Tuesday, 19 June 2012

ကုသိုလ်အငှားယူကြသူတွေ.....

အမှန်တကယ်တော့ ကျမတို့က လုပ်အားသက်သက်ကူညီပေးသူတွေပါ…….။ အငှားကုသိုလ်ယူသူတွေပါ။ ကျမတို့ရုံးကဘော့စ်အတွက် ပဲခူးကျောက်တန်းရွာမှာရှိတဲ့ ဝေဠုဝန်ကျောင်းတိုက် ဘုန်းတော်ကြီးစာသင်ကျောင်းမှာ စာသင်ဆောင်နှစ်ဆောင်ဆောက်ဖို့ ငွေသွားလှူဒါန်းပေးခြင်းပါ…..။ သဌေးက နိုင်ငံခြားသွားနေတော့ကိုယ်တိုင်မသွားနိုင်သေးတာနဲ့ ကျမတို့ကိုစေလွှတ်ခြင်းပါ…။ သင်္ကြန်ရုံးပိတ်ရက်စပိတ်တဲ့ ဧပြီလ ၁၁ ရက်နေ့မှာ ကျမတို့သွားခဲ့ကြတာ…….။ အဲဒီကျောင်းကိုလုပ်အားပေးသွားမယ့် သူတွေကို ကားအကြိုအပို့ လုပ်ပေးပါတယ်…..။ ကလေးအယောက်လေးရာရှိတယ်ဆိုလို့ ပေါင်မုန့်လေးတစ်ယောက်တစ်လုံး ကျွေးချင်တယ်ဆိုပြီး အိုကေပေါင်မုန့်အလုံးလေးရာ ငါးဆယ်ဝယ်သွားသေးတယ်…။

အဲဒီကိုသွားဖို့ မြေနီကုန်းမှာစုရပ်လုပ်ထားပါတယ် …။ ကင်းလက်ဖက်ရည်ဆိုင်ရှေ့ကားလမ်းတဖက်ခြမ်းမှာပါ…။ လိုက်ပါမယ့်သူတွေက ကင်းမှာ မနက်ရှစ်နာရီအရောက်စုကြရတယ်….။ ကျမတို့ကိုတော့ ကားလိုက်မောင်းပေးတဲ့ အစ်ကိုက ရုံးမှာလာခေါ်ပေးပါတယ်…။ အဲဒီအစ်ကိုက ပရဟိတအလုပ်ကို စွမ်းစွမ်းတမံလုပ်နေတဲ့သူတစ်ယောက်…။ ကျမတို့သွားလှူမယ့် စာသင်ခန်းဆောင်နှစ်ဆောင်ဆောက်ဖို့ မြေကြီးနေရာကို အဲအစ်ကိုကြီးက သူ့အသက်လေးဆယ်ပြည့်မွေးနေ့တုန်းက လှူထားတာ….။ စမ်းချောင်းမြို့နယ်က လူငယ်တွေတော်တော်များများ လိုက်လာကြတယ်…. ကျောင်းသူကျောင်းသား အရွယ်လေးတွေ သင်္ကြန်ရက်အတွင်း ဝေယျာဝိစ္စလုပ်အားပေးသွားမလို့တဲ့…။ သိပ်ကောင်းတဲ့ အလုပ်ပါ….။ ခုခေတ်လူငယ်လေးတွေစိတ်မှာ အဲလိုလုပ်အားပေးချင် ကူညီချင်စိတ်ကလေးတွေရှိနေတာကိုက အားရစရာလေးပါ…။ ကျမတို့စီးတဲ့ကားထဲမှာ အားလုံးစုစုပေါင်း ဆယ့်ငါးယောက် ကားလေးက မီနီဘတ်နက်ပြာရောင်ကလေးပါ… လေအေးစက်ကလေးဖွင့်ထားပေးတာလဲ အေးစိမ့်လို့…။ အစက ရုံးကညီမက အမိုးပွင့်ကားနဲ့လာခေါ်မယ်ပြောတာ ဟိုကိုရောက်ရင်တော့ မျောက်ဖြူဖြစ်ပြီလို့ပြောတယ် ..။

ဟုတ်တယ် ကျောက်တန်းရွာကိုဝင်လာတဲ့လမ်းတလျှောက်ကမြေနီလမ်း ဖုန်တွေတထောင်းထောင်းထလို့….။ ရွာအ၀င်ကျမှာ ဆရာတော်အလှူခံထားတဲ့ငွေနဲ့ ကွန်ကရစ်လမ်းခင်းထားတယ်……။ အဲ တစ်မိုင်ကို သိန်းရှစ်ရာကျသတဲ့….။ ကားက လမ်းမှ ၀င်ကြိုရတဲ့သူတွေနဲ့မို့ ကိုးခွဲဆယ်နာရီမှ ရန်ကုန်ကစထွက်ဖြစ်တယ် ..။ ဘုန်းကြီးကျောင်းရောက်တော့ ဆယ့်တစ်ခွဲ ဆယ့်နှစ်လောက်ဖြစ်နေပြီ…။ ပစ္စည်းတွေချ အမောခဏဖြေ ဆရာတော်ကိုဝင်လျှောက်ပြီးတော့ နေ့လည်စာကို ထမင်းစားဆောင်မှာသွားစားကြရတယ်…။ ထမင်းစားပြီးတော့မှာ ဆရာတော်နေတဲ့အဆောင်မှာ ၀တ္ထုကပ်ဖို့လုပ်ကြတယ်…။ ဆရာတော်ကိုလာဖူးတဲ့ ဧည့်သည်တချို့တွေလည်းပါတယ်…။

ကျမတို့ စာသင်ကျောင်းနှစ်ဆောင်အတွက် ငွေကျပ်သိန်းခြောက်ဆယ်ကပ်ပြီး ဆရာတော်ဆီက တရားနာကြားကြရတယ်….။ သင်္ကြန်တွင်း တရားလာထိုင်တဲ့ ယောဂီတွေလဲရှိတယ်……။

ပြီးတော့မှ ရွာအ၀င်မှာတုန်းကတွေ့ခဲ့တဲ့ တဂြိုဟ်စက်အတွက် ထင်းစိုက်ဖို့ ၀ယ်ထားတဲ့ သစ်တောစိုက်ခင်းကို ကျမတို့ကိုလိုက်ပို့တဲ့ အစ်ကိုကို ဆရာတော်က လိုက်ပြခိုင်းပါတယ်….။ ဒါပေမယ့် အခုတော့ သစ်တောတွေကို နှမြောလို့ရယ် အဲဒီထဲက ရှေးဟောင်းအုတ်ခွက်ဘုရားအဆူးငါးရာကျော်ကို တူးဖော်ရရှိထားတာရယ်ကြောင့် ထင်းစိုက်မလုပ်တော့ဘဲ ရုက္ခဗေဒဥယျာဉ် တဖြင့်လဲ အေးအေးချမ်းချမ်းအနားယူ တရားထိုင်လို့ရအောင် အဆောင်လေးတွေ တစ်လုံးစနှစ်လုံးစဆောက်ထားတာကိုတွေ့ရတယ်…..။ ခြောက်ဧကလောက်ကျယ်တဲ့ အဲဒီဥယျာဉ်ထဲမှာ အပင်ပေါင်းစုံပါပဲ အပင်တွေပြုန်းတီးမှာစိုးလို့ ဆရာတော်က အဆောင်တွေကို ထပ်မဆောက်တော့ဘူးလို့လဲပြောတယ်….။ ဆောက်လက်စရွှံအိမ်တစ်လုံးနဲ့ တဲတစ်ခုထဲမှာ ဓမ္မအဖွဲ့တစ်ဖွဲ့ ကမ့်သဘောမျိုးနဲ့ရောက်နေတာတွေ့ရတယ်…….။ မန်းက တရားပြပေးတဲ့ ဆရာတော်တစ်ပါးကိုလဲ ဖူးခဲ့ရတယ်..။

နွေရာသီကျောင်းပိတ်ရက်မို့လို့ ကလေးတွေကျောင်းပိတ်ထားပါတယ် ...။ အစကတော့ ကလေးတွေကို မိဘမဲ့ကလေးတွေလို့ထင်တာ နောက်တော့မှ ရွာထဲက ကျောင်းစရိတ်မတတ်နိုင်တဲ့ ကလေးတွေကိုသင်ပေးတာတဲ့...။ အဲဒါနဲ့ပါသွားတဲ့ ပေါင်မုန့်တွေကို ဒီတိုင်းပဲထားခဲ့လိုက်တယ်...။ ကျောင်းမှာရှိတဲ့ ဦးဇင်းတွေ ယောဂီတွေ ဥပုသ်သီလလာယူတဲ့သူတွေ ဝေယျာဝိစ္စလာလုပ်တဲ့သူတွေစားရတာပေါ့....။

ယာယီစာသင်ဆောင်မှမြင်ရတဲ့ ကျွန်မတို့သဌေးလှူတဲ့ ကျောင်းစာသင်ဆောင်နှစ်ဆောင်ဆောက်ဖို့မြေနေရာ

အမိုးပွင့်သဘာဝမြေပြင်စာသန်းခန်းလေး

တက်ကယ်မိုးစာသင်ဆောင်

စာသင်ဆောင်နဘေးက ဗူးစင်

ဝါးးး ဟားး ဗူသီးကြော်လုပ်စားလိုက်ရ...နော်

ထမင်းစားဆောင်

အမျိုးသားယောဂီဆောင်

အုတ်နဲ့ဆောက်ထားတဲ့ တစ်ခုတည်းသောစာသင်ဆောင်

ရုက္ခဗေဒဥယျာဉ်ထဲက ၀ါတွင်းသုံးလ ဆရာတော်ဦးပညောဘာသ သီတင်းသုံးနေထိုင်တဲ့အဆောင်လေး

မန္တလေးကလာတဲ့ ဓမ္မအဖွဲ့တစ်ခု

ကြက်တညင်သုံးကောင် သစ်ပင်တွေနဲ့ကွယ်နေတယ်

မရမ်းသီးတွေမှည့်နေပြီ

နေ့လည်ခင်း လက်ဖက်ရည်ကြီးဝိုင်းလေး

တူးဖော်ရရှိခဲ့တဲ့ အုတ်ခွက်ဘုရား အပိုင်းအစတွေ

ကျောက်တန်းတစ်ရွာလုံးအတွက် သောက်သုံးရေကန် နွေဆိုတော့ ခန်းနေတယ်

မိုးငွေ့

10 comments:

ပျိုးယုဝသုန် (Pyo Yu Wathone) said...

သာဓု သာဓု သာဓု ပါ ဒေါ်မိုးငွေ့လေရေ..
ကြည့်ရမြင်ရ ဖတ်ရတာ ပိတိဖြစ်ရပါတယ်..

လွင်ပြင်လှိုင်းငယ် said...

အငှားကုသိလ်မဟုတ်ပါဘူး။ဒါလဲကုသိုလ်တစ်မျိုးပါပဲလေ။
သာဓု သာဓု သာဓု

blackroze said...

ကြည့်ရတာစိတ်ချမ်းသာစရာလေးနော်
မကြီးမိုးငွေ့
အဲလိုမျိုးနေရာတွေမရောက်တာ
အရမ်းကြာနေပြီ...

စံပယ်ချို said...

ပုံတွေမြင်ရတာပီတိဖြစ်ရပါတယ်မိုးငွေ့ရေ
အငှားကုသိုလ် လဲ ကုသိုလ်ပါပဲနော်

Candy said...

အဲ့လိုမျိုး ကုသိုလ်ယူရတာလေးတွေ အရမ်းပျော်တယ်။ ညီမကတော့ ခုချိန်မှာ ပိုက်ဆံထက် လုပ်အားနဲ့ပဲ ကုသိုလ်ယူနိုင်သေးတယ်။

Anonymous said...

သာဓု..သာဓု..သာဓုပါ မမီး... ဘေးနားက မမလည်း သာဓုပါရှင်.... :)

အမ်တီအန် said...

ကောင်းမွန်တဲ့ လုပ်ဆောင်မှုအတွက် သာဓုသုံးကြိမ် ခေါ်ဆိုလိုက်ပါတယ် ညီမရေ...။

မောင်သီဟ said...

သာဓု သာဓု သာဓုး)
အားပေးနေတယ်း)

ညိမ်းနိုင် said...

ကောင်းလေစွ မမိုးရေ...၊ဒါနဲ့ ပထမပို့စ်က ထမင်းကြော်လိုက်ပွဲလေးယူစားသွားတယ်.....:P

ချော(အစိမ်းရောင်လွင်ပြင်) said...

အငှားကုသိုလ်ပေမဲ့ ကောင်းတဲ့အလုပ်မို့ ကိုယ်တိုင်လည်း ကုသိုလ်ရမှာ သေချာပါတယ်။
ဘုန်းကြီးကျောင်းနဲ့ ပတ်ဝန်းကျင်လေးက အေးအေးချမ်းချမ်းလေးနော်.. အသီးတွေကလည်း ခူးချင်စရာလေးတွေ :P