ပတ်နေတဲ့ကျွန်တော့ကမ္ဘာကအစ လွန်ခဲ့တဲ့ခုနှစ်နှစ် မစုကစတွေ့ကတည်းက ရပ်တန့်သွားခဲ့တာပါ…။ ခုကစပြီး မစုကမ္ဘာလေးလဲ ပုံမှန်လည်ပတ်နေပါပြီ ကျွန်တော်မရှိဘဲနဲ့လဲလေ….”
သူ့စကားသံတွေတောင်တချက်ချက်ပျောက်သွားတယ် သူမရဲ့ ရှိုက်သံတွေကြောင့်ပေါ့….။
“မစုသာ နိုးလို့ဖြေရင် ကျွန်တော်လဲရပ်………..”
သူပြောနေရင်းတန်းလန်း ကော်နက်ရှင်ကလည်းအလိုလိုကျပြီး စကားသံတွေကဆက်တက်မလာတော့ဘဲ သူ့အရုပ်ကရပ်နေတယ်… loadingကလည်း တလည်လည်နဲ့….သူမအိုက်ပက်ကိုကိုင်လှုပ်ကြည့်နေတယ် ကော်နက်ရှင်များတက်လာမလားပေါ့…။
ဂျာရစ်မရဲ့စကားတချို့က ခေါင်းထဲဖျတ်ခနဲဝင်လာတယ်…။
“စု နင် နင့်ဦးနှောက်ကို အနားပေးပြီး နင့်နှလုံးသားကိုမေးကြည့်ပါ နှလုံးသားကဘယ်လိုဖြေမလဲဆိုတာ…”
“စု နှလုံးခုန်သံတွေက ကျယ်လိုက်တာဗျာ….ကျွန်တော်နဲ့တူလိုက်တာ…ကျွန်တော်လဲစုအနားနေရင် ရင်ခုန်သံတွေကျယ်လာရောဗျ…”
“စုလက်ကိုကိုင်ပြီးတွဲလျှောက်ချင်တယ်…ကျွန်တော်တို့လက်တွဲပြီးအတူလျှောက်တဲ့အခါ ကျွန်တော်တို့ရဲ့ ကမ္ဘာလည်းအတူတူလည်နေလိမ့်မယ်…”
သူ့စကားသံတချို့ကိုကြားယောင်မိပြီး သူမခြေလှမ်းတို့ တံခါးဝဆီကို အပြေးရောက်သွားတော့တယ်…။ လှေခါးထစ်တွေကိုနင်းပြီးဆင်းလာတော့ ပေတစ်ရာလောက်မှာ ကျောပိုးအိတ်လေးနဲ့သူ့ကျောပြင်ကိုမြင်လိုက်ရတယ်…။ တက်စီတားဖို့ပြင်နေတဲ့သူ့ဆီကို သူမအပြေးလိုက်သွားတော့ ခြေထောက်မှာဖိနပ်မပါ ခြေဗလာနဲ့…။
“ချာတိတ်…”
သူမမောဟိုက်နေပြီ…။ သူကသူမကိုလှည့်ကြည့်ပြီး သူမဆီတည့်တည့်လျှောက်လာတယ်…။
“မစု ကျွန်တော့်ကို နိုးလို့ဖြေဖို့ရောက်လာတာလား…”
သူမအသက်ကိုပြင်းပြင်းရှူနေမိတယ်…။
“မင်းမပြောရသေးဘူးလေ ကိုယ်သာနိုးလို့ဖြေခဲ့ရင်မင်းဘာပြောမလဲဆိုတာ”
သူမျက်နှာတွေဆီက အခါတိုင်းလိုအပြုံးတွေကို သူမအသည်းအသန်လိုက်ရှာနေမိတယ်…။
“ကျွန်တော်ပြောမှာက…တကယ်လို့ မစုက ကျွန်တော့်ကိုနိုးလို့ဖြေခဲ့ရင်……. ကျွန်တော်အစကပြန်ရည်စားစကားပြောမလို့လေ..စုကို…”
ခုမှာ သူ့ရဲ့ ရွှတ်နောက်နောက်လေသံနဲ့ အပြုံးတွေပြန်လင်းလာတယ်…။
“ဒါဆို ကိုယ်က ရက်စ်လို့ပြောရင်ရော……”
သူမ မျက်နှာပြုံးစစနဲ့ သူ့ကိုကြည့်တော့ သူ့အပြုံးတွေက နဂိုထက်အဆများစွာပိုလင်းလာတယ်…။ ပြီးတော့ သူမကို ရင်ခွင်ထဲဆွဲဖက်ထားလိုက်မိတော့တယ်…။
“ကျွန်တော့်နှလုံးသားကို စုဆီမှာအပ်ထားပါရစေ…ပြီးတော့ကျွန်တော်အလုပ်သွားလုပ်မယ်… စုဘယ်တော့မှမကြောက်နဲ့နော် ကျွန်တော်စုကိုထားသွားမယ်လို့လေ…”
“ဒီချိန်မှတော့ ဘာလို့ကြောက်တော့မလဲ ချာတိတ်ရယ်…”
Happy ending လေးနဲ့ သူမတို့နှစ်ယောက် ပျော်ရွှင်ကြလေသတည်းပေါ့…..:)
ကျေးဇူးအများကြီးတင်ပါတယ် ဇာတ်သိမ်းပိုင်းလေးအထိအားပေးလာတဲ့ စာဖတ်သူအားလုံးကို….။ ကျွန်မကိုယ်တိုင်လည်း အပျော်လေးနဲ့အဆုံးသတ်တဲ့ဇာတ်လမ်းလေးကို ကြိုက်နှစ်သက်ပါတယ်…ချစ်တဲ့သူတိုင်းကိုလည်း ဆုံစေချင်တယ်လေ…။ ဇာတ်သိမ်းပိုင်းကလေးအထိဆက်ရေးနိုင်ခဲ့တာ memory stick လေးထဲမှာ ဇာတ်သိမ်းပိုင်းလေးကို အမှတ်မထင်သိမ်းထားလိုက်မိတာကြောင့်ပါ …ကျေးဇူးတင်ပါတယ်…။
မိုးငွေ့
2 comments:
ပျော်ရွှင်စရာတွေ နဲ့သာ
လူတိုင်းဇတ်သိမ်းနိုင်ပါစေလို့......
မကြာခဏတော့လာဖတ်ဖြစ်ပါတယ်။
ပျော်ရွှင်ရတယ့် ဇာတ်သိမ်းလေးမို့  နှစ်သက်စွာ ဖတ်သွားပါတယ် မမိုး...
Post a Comment