ဒီပို့စ်ကိုရေးရခြင်းအကြောင်းကလေးတစ်ခုရှိလာလို့.....။ ပေါင်မုန့်ဆိုင်ဆိုတာ ကိုယ်တိုင်လတ်လတ်ဆတ်ဆတ်ပြင်သစ်ပေါင်မုန့်တွေနဲ့ကော်ဖီရောင်းတဲ့ဆိုင်လေးဖြစ်ပါတယ်...။ စမ်းချောင်း သုခမိန်လမ်းလေးထဲမှာရှိပါတယ်..။ ဆိုင်နာမည်က ပြင်သစ်လိုဆို "လာဘူလွန်ဂျရီ" အင်္ဂလိပ်လိုဆို "Bakery" လို့အဓိပ္ပါယ်ရတယ်...။ မြန်မာလိုတိုက်ရိုက်ကျတော့ မုန့်ဖုတ်ဖိုဆိုတော့ ခေါ်လို့ကောင်းအောင် ပေါင်မုန့်ဆိုင်လို့ပေးထားတာဖြစ်မယ်..။ ပေါင်မုန့်ဆိုင်က ရန်ကုန်မှာ ဆိုင်ခွဲ သုံးဆိုင်ရှိတယ် ဒီစမ်းချောင်းဆိုင်လေးက လွန်ခဲ့တဲ့လေးနှစ်တုန်းက ပထမဆုံးစဖွင့်ခဲ့တဲ့ဆိုင် ဒုတိယအဆိုင်က ဖိုးစိန်လမ်းထဲမှာ နောက်ဆုံးတစ်ဆိုင်က ဖွင့်တာ တစ်နှစ်ကျော်ပဲရှိဦးမယ် ဘိုကလေးဈေးလမ်း YMCA မှာ...။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အဲဆိုင်ရောက်တော့ အလွဲလေးတစ်ခုဖြစ်သွားခဲ့တာ ပြောပြချင်လို့...။ ပေါင်မုန့်ဆိုင်ကို ရောက်သွားတဲ့ ပထမရည်ရွယ်ချက်က စတော်ဘယ်ရီယိုဗူးလေးဝယ်ဖို့ သူတို့ကိုယ်တိုင် ဗမာစတော်ဗယ်ရီသီးလေးနဲ့လုပ်ရောင်းတဲ့ Jam ဗူးလေး အရင်တုန်းက စရောင်းတာ တစ်ဗူး တစ်သောင်းကျပ်ပဲ ခုတော့ ကုန်ဈေးနှုန်းတွေတက်တော့ နှစ်သောင်းနှစ်ထောင်တဲ့ ...။ ရောက်လက်စနဲ့ကော်ဖီလေးသောက်မယ် ပေါင်မုန့်လေးလည်းဝယ်သွားမယ်ဆိုပြီး မုန့်ကောင်တာရှေ့ရောက်တော့...။ အရင်ဆုံး pain au chocolat ဆိုတဲ့မုန့်ကို တမ်းမြင်တယ် ဒီမုန့်နဲ့ကျနော်မစိမ်းပါဘူး ၂၀၂၃ တုန်းက တောင်ဥက္ကလာ မေတ္တာလမ်းမှာဖွင့်ထားတဲ့ Petit Rangoon ကော်ဖီဆိုင်မှာ ခရိုဆွန်းမုန့်တွေမျိုးစုံရောင်းတဲ့အထဲက pain au chocolat ဆိုတဲ့ မုန့်ကို ကျနော်ရင်းနီးနေပြီးသား အဲကတည်းက ခရိုဆွန်းမုန့်ကို အထဲမှာ ပိန်းဥနဲ့ ချောကလက်ထည့်ထားတယ် ပဲမှတ်တာ ခုချိန်ထိ....။ အော် ငါတို့မြန်မာပြည်ကလူတွေ ပိန်းဥကို Taro လို့ရေးရင်မသိမှာစိုးလို့ အသံထွက်နဲ့ရေးပြထားတာပဲမှတ်နေခဲ့တာကဲ ....။
ဒါနဲ့ကော်ဖီမှာပြီး အဲမုန့်ကိုပြပြီး အထဲမှာ ပိန်းဥနဲ့ချောကလက်ပါတာလားလို့ သေချာအောင်မေးလိုက်လို့ ရောင်းတဲ့ကလေးမလေးက ပြုံးစေ့စေ့လေးနဲ့ မဟုတ်ဘူး ချောကလက်ပဲပါတာတဲ့...။ အဲဒါနဲ့ ချောကလက်ကိတ်လေးတစ်ခုနဲ့ အဲဒီပိန်းဥချောကလက်လို့ထင်တဲ့မုန့်တစ်ခု ပါဆယ်ယူပြီး ကော်ဖီထိုင်သောက်တဲ့အချိန် သေချာအောင် Chat GPT ကိုမေးတော့မှ pain au chocolat ချောကလက်ထည့်ထားတဲ့ ပြင်သစ်ပေါင်မုန့်တဲ့ အသံထွက်က "pan oh sho-koh-LAH" "ပန်အိုရှိခိုလာ" လို့ထွက်တာတဲ့...အောင်မလေး ကိုယ့်ဘာသာ ကိုယ့်အလွဲကိုစဉ်းစားပြီး ရီလိုက်ရတာ မျက်ရည်တောင်ထွက်တယ်...။ ကျနော့် "လိပ်ပြာဒိုင်ယာရီ" စီးရီးထဲက ဖရန်စစ်ဇာတ်ကောင်လေးသာသိရင် ကျနော့်ကို လေ့လာမှုနည်းလို့ ဆူလိမ့်မယ်...။
မုန့်ဖုတ်သင်တန်းတောင်တက်ခဲ့ပြီး ပြင်သစ်ပေါင်မုန့်ကိုမသိလိုက်တဲ့ ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်မိတယ်...။ အသိလေးတစ်ခုတိုးလို့လည်း ဝမ်းသာရတယ်...။ ကျနော် ငယ်ငယ်က စပိန်ဘာသာစကားသင်တန်းတက်ဖို့ အစီအစဉ်ရှိခဲ့သေးတယ် နာဂစ်မဖြစ်ခင်လေးကပေါ့ နာဂစ်ပြီးတော့ မေ့မေ့ပျောက်ပျောက်နဲ့မတက်ဖြစ်တော့တာ ခုထိ...။ ပြင်သစ်စကားကျတော့ စိမ်းတယ်လို့လည်းပြောလို့ရသလို မစိမ်းဘူးလို့လည်းပြောလို့ရတယ်..။ Bonjour ဘွန်ဂျူး မင်္ဂလာပါ ဆိုတာလောက်ပဲသိ....။ အရင်လို google translate ကနေမဟုတ်တော့ဘဲ ခု Chat GPT လေးရှိနေတော့ ဘာသိချင်သိချင် မေးရတာ အရမ်းအဆင်ပြေသွားပြီ...။ လူတစ်ယောက်လိုပဲ အပြန်အလှန်မေးမြန်း ဆွေးနွေးနိုင်ပြီ...။
တွေ့လားအပေါ်ဆုံးက မုန့်လေ Pain Au Chocolat
တခြားဆိုင်ခွဲတွေတော့ ကျနော်မရောက်ဖူးဘူး ဒီစမ်းချောင်းဆိုင်လေးကထိုင်လို့ကောင်းတယ် အပြင်ဖက်မှာထိုင်ရတာပိုကြိုက်တယ်...။ စီးကရက်သောက်တဲ့သူတွေအတွက် အဆင်ပြေ...။ အရင်ဒီဆိုင်ဖွင့်ခါစကဆို ပေါင်မုန့်ကို အရှေ့မှာပဲ မုန့်ဖုတ်စက်နဲ့ လိုချင်တဲ့အချိန် ပူပူနွေးနွေးတစ်ခါထဲဖုတ်ပေးတာ...။ ပေါင်မုန့်ဆိုတာ ပြင်သစ်ကစတာ အဲဒါမှတ်ထားဦး... (ကိုယ့်ကိုယ်ကိုပြောတာ)...။ သင်တန်းတက်တုန်းက Soup နဲ့စားရတဲ့ French Baguette ဆိုတာပဲသိခဲ့တာ ပေါင်မုန့်အစ ရာဇဝင်ကို ကျနော်သေချာမလေ့လာခဲ့တာလေကြည့်...။
အမှန်တော့ ပေါင်မုန့် (Bread) ကို ပြင်သစ်နိုင်ငံက စတင်တီထွင်ခဲ့တာ မဟုတ်ပါဘူး။ "ပေါင်မုန့်ဟာ ပြင်သစ်နိုင်ငံက စတင်ပေါ်ပေါက်လာတာ မဟုတ်ပေမယ့် ပြင်သစ်လူမျိုးတွေက ပေါင်မုန့်ယဉ်ကျေးမှုကို အနုပညာတစ်ရပ်လို တန်ဖိုးထားပြီး ကမ္ဘာတစ်ဝန်း လူသိများအောင် ဖော်ဆောင်ခဲ့ကြတယ်။"
ပေါင်မုန့်ရဲ့ သမိုင်းဟာ ပြင်သစ်နိုင်ငံထက် နှစ်ပေါင်းထောင်ချီ ပိုစောပါတယ်။ ရှေးခေတ်လူသားတွေက စပါး၊ ဂျုံလို သီးနှံတွေကို ကြိတ်ပြီး မုန့်ပုံစံနဲ့ စားသုံးခဲ့ကြတာပါ။
ပေါင်မုန့်သမိုင်း အကျဉ်း
လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄,၀၀၀ ကျော် – ယနေ့ ဂျော်ဒန်နိုင်ငံနယ်မြေမှာ ရှေးလူသားတွေက အစောပိုင်းပေါင်မုန့်ပုံစံကို ပြုလုပ်စားသုံးခဲ့ကြောင်း သက်သေတွေ တွေ့ရှိထားပါတယ်....။
ရှေးခေတ်အီဂျစ် – တဆေးနဲ့ မုန့်သားဖောင်းကြွအောင် ပြုလုပ်တဲ့ နည်းလမ်းတွေ ဖွံ့ဖြိုးလာခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ – နောက်ပိုင်းမှာ ကိုယ်ပိုင်ပေါင်မုန့်ယဉ်ကျေးမှုနဲ့ Baguette လို နာမည်ကြီးမုန့်တွေ ပေါ်ထွန်းလာခဲ့ပါတယ်။
Credit # Chat GPT

ဒီပုံတွေက ပေါင်မုန့်ဆိုင် စဖွင့်တုန်းကပုံတွေ
မိုးငွေ့
No comments:
Post a Comment