Wednesday, 7 March 2012

လသာညရဲ့ လေပြေညှင်းတို့ဆောင်ယူရာ.....



အမှန်တော့ ဒီနှင်းဆီဖြူဖြူလေးတွေကို အရမ်းကြိုက်လို့သာဝယ်ခဲ့တာ ကိုယ့်မွေးနံပန်းလဲမဟုတ်ဘူး.....။ ကြာသပတေးဒေါင့်မှာ ကန်တော့မယ့်သူ့ကိုပဲ နှင်းဆီဖြူဖြူလေးတွေကို ဘုရားပန်းပေးကပ်လိုက်တော့တယ်....။ ပန်းအိုးကတော်တော်ကျပ်နေလို့ သူ...မနည်းထိုးစိုက်ထည့်နေရတယ်...။ ကြသပတေးဒေါင့်ကနေ အောင်မြေမရောက်ခင် သူ့အကျီလက်ဖျားလေးကိုလှမ်းဆွဲပြီး အနောက်ဖက်ကြားထဲကို ချိုးကွေ့ဝင်သွားလိုက်တယ်....။

ညွှန်ပြထားတဲ့ မြှားလေးတွေအတိုင်း တစ်ခုပြီးတစ်ခုသူနင်းပြီး ကောင်းကင်ယံမှာ ရွှေရောင်တဖျပ်ဖျပ်တောက်နေတဲ့ စေတီတော်ကြီးရဲ့အထွတ်အထိပ်က ထီးတော်မှာတည်နေတဲ့ စိန်ဖူးတော်ရဲ့ ရောင်ခြည်တော်တွေကို တစ်ရောင်ပြီးတစ်ရောင်ဖူးမျှော်ကြည့်နေတဲ့ သူ့မျက်လုံးတို့က ကြယ်ပွင့်ငယ်လေးတွေလို တောက်ပလို့ပဲ...။ သူ့ဘေးကနေကောင်းကင်ကိုမော့ကြည့်တော့ (တပေါင်းလပြည့်မတိုင်ခင် နှစ်ညအလိုက) မပြည့်ဝသေးတဲ့လကိုမြင်ရတယ်.....။ လရဲ့အလင်းရောင်က ဘုရားကုန်းတော်ပေါ်က မာကျူရီမီးရောင်တွေကို ထိုးခွဲလို့ ဖြာဆင်းကျနေလေရဲ့.....။ လသာညရဲ့ သယ်ဆောင်လာတဲ့လေညှင်းလေးက အေးမြမြနဲ့ စိတ်ကြည်နူးဖွယ်ရာပါပဲ.....။ ပြီးတော့ ဒီနေရာလေးက မီးတိုင်တွေနဲ့ခပ်လှမ်းလှမ်းမို့ လရောင်ကိုပိုပြီး ခံစားနိုင်တယ်...။

အဖြူရောင်စကျင်ကျောက်ပြားပေါ်မှာ အဖြူရောင်မြှားတွေဘေး ရောင်ခြည်တော်အနီကိုဖူးမြင်ရတဲ့နေရာကို R လို့ရေးထားတယ်...ထိုနည်းတူစွာ အဝါရောင်ကို Y အစိမ်းရောင်ကို G လိမ္မော်ရောင်ဆို O ဆိုပြီး နိုင်ငံခြားသားဧည့်သည်တွေလာရင် ဖူးမျှော်ကြည့်ရတာလွယ်ကူအောင်လုပ်ပေးထားပါတယ်.....။ သူကတော့ သူ့လွယ်အိတ်ကြီးကြီးတစ်ဘက်နဲ့ ဆံပင်ကောက်ကောက်ကွေးကွေးတွေလေထဲလွှင့်လို့ စိန်ဖူးတော်ရောင်ခြည်ကိုကြည့်မဆုံးတော့.... ကိုယ့်ဖက်ကိုလှည့်ပြီး ဒီနေရာကိုဘယ်လိုသိလဲတဲ့ မေးသေးတယ်..။ တကယ်တော့ကိုယ်လဲ အရင်ကမသိပါဘူး.... မြောက်ဖက်မုဒ်မှာရှိတဲ့ ပဉ္စဝဂ္ဂီအသင်းဝင်ထားတဲ့ အသိအစ်မတစ်ယောက်နဲ့ လပြည့်တစ်ရက်ကျော်တိုင်း ဘုရားရင်ပြင်တော်သန့်ရှင်းရေးလုပ်ဖို့ လိုက်လာရင်းက ညဖက်ဘုရားရင်ပြင်မှာကဇရပ်တွေမှာ အိပ်ရတဲ့အခါဆို ဘုရားသန့်ရှင်းရေးပြီးတာနဲ့ အဲဒီအသင်းက အန်တီတစ်ယောက်က စိတ်ဝင်စားတဲ့သူတွေကို ဘုရာတစ်ပတ်ပတ်ပြီး အရံစေတီတွေ အံ့ဖွယ်စေတီတွေကိုအကုန်လိုက်ပြတယ်....အဲဒီကနေအခုအနောက်နဲ့ မြောက်ဖက်မုဒ်ကြားမှာရှိတဲ့ ဘုရင့်နောင်မင်းတရာကြီးရဲ့ အောင်မြေကိုသိသွားတာပါပဲ......။ ဘုရင့်နောင်မင်းကြီး ဒလကိုစစ်တိုက်ထွက်တော့ စစ်အောင်ဖို့အဓိဌာန်ပြုခဲ့တဲ့ နေရာပေါ့...။

ရောင်ခြည်တော်ဖူးပြီး အဲဒီဘေးဖက်မှာရှိတဲ့ ကိုးနဝင်းဘုရားဆောင်းတန်းမှာ လက်ဆစ်ခြေဆစ်တွေ ပေါ်တော်မူတဲ့ ကြေးသွန်းဘုရားတစ်ဆူကို လိုက်ပြတော့ သူက ကင်မရာနဲ့တဖျပ်ဖျပ်ရိုက်ပါတယ်..... (သူ့ပုံစံကဂျင်းဘောင်းဘီနဲ့ တီရှပ်ကိုအထဲကဝတ်ပြီး ရှပ်လက်ရှည်အကွက်ကို အပြင်ကထပ်ဝတ်ထားတယ်.... ကိုယ်က ရင်ဖုံးအကျီၤ ချည်ထမီနဲ့ မသိရင် ကိုယ်ကသူ့ကိုပဲ ဂိုက်လိုက်လုပ်ပေးနေသလိုလိုပေါ့.....) သာမန်အားဖြင့် ဘုရားသွန်းလုပ်တဲ့အခါ လူတွေလို လက်ကောက်ဝတ်နဲ့ခြေကျင်းဝတ်တွေမှာ အဆစ်ဖုလေးတွေမပါဘူးလေ...။ ဒီဘုရားကျတော့ ထူးဆန်းအံ့ဖွယ်ရာ သူ့အလိုလိုပေါ်လာတာ... ဂေါပကလူကြီးတစ်ယောက်ကို အိပ်မက်လာပေးလို့ လာကြည့်တော့ အဲလိုအဆစ်တွေပေါ်နေတာတဲ့.....။ ခြေဆစ်လက်ဆစ်ဖုလေးတွေ ထွက်တဲ့နေရာကို သစ်စေးတွေနဲ့မဲမဲလေးသုတ် ထားပေးတယ်......။ သူက အမကတော်တော်သိတာပဲနော်တဲ့ ဒါဆို ကျနော့်ကိုတခြားထူးဆန်းတဲ့ ဘုရားတွေလိုက်ပြပေးဦးမယ်မဟုတ်လားတဲ့....။ ဒါပေါ့ လိုက်ပြမှာပေါ့......အဟဲ ကိုယ်ကလဲဆရာ လုပ်ချင်နေတဲ့သူလေ အကိုက်ပဲ...။ ကိုးနဝင်းဘုရားတန်ဆောင်းရှေ့မှာရှိတဲ့ အင်္ဂလိပ်ခေတ်က သူတို့သယ်ယူသွားလို့ မြစ်ထဲကျပြီး ရန်ကုန်မြစ်တွင်းကနေပြန်ဆည်ယူခဲ့တဲ့ စဉ့်ကူမင်းရဲ့ မဟာဃဏ္ဍခေါင်းလောင်းကြီးကို သူဓါတ်ပုံရိုက်နေတယ်....။

အဲဒီကနေ လက်ဝဲဖက်ကိုဆက်သွားရင် အံ့ဖွယ်(၃)ထဲမှာပါတဲ့ ရှင်စောပုဘုရင်မတည်းထားကိုးကွယ်တဲ့ ရှင်စောပုဘုရားကိုဖူးမျှော်ရမှာပါ....။ ကိုယ်တို့ အဲဒီမှာ ဘုရားရှိခိုးပြီး ဘေးကပ်ရပ်မှာရှိတဲ့ ယပ်ခပ်ဘုရားကိုသူက ဓါတ်ပုံရိုက်ပြီး အောင်မြေနင်း ဘုရားကန်တော့ကြတယ်.......။ အောင်မြေကနေ ရွှေရောင်တောက်ပနေတဲ့ စေတီကိုယ်ထည်နဲ့ ခြံရံနေတဲ့အရံစေတည်တွေကို ဓါတ်ပုံရိုက်ယူရတာ အသပ္ပါယ်ဆုံးပါပဲ....။ သူကတော့ ရင်ပြင်ကျောက်ပြားပေါ်မှာ အားပါးတရထိုင်ချပြီး ဒေါင့်အမျိုးမျိုးကနေချိန်ရိုက်နေပါတယ်...။ သူ့ကိုဘေးနားကနေ ကိုယ်ကျုံ့ကျုံ့ကလေးထိုင်ကြည့်နေတော့ သူ့ကင်မရာပြောင်းကကိုယ့်ဖက်လှည့်လာတယ်...။ “အစ်မဒီမှာကြည့်ကြည့် အစ်မမျက်နှာကဘာမှလိမ်းမထားပဲ ကြည်စင်နေတာ အနောက်ကဘုရားမီးအလင်းနဲ့ ဟတ်ပြီးလှနေရော”တဲ့...။ ပြီးတော့ ကိုယ်တို့ ရုပ်ရှင်သရုပ်ဆောင်ခင်ခင်လေးလှူဒါန်းခဲ့တဲ့ မျက်ရှင်တော်ဘုရားကိုဖူးကြတယ်.....။

မြောက်မုတ်အာရုံခံတန်ဆောင်းနဲ့ ကပ်လျက်မှာရှိတဲ့ဆံတော်တွင်းတန်ဆောင်း ဆံတော်တွင်းဌာပနာတိုက်လို့လဲခေါ်တဲ့ အရင်ခေတ်တွေတုန်းက အောက်ကိုဆင်းလို့ရတဲ့ ဥမှင်လိုဏ်ခေါင်းရှိတဲ့နေရာ (ခုတော့အသေပိတ်လိုက်ပါပြီ)ကို သူ့လိုက်ပြတယ်....။ ဆံတောင်တွင်းကရေဟာ ဧရာဝတီမြစ်ရေနဲ့တကြောထဲဖြစ်လို့ ပင်လယ်ဒီရေအတက်အကျရှိတိုင်း ဆံတော်တွင်းလဲအတက်အကျရှိတယ်လို့ ဆိုကြတယ်...။ ဆံတော်တွင်းအုတ်ပြဿဒ်ကိုငုံပြီး တန်ဆောင်းလုပ်ထားတာ......။ အဲဒီဘေးမှာမှ ဘုရားခြေတော်ရာ...ပြီးတော့ သူ့အရှေ့ချောင်ကျကျထဲမှာရှိတဲ့ နဂါးဘုရား......။ မြောက်ဖက်စောင်းတန်းကနေလှမ်းကြည့်ရင် ထန်းပင်တစ်ပင်နဲ့ ရွှေတိဂုံဘုရားနောက်ခံကလဲ သိပ်လှတာ...အဲဒီမှာလဲ ဓါတ်ပုံရိုက်သေးတယ်....။ နိုင်ငံခြားသားတွေ စိတ်ဝင်တစားကြည့်နေကြတဲ့ လောကပါလမယ်တော်ကိုလဲဓါတ်ပုံရိုက်ယူတယ်....မယ်တော်ရဲ့ နောက်ကျောက ထုံးစေတီဖြူလေးဟာ လွမ်းစေတီလို့ခေါ်သတဲ့ လူသိပ်မသိမထင်ရှားတဲ့အကြောင်းကတော့ နိုင်ငံရေးညှိမှာစိုးတဲ့အတွက်ကြောင့်လို့ ပြောကြတယ်...။ တကယ်တော့ အဲစေတီဟာ တရုတ်မင်းသမီးတစ်ယောက်က သူ့ခင်ပွန်းသည်ဖြစ်သူ မောင်ကြိုင်ကိုလွမ်းကိုတည်ထားတဲ့ စေတီပါ...။ မောင်ကြိုင်အကြောင်းကို စနေဒေါင့်ရောက်မှရှင်းပြမယ် ဆိုတော့သူက ကလေးတစ်ယောက်ပုံပြင်နားထောင်ပြီး ပုံပြောသူကချက်ချင်းရပ်ပစ်လိုက်လို့ အားမလိုအားမရဖြစ်နေတဲ့ပုံလေးဖြစ်သွားတယ်.....။

လွမ်းစေတီကနေဆက်သွားတော့ အံ့ဖွယ်(၇)ထဲပါတဲ့ ရှင်မထီးဘုရားကိုဖူးကြတယ်....။ ပြီးတော့ နောင်တော်ကြီးစေတီ အဘဘိုးမင်းခေါင်နဲ့ထန်းသုံးပင်ဘုရားရောက်သွားတယ်......။ ရှေးအခါက အဲဒီထန်းပင်သုံးပင်မှာ အစောင့်ရှိတယ်ပြောကြတယ် ခုတော့ နာဂစ်ဒဏ်ကြောင့်ထန်းပင်အမြင့်ကြီးတွေအစား ထန်းပင်ပုလေးတွေအစားထိုးသွားတယ်..အသစ်ပြန်လာစိုက်သွားတာလေ...။ အဲဒီကနေ ညာဖက်ကိုပြန်ချိုး အံ့ဖွယ်(၆)ဖြစ်တဲ့ ဘိုးဘိုးအောင်ဂူဘုရားကိုဖူးမြင်ရမယ်.....။ အဘဘိုးမင်းခေါင် အရှင်ထွက်တဲ့နေရာလို့လဲ ပြောကြတယ်......။ သူ့ကို တနင်္ဂနွေဒေါင့်မှာရှိတဲ့ တိုင်လုံးတွေမှာ ကျောက်စိမ်းတွေနဲ့အပြည့်ကပ်ထားတဲ့ ကျောက်စိမ်းတန်စောင်းလိုက်ပြတယ်...တနလာၤဒေါင့် ဓမ္မစေတီဘုရားအဝင်နားလေးက ဆင်ဖြူရှင်မင်းတရားကြီးလက်ထက်က တည်ထားတဲ့ ထီးတော်ပုံစေတီအဖြူလေးလိုက်ပြတယ်....။

စနေဒေါင့်မရောက်သေးဘူးလားအစ်မလို့သူက စောစောက မောင်ကြိုင်အကြောင်းကိုသိချင်စိတ်လောနဲ့ မေးပါတယ်....။ ကိုယ်သူ့ကိုပြုံးပြပြီး ရှေ့ကိုလက်ညှိုးထိုးပြလိုက်တယ်....စနေဒေါင့်ရောက်တော့မယ်.....။ စနေဒေါင့်နားမှာ ဇော်ဂျီဝိဇ္ဇာရုပ်ထုတွေပြဿဒ်တိုင်းမှာရှိနေတဲ့ ဝိဇ္ဇာဇော်ဂျီဘုရားကိုအရင်ဖူးတွေ့ရတယ်...။ အဲဒီတစ်ဝိုက်ကို ဝိဇ္ဇာတွေစောင့်တယ်တဲ့....။ ကဲ ....စနေဒေါင့်နောက်ထဲက နေလဘုရားနားမှာ မောင်ကြိုင်ကိုတွေ့ပြီ......... ပုံတူတွေထုထားတဲ့ ရွှေတောင်ငွေတောင်တွေကို သူကအရင်ဓါတ်ပုံရိုက်ယူ နေတယ်...။ ညာဖက်မှာရှိတဲ့ ငွေတောင်မှာ အောက်ဂူထဲကိုဆင်းဖို့ပြင်နေတဲ့ မောင်ကြိုင်ရဲ့ ရုပ်ထုသေးသေးလေးကို သေချာကြည့်မှမြင်ရတာ.....။ အဲဒီခေတ်တုန်းက မောင်ကြိုင်တစ်ယောက်ပင်လယ်ဝပေါက်တယ်ဆိုတဲ့ အောက်ဆင်းပေါက်ကနေဆင်းသွားလိုက်တာ လုံးဝကိုပြန်ရောက်မလာတော့ဘူးတဲ့...။ အဲဒီအောက်ကဌာပနာတိုက်ထဲမှာ ရွှေငွေကျောက်တံပတ္တမြားတွေကို ဓါးစက် လှံစက်တွေနဲ့စီမံထားတယ်ပြောကြတယ်...။ လောဘရမ္မက်ဇောရှိတဲ့သူ မှန်သမျှ အပေါ်ကိုပြန်ရောက်မလာတော့တာ......။ ဒါကြောင့် တရုတ်မင်းသမီးလေးက ဘယ်တော့မှပြန်ရောက် မလာတော့တဲ့ မောင်ကြိုင်ကိုလွမ်းလို့ အဲဒီမှာ လွမ်းစေတီလေးတည်ထားခဲ့ သတဲ့ကွယ်...။ သူက ပုံပြင်တစ်ပုဒ်လိုပြောပြနေတဲ့ ကိုယ့်ကိုသဘောကျစွာပြုံးကြည့်နေတယ်....။ တကယ်တော့ ကိုယ်လဲ အကြမ်းဖျင်းပဲသိတာ သေချာကဂနဏလဲမသိပါဘူး....။ အဲဒီကနေ စိန်ဖူးတော်ကိုမှန်ပြောင်းနဲ့ ဖူးကြည့်လိုက်ကြပြန်သေးတယ်.....။

အနောက်မုတ် ကြာသပတေးဒေါင့်ကိုပြန်ရောက်တော့ နှစ်ယောက်သားခဏ နားလိုက်ကြတယ်....။ သူက သူ့ကင်မရာထဲက ရိုက်ထားတဲ့ပုံတွေကို ပြန်ကြည့်နေတုန်း ကိုယ်က ဘုရားရေသွားသပ္ပယ်လိုက်တယ်.....။ ကိုယ်ဘုရားရှိခိုးတော့ သူ့ကင်မရာအလင်းဖျပ်ခနဲကို တွေ့လိုက်တယ်...။ တွေ့လားကိုယ့်ကို သူဓါတ်ပုံရိုက်ပြန်ပြီ....။ ကိုယ်ဘုရားရှိခိုးပြီးသူ့ကိုလှည့်ကြည့်တော့သူမဟုတ်သလိုလေး ဘုရားဖူးတွေကို လိုက်ကြည့်နေတယ်......။ ဒါပေမယ့်သူ့မျက်လုံးတွေက ပြုံးစေ့စေ့နဲ့မို့ ကိုယ်သိတာပေါ့....။ ကိုယ်အသဲယားစွာ သူ့ဆံပင်ခွေခွေတွေကို ဖွပစ်လိုက်တယ်.....။


ကဲ....ဂိုက်လဲမောလှပြီ ရှင်းပြရတာ ညနေစာလေးတော့လိုက်ကျွေးမယ်ဟုတ်.....ဆိုတော့... သူကပြုံးပြီး ခေါင်းညိတ်ပြတယ်......။ ထုံးစံအတိုင်း အစ်မကကော်ကော်ပဲသောက်မယ်မဟုတ်လား.တဲ့.....။ ညနေစာစားမယ့်ဆိုင်ကို သူကြိုက်မယ့် ရှုခင်းကောင်းမယ့်နေရာလေးကို ကိုယ်ရွေးလိုက်တယ်.....။ တကယ်လဲ အဲဒီကိုရောက်တော့သူတော်တော် သဘောကျသွားတယ်.....။ ဆူးလေဘုရားလမ်းက ဆယ်လွှာမှာရှိတဲ့ ကော်ဖီဆိုင်လေးပါ...။ အပေါ်မှာ ရွှေတိဂုံစေတီတော်ကို လှမ်းဖူးရတာ ဘယ်လောက်သပ္ပယ်လိုက်သလဲ...... နက်ပြာရောင်ညခင်းနောက်ခံနဲ့ ရွှေရောင်တွေဖြာထွက်နေတာများ......။ အစားအသောက်တွေ မလာခင်သူက ကင်မရာနဲ့ လျှောက်ရိုက်နေတယ်။ မှန်ပြူတင်းကနေတိုက်ခတ်လာတဲ့ လသာညကဆောင်ယူလာတဲ့ လေညှင်းလေးက မျက်နှာချင်းဆိုင်ညစာထိုင်စားနေတဲ့ ကိုယ်တို့နှစ်ယောက်ကြားကို သိသိသာသာ တိုးဝှေ့ဝင်လာတယ်....။ ကိုယ့်ဆံပင်တွေမျက်နှာတခြမ်းကို အုပ်သွားလို့ သူက အလျင်စလို သပ်သင်ပေးနေသေးတယ်......။ ကျေးဇူးလို့နှုတ်ကမပြောမိပေမယ့် သူ့ကိုမျက်လုံးနဲ့လှမ်းပြောတော့ သူကကိုယ့်ကိုခပ်စိုက်စိုက်ကြည့်နေတာနဲ့ဆုံသွားတယ်.....။ သူ့မျက်လုံးလေးတွေက ကြယ်ပွင့်လေးတွေလိုပဲ တောက်ပတယ်......... ကြည်လင်တယ်........... ရိုးစင်းတယ်..... ကိုယ်မျှော်လင့်ထားတဲ့ အရိပ်ယောင်လေးတစ်စက်မှမပါအောင်သူကြည့်တတ်တယ်.....။ ဒါဟာ သူ့စိတ်ထဲက တကယ်သန့်ရှင်း ဖြူစင်လို့ပေါ့..........။ ကျေးဇူးတင်ပါတယ်....။ ကိုယ်ကလဲ အဲလိုရိုးစင်းသန့်ရှင်းတဲ့ ဆက်ဆံမှုနဲ့ သူ့ကိုမိတ်ဆွေအဖြစ် အမြဲခင်ချင်ပါတယ်.......။

မှတ်ချက်။ ။ ကော်နက်ရှင်ပြဿနာကြောင့် ပုံနဲ့တကွမတင်နိုင်သေးတာ ခွင့်လွှတ်ပေးပါလို့ တောင်းပန်ချင်ပါတယ်..။ နောက်တစ်ပို့စ်ကျမှ ပုံလေးတွေတင်ပါ့မယ်.... လာဖတ်ပေးတဲ့အတွက် ကျေးကျူးကမ္ဘာဆိုင်ရော....း) အော်...ပြီးတော့ ဘုရားသမိုင်းကြောင်းလေးတွေက ကျမသိသလောက်လေး ရေးထားတာပါ အမှားယွင်းပါရင် ကျမရဲ့အမှား သက်သက်သာဖြစ်ပါတယ်... လိုအပ်တာ မှားယွင်းတာများတွေ့ရင် ကော်မန့်မှာပြောသွားနိုင်ပါတယ်....။


မိုးငွေ့

11 comments:

မိစံ said...

ရွှေတိဂုံကိုဒီလောက်စုံစုံဖူးရအောင်
နောက်တစ်ခါသွားရင်.အစ်မကိုခေါ်သွားရမယ်း)
ဘုရားသာသွားနေတာ.ဘာတွေဘယ်လို၊ဘယ်နေရာ
ရှိတယ် မသိဘူးအစ်မရဲ့..
ဒီနေ့၊ဒီပို့စ်အတွက်.ကျေးကျူးကမ္ဘာဆိုင်ရော..ပါး))
(ဒါ့ပုံကတော့..ဘုရားရှိခိုးနေတဲ့ပုံလေး
တစ်ပုံလောက်ဘဲ.request လုပ်ပါရစေ :D)

ချစ်ခင်လျှက်..

San San Htun said...

ကျေးကျူးကမ္ဘာဆိုင်ရော မမိုးငွေ့ 

စံပယ်ချို said...

မသိသေးတာသိလိုက်ရတယ်နောက်တင်ပေးမယ့်ပုံလေးတွေကိုစောင့်ရင်း
ချစ်တဲ့ jas

မဒမ်ကိုး said...

ရွှေတိဂုံဘုရားကြီးကိုလွမ်းရင်း မမိုးရဲ့ ကြည်နူးစရာအက်ဆေးလေးကို ချစ်ခြင်းများစွာနဲ့ဖတ်သွားလေရဲ့

ချစ်တဲ့

ဒိုးကန်

SHWE ZIN U said...

ချစ်စရာအက်ဆေးလေး ဖတ်သွားတယ် ညီမရေ

ချစ်တဲ့

blackroze said...

မကြီးရေ..
စိတ်ထဲကိုကြည်ကြည်နူးနူးနဲ့
ဖတ်သွားတယ်အမ..
မိစံပြောသလိုဘဲ
ဘုရားရှိခိုးနေတဲ့ ပုံလေးတပုံလောက်
တင်ပါဦးလို့..
နှစ်ယောက်တွဲနော်..

ခင်တဲ့ ပစ်ပစ်

ချော(အစိမ်းရောင်လွင်ပြင်) said...

စာလေးဖတ်ရင်းရွှေတိဂုံဘုရားကို ဖူးသွားလိုက်သလို ခံစားလိုက်ရတယ်
ရေးထားသလို မျက်စိထဲမြင်ယောင်လာမိတယ်
ကြည်နူးစရာညချမ်းလေးပါလားနော်.

mstint said...

ရွှေတိဂုံကိုအာရုံပြုပြီး နောက်တစ်ကြိမ်ဖူးခွင့်ရခဲ့လို့
ကျေးဇူးပါ မိုးငွေ့ရေ။
ကြည်လင်အေးမြတဲ့စိတ်ဓာတ်အမြဲပိုင်ဆိုင်ခွင့်ရပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ကြယ်ပြာ said...

ညီမလေး မိုးငွေ့ရေ ... ရွှေတိဂုံဘုရားအကြောင်းစုံစိစွာဖတ်ရလို့ ကျေးဇူးပါ။ အစ်မ သိတာလေးတစ်ခု ပြောပြချင်လို့ပါနော် ... သူရဿတီမယ်တော်က ပိဋိကတ်သုံးပုံစောင့်တဲ့မယ်တော် မဟုတ်ပါဘူး။ သူက ဗေဒင်ကြမ်းသုံးပုံစောင့်သောသူသာဖြစ်ပါတယ်လို့ ဖတ်မှတ်ဖူးပါတယ်။

Cameron said...

ကျေးဇူးပါ အမကြည်ပြာ မှတ်ထားလိုက်ပါ့မယ်...။ အမှားပြင်ပေးတဲ့အတွက် ထပ်ပြီးကျေးဇူးတင်ပါတယ်..။

မောင်သီဟ said...

း)