Friday, 28 December 2012

စူးနစ်ကြေကွဲ.....




အမှောင်ထဲမှာ မျက်စိမှိတ်ထားပြီး အကြာကြီးနေချင်တယ်........။ ဘာမှမပြောချင်ဘူး....ဘာမှမလဲမတွေးချင်ဘူး...။ အဲဒီလိုလုပ်ချင်နေမိတယ်....။ ဒါပေမယ့် အသိစိတ်တွေက ကိုယ့်ကိုဖြစ်ခွင့်မပေးပြန်ဘူး...။ ရင်ဘတ်ထဲမှာ စူးနင့်နေတဲ့ခံစားချက်တွေက လည်မြိုကတဆင့်တက်ပြီး မျက်ဝန်နှစ်ဖက်ဆီကိုရိပ်ခနဲတက်လာတယ်...။ အမြင်အာရုံတွေဝိုးဝါးနေတဲ့ကြားက...စကားလုံးတွေကို ရှာဖွေနေမိတယ်...။ လက်ချောင်းတွေက ပြေးလွှားဖို့ တာဆူနေကြတယ်..ရင်ဘတ်ထဲကထွက်လာမယ့် စကားလုံးတွေကို စောင့်ဆိုင်းရင်းပေါ့...။

နွေရယ်...မိုးရယ်...နှင်းရယ်...လို့ ကိုယ့်ဆီမှာ ကွဲကွဲပြားပြားရှိနေသေးရဲ့လား.....။ အေးစိမ့်မှုမပေးတဲ့ဆောင်းမှာ နွေနေပူပူ မိုးတွေရွာချလိုက်သလိုပဲ....။ တင်းကျပ်နေတဲ့ ရင်ထဲကအရာတွေကို ဘယ်လိုဖွင့်အံချရမယ်မှန်းကိုယ်တကယ်မသိတော့ဘူး....။
မဆုံးနိုင်တဲ့ ကြေကွဲမှုတွေနဲ့ ကိုယ်ဘယ်လောက်ထိကြာအောင်နေရဦးမှာလဲ......။
ကျေးဇူးပြုပြီး ကိုယ့်ရဲ့ကြေကွဲမှုတွေကို ကန့်သတ်ပေးပါ...ပလိစ်စ်.....။

အဖြူရောင်အပြုံးတွေ....ကြယ်ကလေးတွေလို တောက်ပလင်းလက်တဲ့အကြည့်လေးတွေ...
နှုတ်ခမ်းထူထူတစ်စုံကထွက်ကျလာတဲ့ သံစဉ်လှလှလေးတွေ....လေထဲမှာဝဲပျံနေကြတဲ့ အနမ်းလေးတွေ ...အားလုံး ပုံပြင်ထဲမှာကျန်ခဲ့ပြီလို့ မပြောလိုက်ပါနဲ့...။

ကြည်စင်ကောင်းကင်မှာ... လွင့်ပျံနေမယ့် တိမ်အုပ်တွေကို သွေးရူးသွေးတမ်းရှာဖွေနေခဲ့မိတယ်....။ တိမ်တွေနောက်ကွယ်ကနေများ...ထွက်လာမလားလို့ မျှော်တလင့်လင့်နဲ့ နေ့ညတွေကို ဆုတ်ဖြဲလာခဲ့တာ ပျံသန်းနေတဲ့ ငှက်အုပ်တွေတောင် ကိုယ့်ကိုငေးမောကြည့်သွားကြလေရဲ့....။

မမြင်ရတဲ့နေရာတစ်ခုမှာ တုန့်ပြန်မှုမရှိတဲ့ စကားလုံးသုံးလုံးပါတဲ့နာမည်တစ်ခုကိုကြွေးကြော်လိုက်တယ်....။
တုန့်ပြန်မှုမရှိတာကို သိလျက်နဲ့...ကိုယ့်စိတ်ရဲ့စေညွှန်းရာ...ခေါ်ကြည့်မိတယ်...။ တစ်ရက်...နှစ်ရက်... သုံးရက်... အချိန်တွေသာ အရည်ပျော်ကုန်ဆုံးသွားမယ်... အဖြေသိပြီးသားပုစ္ဆာတစ်ခုကို... အဖြေထပ်သွားရှာသလိုဖြစ်သွားတယ်...။ စိတ်ဆုံးဖြတ်ကြည့်မိတယ်... ကိုယ့်ကိုထားသွားလဲ နေရစ်ခဲ့တော့မယ်...။ ဒါဆို အပြီးအပိုင်နှုတ်ဆက်....ကိုယ့်ဘ၀ထဲကနေ တစ်သက်လုံးပျောက်ကွယ်သွားတော့မလား.....။ အဲဒီလိုလဲ ကိုယ်မလုပ်နိုင်ခဲ့ဘူး...။ ဟူး....


မိုးငွေ့

5 comments:

စံပယ်ချို said...

ဖတ်ပြီးတခုခုကိုလွမ်းသလိုမျိုးခံစားလိုက်ရတယ်

(မမြင်ရတဲ့နေရာတစ်ခုမှာ တုန့်ပြန်မှုမရှိတဲ့ စကားလုံးသုံးလုံးပါတဲ့နာမည်တစ်ခုကိုကြွေးကြော်လိုက်တယ်....။
တုန့်ပြန်မှုမရှိတာကို သိလျက်နဲ့...ကိုယ့်စိတ်ရဲ့စေညွှန်းရာ...ခေါ်ကြည့်မိတယ်...။ တစ်ရက်...နှစ်ရက်... သုံးရက်... အချိန်တွေသာ အရည်ပျော်ကုန်ဆုံးသွားမယ်... အဖြေသိပြီးသားပုစ္ဆာတစ်ခုကို... အဖြေထပ်သွားရှာသလိုဖြစ်သွားတယ်...။ စိတ်ဆုံးဖြတ်ကြည့်မိတယ်... ကိုယ့်ကိုထားသွားလဲ နေရစ်ခဲ့တော့မယ်...။ ဒါဆို အပြီးအပိုင်နှုတ်ဆက်....ကိုယ့်ဘ၀ထဲကနေ တစ်သက်လုံးပျောက်ကွယ်သွားတော့မလား)

သဒ္ဓါလှိုင်း said...

မျက်လုံး မှိတ်ထားပေမယ့် ရင်ထဲက ဖြစ်ချင်တာတွေက တကွက်ပြီးတကွက်ပေါ်နေတတ်တာ.
လွမ်းစရာကောင်းတဲ့ အက်ဆေးလေးး ဟူးး
ချစ်တဲ့
သဒ္ဓါ

blackroze said...

နှုတ်ဆက်တယ် ဆိုတဲ့
စကားကို မကြားချင်ဆုံးဘဲမကြီးမိုးငွေ့ရာ

ပျိုးယုဝသုန် (Pyo Yu Wathone) said...

လစ်ဟာခြင်းကို တွေ့ရှိခံစားရတယ် သယ်ရင်း ..

Yoemyaykya said...

တစ်စုံတစ်ယောက်ကိုတောင် ပြေးသတိရမိတယ် စာလေးဖတ်လိုက်ရတော့။ လွမ်းဆွတ်ခြင်းတွေပေးတယ်။