ဇွန်လရဲ့ မိုးသက်လေမှာ စကားပန်းတွေက ထုံအီမွှေးပျံ့လို့…...
ကောင်းကင်ကြီးတစ်ခုလုံးလဲ ခဲသားရောင်တိမ်အုပ်တွေနဲ့ပြည့်နှက်လို့......
မင်းကိုလှမ်းကြည့်တော့ လက်ထဲမှာ စကားပန်းတွေနဲ့...ဂျင်းဘောင်းဘီအနက်နဲ့တွဲဝတ်ထားတဲ့ ပါးလွလွအဖြူရောင်ရှပ်အကျီၤက လေတလွင့်လွင့်နဲ့...။ စကားပန်းဟာ ကမ္ဘာပေါ်မှာ ရနံ့အမွှေးဆုံးပန်းထဲမှာ ပါဝင်တယ်လို့ ကိုယ်ကြားဖူးတယ်…။ တစ်ပင်လုံး အပွင့်တွေချည်းပွင့်ပြီး အရွက်မရှိသလောက်နည်းတဲ့ ရိုးတံကျဲကျဲ အကိုင်းတွေမှာ ဆွတ်ဆွတ်ဖြူပြန့်ကြဲနေကြတယ်….။ ကိုယ့်ကို မင်းပြုံးပြလိုက်တဲ့ အဓိပ္ပါယ်ကို ကိုယ်ကြိုးစားဖွင့်ကြည့်နေတုန်း... နားထဲမှာရေစီးသံ တဝေါဝေါကိုကြားနေရတယ်....။
ကိုယ်သိပြီ....
ကိုယ်တို့ စမ်းချောင်းနဘေးမှာ အတူသွားထိုင်ကြမယ်...။
လွင်ပြင်ကျယ်ကြီးတစ်ခုကို တခဏလေးဖြတ်လျှောက်ပြီးချိန်မှာတော့.... ဟိုးးး ချောက်ကမ်းပါးနက်ထဲမှာ စီးဆင်းနေတဲ့ စမ်းချောင်းကိုရောက်ပြီ....။ စမ်းချောင်းလို့သာပြောတယ် တကယ်တော့ အဲဒါက ရေခဲမြစ်တစ်ခုတဲ့...။ ရေစီးသံတွေက ပိုပိုကျယ်လာတယ်.....။ မြက်ခင်းတွေပေါ် ကိုယ်တို့ ထိုင်ချလိုက်တယ်...ဟိုးး အောက်ထဲကိုငုံ့ကြည့်တော့ အရှိန်ပြင်းပြင်းနဲ့စီးဆင်းနေတဲ့ ရေတွေက ဖွေးလို့ရယ်...။
ကိုယ်တို့နှစ်ယောက်ရှိတဲ့ဖက်က တံမြက်စည်းပင်ရှည်နဲ့ ဟိုဖက်ကမ်းက မြက်ပင်ရှည်တွေဟာ လေအသွဲ့မှာ ဘယ်ညာယိမ်းလို့ ကခုန်နေသလိုလို…။ မိုးရိပ်မိုးငွေ့ကြောင့် ရာသီဥတုဟာ ရုတ်တရက်အေးစိမ့်လာတယ်..။ မင်းနဲ့ကိုယ့်အကြားငြိမ်သက်မှုက မြစ်ဆီကရေစီးသံ ဖားအော်သံနဲ့ ဟိုးး အဝေးကပြေးလာတဲ့ မိုးရဲ့အသံကိုတောင် ရောပြီးကြားနေရတယ်..။ မိုးရွာတော့မယ်…။
တံမြက်စည်းပင်တွေကို ကိုယ်လက်နဲ့စုပြီး မြက်ရိုင်းပင်ရှည်ရှည်တစ်ပင်နဲ့ စည်းလိုက်တယ်။ ပြီးတော့ မင်းလက်ထဲက စကားပန်းတစ်ပွင့်ကို စည်းထားတဲ့ မြက်ပင်ကြားထဲထိုးလိုက်တယ်..။ ဘယ်လောက်လှလည်း ကြည့်စမ်း.. ဒီလိုပန်းစည်းမျိုး ကမ္ဘာပေါ်မှာ ဘယ်မှာမှဝယ်လို့မရတဲ့ ပန်းစည်း...။
လှတယ် မဟုတ်လား အိန်ဂျယ်.......:)
ဟိုဖက်ကမ်းကို လှမ်းပြီးငေးမောနေတဲ့ မင်းကို ကိုယ်လက်ညိုးလေးနဲ့ပခုံးကိုတို့ပြီး မေးငေါ့ပြတော့ မင်းကသဘောကျပြီး ကိုယ့်နားသယ်စပ်က ဆံနွယ်ကြားထဲကို စကားပန်းတစ်ပွင့်ထိုးပန်ပေးလိုက်တယ်...။ ပြီးတော့ စကားပန်းတစ်ပွင့်ကို ကောက်ယူပြီး ကြိုးတံတားဆီကိုလျှောက်သွားလိုက်တယ်.........။ ဒီဖက်နဲ့ ဟိုဖက်ကူးဖို့ အရင်တုန်းက ကြိုးတံတားလေးမရှိဘူး....။ ပေနှစ်ဆယ်လောက်ပဲ ရှိတဲ့ ကြိုးတံတားလေးကိုဖြတ်သွားပြီး ဟိုဖက်ကမ်း ကိုယ်တို့ထိုင်နေတဲ့ နေရာနဲ့တည့်တည့်မှာ မင်းကထိုင်ချလိုက်တယ်။... ပြီးတော့ မြက်ပင်ရှည်နဲ့ အဝါရောင်ပန်းပွင့်သေးသေးလေးတွေကို လက်နဲ့စုစည်းလိုက်တယ် စကားပန်းလေးကို အလည်မှာထိုးစိုက်လိုက်တယ်...။ ကိုယ့်ကို မင်းက လက်ကိုင်ပုဝါအဖြူလေး ဝေ့ရင်း ပန်းစည်းလေးကိုပြတယ်.....။ ကိုယ်လက်မနှစ်ဖက်ထောင်ပြလိုက်တယ်...။
လေတွေနဲ့အတူ မိုးစက်မိုးပွင့်တွေလွင့်ကျလာတယ်.......။ ဒီနှစ်မိုးက တော်တော်နောက်ကျမှရောက်လာခဲ့တာ…။ ကိုယ်ရှိတဲ့ ဖက်ကို မင်းပြန်ရောက်တော့ မိုးရေစက်တွေကြောင့် မင်းဆံပင်တွေနဲနဲစိုနေပြီ.....။ မိုးကျနေပုံလေးက ကဗျာဆန်လိုက်တာ... မိုးစက်သေးသေးလေးတွေ ဖွဲဖွဲလေးရွာချနေတာ.....။ ဒါကြောင့် လူကို စိုရွှဲသွားစေတာမျိုးလဲ မဖြစ်ဘူး...။
ကိုယ်တို့ဒီနေရာလေးကို မရောက်ဖြစ်တာကြာပြီနော် အိန်ဂျယ်...။
မင်းက သီချင်းတိုးတိုးကလေးညည်းပြတယ်....။ ကိုယ်ကဒူးနှစ်ဖက်ကိုလက်နဲ့ပိုက်ပြီး ယှက်ထားတဲ့လက်နှစ်ဖက်မှာ မျက်နှာတစ်ခြမ်းအပ် သီချင်းလေးဆိုညည်းပြတဲ့ မင်းမျက်နှာကိုကြည့်တယ်...။
ပတ်ဝန်းကျင်တစ်ခုလုံး မီးခိုးရောင်တွေအုပ်ဆိုင်းလို့...။ မိုးဖွဲဖွဲတွေစုပြီး ကိုယ့်မျက်နှာပေါ်မှာ မိုးစက်တွေဖြစ်ပြီးစီးကျလာတဲ့ မိုးရေတွေကို မင်းက လက်ညိုးလေးကွေးပြီး သပ်ချပေးနေတယ်..။ မိုးရေထဲမှာ မင်းကိုယ့်ကို ပုံပြင်တစ်ပုဒ်ပြောပြသေးတယ်......။ မင်းပုံပြောတာ ကိုယ်တခါမှနားမထောင်ဖူးဘူး…။ မင်းက သီချင်းဆိုကောင်းသလို စကားပြောတော့လဲ ပျိုမျစ်နုနယ်ပြီး တော်တော်နူးညံ့ဝါညက်တယ်…။ မင်းမျက်လုံးတွေကလည်း ကောင်းကင်ပေါ်ကကျလာတဲ့ မိုးစက်တွေလိုပဲ လင်းလင်းလက်လက်နဲ့.....။ ပုံပြင်ပြောနေတဲ့ မင်းအသံထဲမှာ အချစ်ကို ကိုယ်ခံစားမိလိုက်ရလို့ အံ့သြသွားမိတယ်...ပြီးတော့ ရမ်းရော်မှန်းဆမှုတွေ လွမ်းဆွတ်အောက်မေ့မှုတွေပါဝင်နေတယ်...။ အဲဒီကတည်းက မင်းပုံပြင်လေးဟာ အလွမ်းနဲ့ဇာတ်သိမ်းလိမ့်မယ်လို့ ကိုယ်သိပြီးသား.....။
ပုံပြင်ကလေးပြီးဆုံးသွားပြီ....
မင်းပါးပြင်ကို ကိုယ်လက်ဝါးနဲ့အုပ်ကြည့်တော့ အေးစက်နေတယ်.....
ကိုယ်တို့ပြန်ကြရအောင် အိန်ဂျယ်.....
ပြီးရင် ... အေးစက်နေတဲ့မင်းရဲ့နှလုံးသားလေးရော မင်းခန္ဓာကိုယ်တစ်ခုလုံးပါနွေးထွေးသွားအောင် ကိုယ်ကော်ဖီပူပူလေးတစ်ခွက်ဖျော်တိုက်မယ်.......:)
မိုးငွေ့

13 comments:
လွင်ပြင်ကျယ်ကြီးရယ်
စကားပန်းလေးရယ်
ပန်းစီးလေးရယ်
မိုးရေထဲမှာ အားလုံးကိုမျက်စိထဲမြင်နေရတယ်
မိုးရေထဲမှာ အိန်ဂျယ်နဲ့ထိုင်တဲ့လူကတော့ အရသာရှိချင်ရှိမယ်...ဦးဟန်ကြည်တို့ကတော့ မိုးရေစိုတိစိုဖတ်နဲ့ အလုပ်သွားရလွန်းတော့ အရသာမရှိပေါင်ဗျာ...ဒီကြားထဲမှာ ကော်ဖီကလည်း မကြိုက်ပြန်တော့ ခွတော့အတော်ကျသား...
ဒါပေမယ့် မိုးငွေ့ရဲ့ အရေးအသားကတော့ ရင်ထဲထိကို ရောက်အောင် စွမ်းပြန်ရော...ဒါတောင် ဖီလင်ချင်းမတူပေလို့း)
လှပသက်ဝင်တဲ့ အက်ဆေးလေးကြောင့် အေးစက်နေလားလို့တောင် ကိုင်ကြည့်မိရက်သားဖြစ်သွားတယ်.။ ပြီးတော့ ကော်ဖီပူပူလေးတစ်ခွက် ပြင်းပြင်းပြပြ သောက်ချင်လာတယ်..။
ချစ်တဲ့
သဒ္ဓါ
ဒါပေမယ့် ..အိန်ဂျယ်...
ခံစားအားပေးလျှက်ပါမမရေ..
ဝါး... မျက်စိထဲကိုကွက်ကွက်ကွင်းကွင်းမြင်တာပဲ။ မကြီးမိုးငွေ့ပျောက်နေတယ်နော်..။ ဘယ်တွေရောက်နေတာလဲ.။
ဒီမှာလည်း တစ်နေ့လုံးမိုးတွေဆက်တိုက်ရွာပြီး မရပ်လို့ ကော်ဖီဖျော်ရင် တစ်ခွက်ပိုဖျော်ပေးနော် :P
အက်ဆေးလေးအားပေးသွားတယ် မိုးငွေ့ရေ။ ဒီဘက်ကြုံရင်အလည်လာအုံးနော် ပြန်ရောက်ပြီး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အိန်ဂျယ်တော့ မသိဘူး..
ဒီနေ့မနက် မမမိုးငွေ့တိုက်တဲ့ ကော်ဖီ ကန်ဒီတော့ သောက်ပြီးပြီ ဟီးး
နာ့နာမည်တောင်ပါသေးကို ဟိ။စတာပါ။အလွမ်း အလွမ်းတွေ အင်းးးးးလွမ်းကြပါ။
လွမ်းပါဒယ်ဆိုမှ မိုးသည်းသည်းမှာ
အေးထှာာာာ ကော်ဖီ ကော်ဖီ ခက်တာက အိန်ဂျယ်အတွက်တဲ့ တိန် ငတ်ပြီး)း)း)
ကိုယ်သိပြီးသား...
မကြီးရေ
ဇာတ်သိမ်းခန်းမရောက်လေးအထိတော့
ပျော်နေခွင့်ရှိပါသေးတယ်လေ..
အင်း....ချစ်သူလား.....ကော်ဖီတစ်ခွက်ဖျော်ခဲ့တယ်....
လို့ နာမည်ပေးရင်ကောင်းမလားစဉ်းစားနေတာ.....:))))
ဘာလို့လည်းမသိဘူး....မမိုး ပို့စ်အသစ်တစ်ပုဒ်(အထူး
သဖြင့် အိန်ဂျယ်ပို့စ်)ဖတ်တိုင်းဖတ်တိုင်းမှာ ဟိုးးးးးးးအရင်
က အိန်ဂျယ်ပို့စ်တစ်ပုဒ်ကိုပဲ သတိရ ရနေတယ်....။
အဲဒီပို့စ်မှာ အိန်ဂျယ်နဲ့ မမိုးနဲ့က ကမ်းတစ်ဘက်စီမှာ...။
မမိုးရဲ့ပုဝါလေးလား....လွင့်သွားတယ်ဆိုတဲ့ပို့စ်လေးလေ။
စိတ်ထဲက သိနေပေမယ့် ပြန်ရေးမပြတတ်တာတော့ခွင့်
လွှတ်ဗျာ....။အဲ့ပို့စ်ကိုပဲ သတိရနေမိတယ်.....ကဲ......
မခက်ဘူးလား အိန်ဂျယ်.....:D
အဲဒီကော်ဖီလေး သောက်ချင်လိုက်တာ..
မမိုး ရေးထားတဲ့နေရာလေးကို သွားချင်စိတ်ပေါက်လာတယ်
တံမြက်စည်းပင်တွေနဲ့ ကြိုးတံတားလည်း ရှိတယ်နော်.
ရှုခင်းလေး လှမဲ့ပုံရတယ်။
အဲဒီနေရာလေးကို သွားလည်ချင်ပြီး ကော်ဖီတခွက်လောက် သောက်ချင်မိတယ်..
Post a Comment