ကိုယ်တို့အိမ်နားက ညောင်တုန်းလမ်းထဲမှာ ကချင်ဆိုင်တစ်ဆိုင်လာဖွင့်တယ်..ဆိုင်နာမည်က “ခါနန်” တဲ့..။ ကချင်ရိုးရာဟင်းတွေကို အဓိကထားရောင်းပါတယ်..။ ဈေးနှုန်းအသင့်သင့်နဲ့ ဆိုင်လေးက သေးသေးကျင်းကျင်းကလေးပါပဲ...။ အမဲသားဟင်းအမယ်လေးတွေစုံတယ်...။ အဲဆိုင်မှာ သုံးခါလောက်စားဖူးတယ်...။ ကိုယ့်ရဲ့ဖေးဘရိတ်မီနူးက ကချင်အမဲသားခေါက်ဆွဲ အမဲစွပ် အမဲအူကြမ်းသုတ် မုန်ညင်းကိုပိန်းဥနဲ့ဟင်းရည်လုပ်ထားတာ ကြက်ခြောက်စပ်ကြော် အဲဒါတွေပဲ...။
အခုအဲဆိုင်က စားဖူးခဲ့တဲ့ အမဲအူကြမ်းသုတ်ကို သဘောကျလို့ အိမ်မှာပြန်လုပ်စားကြည့်တာ...။ ဆိုင်မှာတော့ ခုကိုယ်ပုံမှာသုပ်ထားတဲ့ ပွဲလောက်ကို တစ်ပွဲနှစ်ထောင့်ငါးယူပါတယ်...။ အမဲပုဆိုးကြမ်းကို ဈေးထဲက ငါးရာဖိုးဝယ်တာ လက်နှစ်ဝါးစာလောက်ရပါတယ်...။ မနက်ည နှစ်ပွဲစာရပါတယ်..။ အမဲအူကြမ်းကို ဆိုင်မှာအရည်နဲ့သောက်တာမျိုးတော့တစ်ခါလားမသိဘူး ရှမ်းလမ်းဖက်မှာဝယ်စားဖူးတယ်...။ ၀ယ်လာတဲ့အူကြမ်းကို သေချာသန့်စင်ပြီး ဆား စပါးလင်နဲ့ ခပ်ကြာကြာပြုတ်ပေးရပါတယ်...။ ပေါင်းအိုးနဲ့ဆိုရင်တော့ မြန်မှာပေါ့နော်...။ အဲလိုပြုတ်ပြီးနူးပြီဆို ကိုယ်လိုချင်တဲ့အရွယ်အစားလှီးပြီး ကြက်သွန်နီ ပါးပါးလှီး စပါးလင်ပါးပါးလှီး မြေပဲလှော်မညက်တညက်ထောင်း ကြက်သွန်ဖြူဆီချက် ငရုတ်သီးစိမ်း ငရုတ်သီးကြော် နံနံပင် သံပရာသီး ငံပြာရည် ဟင်းခတ်မှုန့်တို့ထည့်ပြီး သေချာလေးနယ်လိုက်ရင် သံပုရာနံ့လေးမွှေးနေတဲ့ ချဉ်ငံစပ် အမဲအူကြမ်းသုပ်လေးတစ်ပွဲရပြီ...။ ကောက်ညင်းမွှေးအခါးရည်ပူပူလေးနဲ့သိပ်လိုက်ဖက်ပါတယ်..။
မိုးငွေ့
1 comment:
ဒါကြီးကို ဒီအတိုင်းစားလို့ သိပ်အဆင်မပြေ...း)
Post a Comment