Wednesday, 10 October 2012

ကြက်သွန်ဖြူပုစွန်ကြော်မွှေးမွှေးလေး.....



ပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းကသံဈေးသွားပြီး သုံးလေးရက်စာ ဟင်းစားတွေဝယ်ခဲ့တယ်...။ ဒီပုစွန်ကို မြီးနီလို့ခေါ်ကြတယ်...။ အမြီးနီနီနဲ့ သူက ရေချိုရေငံစပ်ပုစွန်လို့တော့ထင်တယ်...။  ခေါင်းက ၀ယ်ကတည်းက မပါဘူး ပိဿာလုံးဈေး 8000ကျပ်တဲ့ အစိပ်သားပဲဝယ်ခဲ့တယ် နှစ်ထောင်ဖိုး ..။ နှစ်ခါခွဲချက်လို့ရတယ်...။ သူက အနှစ်နဲ့ဆီပြန်ချက်တာထက် ကြော်စားတာပိုကောင်းတယ်...။ တချို့လည်း ခရမ်းချဉ်သီးလေးနဲ့ချက်စားကြပါတယ်...။ ကိုယ်ကတော့ အကြော်သရဲဆိုတော့ ကြော်စားတယ်...။ ရုံးမှာ အခါတိုင်းထက်အလုပ်ပိုရှုပ်လာလို့ ဟင်းချက်မစားဖြစ်တော့ဘူး..။ ကျန်တဲ့သူတွေတော့ အပြင်ဆိုင်ဝယ်စားကြတယ်...။ ဒါကြောင့် ခုသာမီး မနက်စောစောထမင်းဗူးထည့်ရတယ်...။ ပိုကောင်းသွားတယ် နို့မို့ဆို အိပ်ယာစောစောမထဖြစ်ဘူး...။ ရုံးချိန် ကိုးနာရီဆို ရှစ်နာရီမှထတာ ဟိဟိ...။ ကိုယ်ပျင်းကြောထူတာသိကုန်ပြီ..။ အဲဒီချိန်ထိအိပ်တယ်ဆိုတာကလည်း အကြောင်းရှိတယ်လေ ညည ဆယ့်နှစ်နာရီ တစ်ချက်ထိုးမှအိပ်တာကိုးး..။ ပြန်တွက်ကြည့်ရင် အိပ်ချိန် ရှစ်နာရီကွက်တိပါနော်...။ အာလူးများနေတာနဲ့ ပုစွန်ကြော်ဘယ်ရောက်သွားပြီလဲ...။ ဆက်ပြောပြမယ် ဘယ်လိုကြော်လဲဆိုတာ...လွယ်လွယ်လေးပဲ လုပ်ကြည့်ကြည့်...။

အမယ်လည်းမများဘူး အလုပ်ရှုပ်သက်သာတယ် စားကောင်းတယ်...။ ပုစွန်ကိုအခွံနွှာ ရေစင်စင်ဆေးပြီး kitchen tower နဲ့ရေခြောက်အောင်သုတ်ထား...။ ပြီးတော့ ပြောင်းမှုန့်လက်ဖက်ရည်တစ်ဇွန်း အကြော်မှုန့်ထမင်းစားဇွန်းတစ်ဇွန်း ကြက်သားမှုန့် ထမင်းစားဇွန်းမရှိတရှိလေးထည့်ပြီး နယ်နှပ်ထား...။ ကြက်သွန်ဖြူ အမွှာကြီးကြီး ငါးမွှာကို ဓါးပြားရိုက် နုတ်နုတ်စင်းထား...။ ဒယ်အိုးထဲကို ဆီခပ်များများလေးထည့်ပေး ဆီပူလာရင် ထောပတ်တစ်လက်မအရွယ်တစ်တုံးထည့်ပေး ကြက်သွန်ဖြူကိုမွှေးလာအောင်ဆီသတ် ရွှေရောင်မသန်းခင် ပုစွန်တွေကိုထည့်ကြော်ပေး...။ မီးကတော့ အနေတော်လေးနဲ့ကြော် မီးနည်းရင်လည်းမကြွပ်မှာစိုးရတယ်...။ ပုစွန်ကို ဟိုဖက်ဒီဖက်လှန်ပေးပြီး ကြွပ်ကြွပ်ရွရွလေးဖြစ်လာရင်ရပြီ...။ ပုစွန်ဆီလေးကို ထမင်းပူပူမှာဆမ်းပြီး နယ်စား ဘဲကြီးဂွတ်ပဲ...။

သက်သတ်လွတ်စားတဲ့ရက်တုန်းက ကြော်ထားတဲ့မနက်စာလေး ဆူကာသီးနဲ့ငရုတ်ပွကြော်ကို မကျည်းရည်လေးဖျော်ပြီး ထမင်းကြမ်းနဲ့ လက်ဖက်ရည်ကြမ်းပူပူလေးနဲ့စားတာ...။

မုန်ညင်းဖူးရွက်ကို ငရုတ်နီနဲ့ကြက်သွန်ဖြူနဲ့ကြော်ထားတဲ့ သာမီးရဲ့ ထမင်းဗူးလေ... ဒီနေ့ ပုစွန်ကြော်နဲ့ အဲဒီအရွက်ကြော်နဲ့စားတာ...။ ဟင်းကို အဲလိုအခြောက်စားတာကြိုက်တယ် ဆီတွေအနှစ်တွေနဲ့ မကြိုက်ဘူး..။ ဘိုဆန်တယ်လေ ဘိုမဆိုတော့...။


မိုးငွေ့

13 comments:

Yoemyaykya said...

ဗိုက်ဆာနေတာနဲ့ အတော်ပဲ။ ပုစွန်တော့ အားကြီးကြိုက်။

လွင်ပြင်လှိုင်းငယ် said...

စားချင်စာရာ ပုဇွန်ကြော်လေးပါလား မုန်ညင်းရွက်လေးရောပဲ

ညီလင်းသစ် said...

မုန်ညှင်းရွက်ကြော်လေးက စိမ်းနေတာပဲ..၊ ငရုတ်သီး အနီနဲ့ဆိုတော့ contrast ဖြစ်ပြီး အနုပညာတောင် ဆန်ချင်ချင်...၊း) အင်း.. အဲဒီ အနုပညာကိုပဲ သွားရည်ကျသွားခဲ့တယ်...။

မိုးသက် said...

စူကာသီးကို ပြင်ဦးလွင်မှာ ဂေါ်ရခါးသီးလို့ခေါ်ကြတယ်.။ဟုတ်ဘူး..တောင်ကြီးမှာပဲစူကာသီးလို့ခေါ်ကြတာထင်တယ်အစ်မ.။

ညိမ်းနိုင် said...

မသိလို့မေးပါရစေ...၊ကြက်သွန်ဖြူကို ဓားပြားမရိုက်ပဲ
ငရုတ်ကျည်ပွေ့နဲ့ထုလို့ရမလားရှဉ့်....:P

ခင်ဘုန်း said...

ရုံးက ဟင်းတွေလဲ ချက်စားကြတယ်လား
ပျော်စရာကြီး

ခင်ဘုန်း said...

ရုံးကဟင်းတွေလဲ ချက်စားကြတယ်လား
ပျော်စရာကြီး

စံပယ်ချို said...

အားလုံးကြိုက်တယ် အားလုံးစားခဲ့တယ်
နှိပ်စက်ပါပေ့ကွယ်
သရေတွေကျပြီး စက်ကိုပိတ်လိုက်တယ် စိတ်နာလို့
ချစ်တဲ့ jasmine
အာဘွားးးးးးးးးး

AH said...

ကြက်သွန်ဖြူကို ရွရွလေးကြော်လိုက်လိုက်ရတဲ့ အနံနဲ့ ပုဇွန်ကြော်အနံလေးပေါင်းလိုက်တော့..... အို... လွှတ်ကောင်း လွှတ်ကောင်း...

ချော(အစိမ်းရောင်လွင်ပြင်) said...

ကြော်စားချင်စိတ်တွေပေါက်လာပြီ...
အကြော်လည်း ကြော်စားဦးမှပါ..
မမိုးရဲ့ ပုဇွန်ကြော်လေးလည်း မြည်းသွားတယ်နော်

အမ်တီအန် said...

ဟင်းအဆီတွေမစားချင်တာ
စိမ်းစိမ်းစိုစို ကြော်ထားတာလေးတွေဆို စားချက်တာ
တူတယ်..

မြတ်နိုးသူ said...

ပုစွန်ကြော်လေးကြိုက်တယ်
လာရောက်သုံးဆောင်သွားပါတယ်

mstint said...

ပုစွန်ကြော်လည်းကြိုက် ဆူကာသီးနဲ့ ငရုပ်ပွကြော်လည်း နှစ်သက်သလို မုန်ညင်းဖူးရွက်ကြော်လေးလည်း မလွတ်အောင် အားပေးသွားတယ် မိုးငွေ့ရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်