ကျမတို့ပြန်တွေ့ပြီးနောက် သူနဲ့သွားဖြစ်တဲ့အထဲမှာ ပြင်သစ်သံရုံး လည်းပါတယ် YCC လည်းပါတယ်...။ အဲနေ့က ညနေကျရင် ပြင်သစ်သံရုံးမှာ အကပြိုင်ပွဲရှိလို့ သွားကြမယ်ဆိုပြီး ကျမကို သူပြောထားခဲ့တာ ကျမလည်း သံရုံးပွဲဆိုတော့ နည်းနည်းပါးပါးဝတ်ကောင်းစားလှလေးဝတ်ဖို့ စီစဉ်ထားပြီးသား ...။ ညနေဘယ်ချိန်လည်းဆိုတာကို သူက ကျမကို တိတိကျကျပြောမထားဘူး ...မေးတော့လည်း သေချာမဖြေဘူး သူသွားဖို့မသွားဖို့ မသေချာတာဖြစ်လိမ့်မယ်....။ ညနေရောက်တော့ သူက ဟိုလို ဒီလို အီလေးဆွဲနေတာ နောက်ဆုံးသွားကြမယ်ဆိုတော့ ညနေ ၆နာရီခွဲနေပြီ.... သံရုံးအဝင်ပေါက်ဖြတ်ပြီး အထဲရောက်တော့ ပွဲက ပြီးနေပြီ တချို့ပြန်တောင်ပြန်နေကြပြီ...။ ကျမက အချိန်မတိကျတာကိုမကြိုက်ဘူး... ကိုယ်သွားမယ့်နေရာကို အချိန် ငါးမိနစ် ဆယ်မိနစ်စောရောက်တာမျိုးကိုသဘောကျတဲ့သူ.... ။
ပြီးတော့.... သူက အေးရာအေးကြောင်း သူ့အသိတစ်ယောက်တစ်လေကို ကျမနားမလည်တဲ့ ဘာသာစကားနဲ့ နှုတ်ဆက်နေတဲ့အချိန် ကျမက ခပ်လှမ်းလှမ်းမှာ ကြောင်တောင်တောင်နဲ့ရပ်စောင့်နေရတယ်...။ ခနနေတော့ သူကျမဆီရောက်လာပြီး ပြန်ကြမယ်တဲ့.....။ ပွဲကလည်းပြီးနေပြီ...စိတ်ကလုံးဝမကြည်နေတော့ဘူး ဒီကိုဘာလာလုပ်တာလည်း ။ အပြန်တစ်လမ်းလုံး သူ့ကိုကျမစကားမပြောတော့ဘူး အဲဒီညက ကျမတို့အိမ်မပြန်ဘဲ ဘယ်တွေဆက်သွားဖြစ်လည်းသေချာမမှတ်မိတော့ဘူး...။
ကျမကို သူရုပ်ရှင်တွေကြည့်ဖို့ ဇာတ်ကားတွေအများကြီးရွေးပေးတတ်တဲ့ထဲမှာ ပြင်သစ်ကားတွေလည်းပါတယ်...။ 2002 မှာထွက်ထားတဲ့ လိပ်ပြာနဲ့သက်ဆိုင်တဲ့ Le Papillon (လီ ပါပီယွန်) လို drama ကားမျိုး....။ အဲဒီထက်စောတဲ့ အဖြူအမဲကားတွေ ဒုတိယကမ္ဘာစစ်မဖြစ်ခင်နဲ့ ဖြစ်ပြီးအချိန်က movie တွေပါသူက အကုန်ကြည့်တာ...။ ကျမကတော့ ကြည်နူးစရာကောင်းတဲ့ ရီစရာကောင်းတဲ့ စိတ်အပန်းဖြေစေတဲ့ စိတ်မပင်ပန်းစေတဲ့ ကားမျိုးကိုပဲကြည့်ဖြစ်တာများတယ်...။ ဘာသာစကားတွေထဲမှာ ပြင်သစ်စာကတော့ တော်တော်ခက်တယ် ဒီကြားထဲ စကားလုံးတွေကို အဖိုအမခွဲထားတာလည်းရှိသေး...။
ဉပမာ ပြင်သစ်ဆိုတဲ့စကားလုံးကို သူတို့ပြင်သစ်လို La France အရှေ့ကစကားလုံး la ဆိုတာက အမကိုကိုယ်စားပြုတာတဲ့ ...။ le ဆိုတာအဖိုတဲ့ Papillon ဆိုတာ လိပ်ပြာ....။ လိပ်ပြာရှေ့ကိုတော့ le ဆိုတဲ့ အဖိုစာလုံးထည့်ထားတယ်..။ ကျမလည်း သေချာနားမလည်ပါဘူး လေ့လာမိသလောက်တော့ ပြင်သစ်ဘာသာစကားမှာ သဒ္ဒါအရ Grammatical Gender ခွဲထားလို့ပါ...။ လိပ်ပြာကို le ထည့်ပြောတာဟာ အဖိုအမဖြစ်တဲ့ Biological Sex နဲ့ မသက်ဆိုင်ပါဘူးတဲ့...။ ဆိုတော့ Le Papillon ဆိုတာ အင်္ဂလိပ်လို "The Butterfly" ဖြစ်ပါတယ်..။
သူက ကျမကို ဒီလိုပြောဖူးတယ် ....
"Tu es la plus belle fleur de mon jardin secret "
"မင်းဟာ ကိုယ့်ရဲ့ လျှို့ဝှက်ဉယျာဉ်ထဲက ပန်းကလေး"တဲ့ ... တခါလေစိတ်လိုလက်ရ
"Tu es mon petit papillon, celui qui donne des couleurs à ma vie"
"မင်းဟာ ကိုယ့်ဘဝလေးကို အရောင်အသွေးစုံလင်စေတဲ့ ကိုယ့်ရဲ့လိပ်ပြာလေး"တဲ့....။
အဲလိုချိန်မျိုးကျမှ သူဟာ နိုင်ငံရေးဘာသာနဲ့ကဗျာစာပေကို အထူးပြုတဲ့ ကဗျာဆရာတစ်ယောက်ဖြစ်မှန်း သတိရမိတယ်...။
ဆက်စပ်ပို့စ်များဖတ်ရှုနိုင်ရန်
1.Butterfly Diary.....(Before Ten Years)
2.လိပ်ပြာဒိုင်ယာရီ.....(ဖရန်စစ်)
4.Butterfly Diary.....(Chaos Theory)
5. Butterfly Diary....(Round The World With You)
မိုးငွေ့

No comments:
Post a Comment