Friday, 14 December 2012

ချစ်သောမာယာ…..



မထင်မှတ်ဘဲ….အဲဒီနေ့က မြည်လာခဲ့တဲ့ဖုန်းက…မင်းဆီကတဲ့….. ကိုယ်ပျော်သွားခဲ့သလား…. ဖုန်းကိုမကိုင်ခင်အထိ ကိုယ်မပျော်ရဲသေးဘူး…။ “မမဆီကိုဘယ်တော့မှ ဖုန်းမဆက်တော့ဘူး…. မမဆီကိုဘယ်တော့မှလည်းမလာတော့ဘူး…”လို့ဒေါသသံနဲ့မင်းပေါက်ကွဲခဲ့တာကို ကိုယ်ဘယ်တော့မှမမေ့ဘူး….။ ဘာမှမဟုတ်ပါဘူး….မင်းကိုယ့်ဆီဖုန်းဆက်တာ စမ်းသပ်မှုတစ်ခုလဲဖြစ်နိုင်တာပဲလေ…။

အဲဒါ….ယောကျာင်္းမာယာတဲ့…. အဲဒီစကားလုံးနဲ့ ကိုယ်သိပ်မကျွမ်းဝင်ဘူး…..။ ကိုယ်မသိဖူး မကျွမ်းဝင်ဖူးပေမယ့်လည်း မင်းမိတ်ဆက်ပေးလို့….. မာယာဆိုတာကိုလဲကိုယ်ချစ်တတ်ခဲ့ပြီ…။
ဘယ်လိုပဲဖြစ်ဖြစ်…ဘယ်တော့မှ မကြားရတော့ဘူးလို့မှတ်ယူထားခဲ့တဲ့ အသံကလေးတစ်သံကိုပြန်ကြားလိုက်ရတာ… ဘာနဲ့မှမတူတဲ့ပီတိဖြစ်မှုတွေက နှလုံးသားထဲမှာ နွေးခနဲ…တိုးတိုးတိတ်တိတ် ရိပ်ရိပ်ကလေး ထင်ကျန်နေခဲ့တယ်….။

မင်း..စိတ်ညစ်နေသေးလား အိန်ဂျယ်……ကိုယ်နဲ့ဝေးနေလို့ မင်းပျော်ချင်ပျော်နေမှာပေါ့နော်……

ကိုယ်မင်းကို ခဏကလေးမေ့ထားဖို့ ခုတလော သီချင်းတွေ လျှောက်နားထောင်ကြည့်တယ်….။ ဒါပေမယ့်လဲ မင်းဆီကဖုန်းမလာခင် တစ်ရက်အလိုကပဲ သီချင်းတွေနားထောင်နေရင်းနဲ့ မင်းကိုသည်းသည်းထန်ထန် သတိရလွမ်းဆွတ်နေမိတာ….။ မင်းရော…ကိုယ့်လိုပဲ ကိုယ့်ကို လွမ်းလို့ ဖုန်းဆက်လိုက်တာလား…ဟင်…။


မင်းက ခရီးသွားမှာတဲ့……ခုကိုယ်စာရေးနေတဲ့အချိန်မှာ….မင်းက…. ကိုယ်ချစ်တဲ့ ကြယ်တွေစုံတဲ့ မိုးကောင်းကင်ကြီးနဲ့ အနီးစပ်ဆုံးနေရာကို ရောက်နေရောပေါ့……။ ကောင်းကင်ကြီးကိုမော့ကြည့်လိုက်ပါ…
နှင်းငွေ့တွေ မြူခိုးတိုက်တွေကြားမှာ ကိုယ့်အလွမ်းငွေ့တွေလည်းရောပါ ယှက်သန်းနေမှာပါ…။

ကိုယ်လည်း…. ကမ်းခြေကိုသွားဖြစ်မလားမသိဘူး…..။ မင်းနဲ့ကိုယ်တို့ စဆုံခဲ့ကြတဲ့ ပင်လယ်အနားသတ်ဆီကို ကိုယ်ပြန်သွားရမှာကြိုပြီး ရင်ခုန်နေမိသေးတယ်….။ ဒါပေမယ့်… မိုးကုတ်စက်ဝိုင်းကြီးကို ငေးမော လှိုင်းလုံးဖွေးရိုက်ခတ်သံတွေကို နားထောင် ပြန်လာရရုံမှအပ ကိုယ့်အတွက် ကမ်းခြေက ဘာမှပိုပြီးမစွမ်းဆောင်ပေးနိုင်လောက်ဘူး…မင်းမပါဘဲနဲ့လေ…။

မာယာ..ရေ….. ကိုယ့်အိန်ဂျယ်ကို ကိုယ်ဆီ နောက်တစ်ကြိမ်ထပ်ခေါ်ဆောင်ခဲ့ပါဦးလို့…ရူးရူးမိုက်မိုက် ဆုတောင်းမိနေလေရဲ့….။

မိုးငွေ့

5 comments:

စံပယ်ချို said...

ကြယ်တွေစုံတဲ့ မိုးကောင်းကင်ကြီးနဲ့ အနီးစပ်ဆုံးနေရာကို ရောက်နေရောပေါ့……။ ကောင်းကင်ကြီးကိုမော့ကြည့်လိုက်ပါ…
နှင်းငွေ့တွေ မြူခိုးတိုက်တွေကြားမှာ ကိုယ့်အလွမ်းငွေ့တွေလည်းရောပါ ယှက်သန်းနေမှာပါ

အိန်ဂျယ်ကိုတွေ့ရင် မိုးငွေ့ဆီကို အကြိမ်မြောက်များစွာ
ခေါ်ဆောင်ခဲ့မှာပါ...

ညိမ်းနိုင် said...

ဘလောက်လိုက်ပီဆို........ :)

ဆူးသစ် said...

အိန်ဂျယ်......မာယာ........မိုးငွေ့။

မောင်သီဟ said...

ကြယ်တွေစုံတဲ့မိုးကောင်းကင်နဲ့အနီးဆုံးမှာ တခါတလေရှိတတ်တဲ့ မောင်ဘကြိုင် အိန်ဂျယ့်ကိုတွေ့ရင်ပြောပြလိုက်ပါ့မယ်း)

ကြယ်တွေစုံတဲ့မိုးကောင်းကင်ကိုမော့ကြည့်နေမယ့် အိန်ဂျယ်ကိုရှာကြည့်လိုက်မယ်း)

မောင်ဘကြိုင်

သဒ္ဓါလှိုင်း said...

လှပတဲ့ အက်ဆေးလေးတွေထဲ အလွမ်းတွေနဲ့ မျောသွားရအောင် ဆွဲဆောင်မှု ရှိလိုက်တာ မမိုး.။
ချစ်တဲ့
သဒ္ဓါ