Tuesday, 15 October 2013

ချိုမြိန်တနင်္ဂနွေ.....




တနင်္ဂနွေမိုးသည်းသည်းနေ့လည်ခင်းတစ်ခုမှာ မိုးအေးအေးနဲ့သီချင်းလေးကို နားကျပ်တပ်ပြီး တစ်ယောက်တည်း လက်ဖက်ရည်တစ်ခွက်နဲ့ငြိမ့်နေတုန်း…. ကိုယ့်ရှေ့မှာ ဘာတွေလာပြောနေမှန်းမသိတဲ့ ပိန်ပိန်ရှည်ရှည် အသက်နှစ်ဆယ်အရွယ်ကောင်လေးတစ်ယောက်…။ သူဘာပြောမှန်းမကြားရလို့ နားထဲက နားကျပ်ကိုဖြုတ်လိုက်တယ်…။

“ဘာပြောတာလဲ မောင်လေး…”


“အော် ဆော်ရီး အစ်မသီချင်းနားထောင်နေတာထင်တယ်…”


“ရပါတယ် ဘာပြောချင်လို့လဲ…”


ကောင်လေးက ဝတ်ထားတဲ့ ပုဆိုးခပ်တိုတိုကို တစ်ချက်ဆွဲစေ့ရင်း…


“အစ်မက အိန်ဂျယ်အကြောင်းစာရေးတဲ့အစ်မ မဟုတ်လား” တဲ့…။ 
ကိုယ်သဘောကျစွာ သူ့ကိုမဖြေသေးဘဲ တစ်ချက်အသံထွက်ရယ်လိုက်မိသွားတယ်…။ ကိုယ့်ကို ကိုယ့်နာမည်ထက် အိန်ဂျယ်နဲ့တွဲမှတ်နေတတ်ကြတာဟာ အိန်ဂျယ်ရဲ့အောင်မြင်မှုလို့ခေါ်မလား…။

“မင်းက ကိုယ့်စာတွေတော်တော်ဖတ်ဖူးလို့လား…”


“ဟုတ်..အစ်မရေးသမျှအက်ဆေးတွေအကုန်ဖတ်တယ် အဓိကကတော့ မကုန်ဆုံးနိုင်တဲ့ အိန်ဂျယ် အက်ဆေးတွဲကို အကြိုက်ဆုံးပဲ…. ဘယ်လိုပြောမလဲဗျာ… အစ်မအရေးအသားတွေက ဘာမှ ဟဲဗီးမပါဘူး ပေါ့ပေါ့ပါးပါးငြိမ့်ငြိမ့်ညောင်းညောင်းလေးလို့ ဖတ်ပြီးရင် ခံစားမိတယ်…ပြီးတော့ တစ်ပုဒ်ဖတ်ပြီးတိုင်းလည်း နောက်အက်ဆေးတွေမှာဘာတွေထပ်ရေးဦးမလဲလို့လဲ မျှော်လင့်ချက်တွေနဲ့ စွဲလန်းမှုကိုပေးတယ်ဗျ…”

အမယ်… သူက ကိုယ့်အက်ဆေးတွေကို အဲလောက်ထိဝေဖန်တတ်နေတာ သူတော်တော်လေး ဖတ်ထားပုံရပါတယ်…။ မကုန်ဆုံးနိုင်တဲ့ အိန်ဂျယ်အက်ဆေးတွဲတဲ့ အဲစကားကိုတော့ ကြိုက်တယ်…။ ဟုတ်တယ်…။ ဘယ်တော့မှမပြီးဆုံးနိုင်တဲ့ ဇာတ်လမ်းတစ်ခုကို ကိုယ်အသက်ရှင်သရွေ့ ရေးနေ ဦးမှာပဲလေ...။

“အစ်မ စာအုပ်ထုတ်ဖို့အစီစဉ်မရှိဘူးလား… ကျွန်တော်တို့သူငယ်ချင်းတွေ အားပေးနေပါတယ်… စာအုပ်မထုတ်ဖြစ်သေးလည်းကိစ္စမရှိပါဘူး လောလောဆယ် ကျွန်တော်ဝယ်ခဲ့တဲ့ အစ်မလို ဘလော့ဂါတွေစုပြီးထုတ်တဲ့ “သက်တံဆယ်စင်း”စာအုပ်လေးမှာတော့ အစ်မလက်မှတ်လေး အမှတ်တရလိုချင်ပါတယ်…”…။


ဟာဟ… လုပ်ကြပါဦး…။ ကိုယ့်လက်မှတ်ကိုလိုချင်တာတဲ့…။ ကိုယ့်ဘာသာ ကိုယ်တောင်  ကော်လံ ထောင်ချင်သွားတယ်…။ ဒါပေမယ့် ကိုယ်ပါဝင်ရေးသားထားခြင်း မဟုတ်ပေမယ့် ကိုယ့်စီနီယာ အစ်ကိုအစ်မတွေ မောင်ညီမတွေရေးထားတဲ့ စာအုပ်လေးမှာ သူတို့ရဲ့ အရေးအသားခံစားမှုကို ဦးညွှတ်တဲ့ အနေနဲ့ ဒီစာအုပ်လေးမှာ သူတို့ကိုယ်စား လက်မှတ်ထိုးပေးရတယ် ဆိုတာ ဂုဏ်ယူစရာပါ..။

ကိုယ်မဆိုင်းမတွပဲ သူထုတ်ပေးတဲ့ စာအုပ်ရဲ့ ပထမစာမျက်နှာလွတ်မှာ ထုံးစံအတိုင်း အမှတ်တရများစွာဖြင့် ဆိုပြီး စာမျက်နှာရဲ့ သုံးပုံတစ်ပုံလောက်ရှိတဲ့ ကိုယ့်လက်မှတ် ကြီးကြီးအောက်မှာ နေ့စွဲလေးပါ ထည့်ပေးလိုက်တယ်..။ 

“ကျေးဇူးအစ်မ..”

“မဟုတ်တာ… ကိုယ့်ကကျေးဇူးတင်ရမှာ ကိုယ့်စာတွေကိုခုလိုအားပေးတဲ့အတွက်ရော အတိုင်းမသိဘဲ ဝမ်းသာမိပါတယ်…ကိုယ့်ကို နာမည်နဲ့ ဖုန်းနံပါတ်လေးပေးထားခဲ့ပါလား.. စာအုပ်ထုတ်ဖြစ်ဖို့မရှိသေးပေမယ့် တချိန်ချိန်မှာ ထုတ်ဖြစ်ခဲ့သည်ရှိသော် မောင်လေးကို လက်ဆောင်ပို့ပေးချင်လို့ပါ…”

ကိုယ့်ဖုန်းမှာ သူ့နေရပ်လိပ်စာ ဖုန်းနံပါတ်နဲ့ နံမည်ကို ထည့်ထားလိုက်တယ်…။

ကောင်လေးသူ့ဝိုင်းကိုပြန်ထသွားတော့ အေးစက်နေပြီဖြစ်တဲ့ လက်ဖက်ရည်တစ်ဝက်ကို တွန်းဖယ်ရင်း ပေါ့ဆိမ့်နောက်တစ်ခွက်ကိုထပ်မှာလိုက်မိတော့တယ်….။ 

...........................................................................................................
အိန်ဂျယ့်အတွက် High light တချို့ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်
............................................................................................................



အိန်ဂျယ်ရေ… မင်းကိုမတွေ့ချင်တော့ဘူးဆိုတာ ကိုယ်ညာပြောခဲ့တာလို့ မင်းမထင်ဘူးလား….။(အိပ်မက်နတ်ဆိုး)

ကိုယ်သိပ်ကို စိတ်ကူးယဉ်သွားပြီလို့ မင်း ဒီအက်ဆေးလေးကိုဖတ်ရင်း ရယ်(ရီ)နေမလားပဲနော်...။ ကိုယ့်မျက်ရည်တွေနဲ့သီထားခဲ့တဲ့ စကားလုံးတွေ မင်းနှုတ်ခမ်းထက် အပြုံးတစ်ပွင့်ဖြစ်သွားခဲ့လည်း ကိုယ်ကျေနပ်တယ် အိန်ဂျယ်.....။(အိပ်မက်နတ်ဆိုး)
သိပ်လှတဲပ တနင်္ဂနွေမိုးသည်းတစ်ခု ကော်ဖီရနံ့မွှေးမြတဲ့ မိုးသည်းသည်းနေ့တစ်ခု စတဲ့ စတဲ့ မိုးနေ့ရက်တွေကို ကိုယ့်အတွက် မင်းဖန်တီးပေးခဲ့ဖူးတယ်....။(မိုးရာသီလက်ဆောင်)
လသာဆောင်ကနေမျှော်ကြည့်တော့… တိမ်ညိုတွေက အုပ်အုပ်ဆိုင်းဆိုင်း….။ ကိုယ့်ကိုအမြဲပြုံးပြနေကျ လမင်းကြီးမရှိ… လင်းလက်မှိတ်တုတ်နေတဲ့ ကြယ်ကလေးတွေမရှိ….။ ငွေကြယ်စင်ကလေးတွေလို မင်းမျက်ဝန်းတစ်စုံမရှိ….။( Dream Lover )

ခုဆို... ပတ်ဝန်းကျင်တစ်ခုလုံး မီးခိုးရောင် ခပ်မှိုင်းမှိုင်းတွေ အုပ်ဆိုင်းလို့... ကိုယ်သိပ်နှစ်သက်တဲ့ အရောင်အောက်မှာ မိုးအေးအေးနဲ့ ကိုယ့်ချစ်တဲ့မင်းနဲ့အတူ ကော်ဖီသောက်ခွင့်ရချင်သေးတယ်....။(အကြည့်)
ကိုယ်ဆိုတဲ့ မိန်းမဟာ….မင်းအတွက် ဘာသာပြန်ရခက်ခဲတဲ့ စာမျက်နှာတစ်ခုတဲ့လား အိန်ဂျယ်……။(အဖြူရောင်ချစ်ခြင်းတရား)
တည်ငြိမ်တဲ့ကန်ရေပြင်ကျယ်ကြီးဟာ ကိုယ့်ကို ကိုယ်စားပြုတယ်ဆိုရင် ရေပြင်ကြီးကို ဘောင်ဘင်ရိုက်ခတ်သွားနိုင်အောင်စွမ်းတဲ့ မိုးစက်မိုးပေါက်ရိုင်းလေးတွေက မင်းပေါ့ ဟုတ်လား အိန်ဂျယ်..။ (မိုးထဲလေထဲ)

သနပ်ခါးရေကျဲခပ်ပါးပါးလေးလိမ်းနေရင်းနဲ့ “မမ သနပ်ခါးလိမ်းတာ ကျွန်တော်တစ်ခါမှ မမြင်ဖူးသေးဘူး”လို့ ပြောခဲ့တဲ့ မင်းကို သတိရသွားတယ်…။ ခုချိန်မှာ သနပ်ခါးပါးကွက်လေးနဲ့ ကိုယ့်ကိုမြင်တွေ့ခွင့်ရရင်… “မမပါးပြင်က သနပ်ခါးလေးနမ်းမွှေးကြည့်စမ်းချင်ရဲ့”လို့ မင်းပြောလေမလား အိန်ဂျယ်… ဟင်…။ (မိုးစက်အောက်ကပန်းတစ်ပွင့်)
မိုးဦးရဲ့ မိုးစက်ပေါက်အေးတွေအောက်မှာ… ယိမ်းနွဲ့နေတဲ့ ပန်းကလေးတွေ မင်းဆီကို ရနံ့တချို့ သယ်ဆောင်လာလိမ့်မယ်…. မိုးကိုမြင်လို့ မင်းသာ ကိုယ့်ကို သတိရလွမ်းဆွတ်ခဲ့ရင်ပေါ့..အိန်ဂျယ် …..။(မိုးစက်အောက်ကပန်းတစ်ပွင့်)
တခါတခါ အဝေးတနေရာက မင်းကို တိတ်ဆိတ်စွာလွမ်းနေတတ်သော မိန်းမတစ်ယောက်ကို စက္ကန့်ပိုင်းကလေးဖြစ်ဖြစ် မင်းသတိရနေတတ်သလား………….? (လွင့်မျောပန်းတပွင့်ရဲ့ ရာဇဝင်)
တချို့လူတွေက မေးနေကြတယ်…အိန်ဂျယ့်ကိုအပြင်မှာမြင်ဖူးချင်လိုက်တာတဲ့….။ စိတ်မကောင်းပါဘူး… ကိုယ်ကိုယ်တိုင်တောင်မင်းကို မမြင်နိုင်တာ သူတို့ကို မင်းဟာ ဘယ်လိုပုံပန်းသဏ္ဍာန်ရှိတယ်ဆိုတာ ဘယ်လိုပြရမလဲ…..။ တကယ်တော့ မင်းကို လူသိများအောင် ကိုယ်ဖန်တီးနေတာမဟုတ်သလို… အိန်ဂျယ်ဆိုတာ ဘယ်လိုလူတစ်ယောက်လည်းလို့ စိတ်ဝင်စားအောင် ဆွဲဆောင်နေတာလည်း မဟုတ်ပါဘူး…။ မင်းဟာ… ကိုယ့်ရဲ့ အိန်ဂျယ်တစ်ယောက်လို့ သတ်မှတ်ခံရတဲ့ လူသားတစ်ယောက်လို့ပဲ သိထားစေချင်ပါတယ်…။ မပြီးဆုံးနိုင်သော အိန်ဂျယ်စီးရီးရှည်ကြီး ဘယ်တော့အဆုံးသတ်မလဲလို့ တချို့ကလည်း စိတ်ဝင်စားကြပြန်ပါသေးတယ်…။ ဟင့်အင်း… ကိုယ်ပြောခဲ့ပြီးပါပြီ… အိန်ဂျယ်ကိုယ်နဲ့ လိုက်ပါနေသရွေ့ အိန်ဂျယ့်အကြောင်းကို ကိုယ်ဆက်ရေးနေမိဦးမှာပဲ…..။ ကမ္ဘာဆုံးတဲ့နေ့အထိ အိန်ဂျယ်ရှိနေမှာပါ….။(ကွန်) 
ဒီညမှာတော့ “ကျွန်တော်တို့ မီးပုံပွဲကိုလာခဲ့နော် အစ်မ”လို့ လာခေါ်မယ့် အသားခပ်ဖြူဖြူနဲ့ သီချင်းအဆိုကောင်းတဲ့ ကိုယ့်ရဲ့ အိန်ဂျယ်ဖြစ်လာမယ့် မင်းလဲမရှိတော့ဘူး….။ ကိုယ့်အနားမှာ တရုတ်စကားပန်းဖြူဖြူတစ်ပွင့်မရှိတော့ဘူး…။ လင်းလင်းလက်လက်ကြယ်ကလေးတွေလို မင်းမျက်ဝန်းတစ်စုံမရှိတော့ဘူး….။ တိုးတိတ်ညင်သာတဲ့ သီချင်းသံစဉ်တစ်ခုမရှိတော့ဘူး….။  ဒီလိုတွေးမိသွားတော့ ရင်ထဲပိုပြီးနာကျင်စူးနစ်သွားရတယ်….။ (စိတ်ကူးထဲမှာတောင် ကမ်းခြေရဲ့ညက လှတယ် အိန်ဂျယ်)

ဟုတ်တယ်…..ကိုယ်မင်းကို သတိရတယ်…လွမ်းတယ်…တမ်းတမ်းမက်နဲ့ကို လွမ်းဆွတ်ပါတယ်… ဒါပေမယ့် မင်းဆီကိုဖုန်းစခေါ်ဖို့တောင် ကိုယ့်ရဲ့ ဦးနှောက်တွေက နှလုံးသားကို အလွှာပါးပါးလေးတွေနဲ့ ခြားထားခဲ့တယ်…….။ အဲဒါဟာ မာနမဟုတ်ပါဘူး… ကန့်သတ်မှုတစ်ခုပါ…..။(ဘုရားသခင်ပေးတဲ့ပန်းသီး)
 
ဘာပဲဖြစ်ဖြစ်…. ကန့်သတ်ချက်တွေပြည့်နှက်နေခဲ့တဲ့ ကိုယ်တို့နှစ်ယောက်ရဲ့ဆုံဆည်းမှုုဟာ မှားယွင်းမှုတစ်ခုမဟုတ်ပါဘူး…။(ဘုရားသခင်ပေးတဲ့ပန်းသီး)
  
ကိုယ်မသိလိုက်ပေမယ့် တိတ်တဆိတ်လေး ကိုယ့်နွေဦးဆီကို ကမ်းခြေရဲ့သဲမွမွသောင်ပြင်မှာလို ခြေရာလေးခပ်ဖွဖွချန်ထားခဲ့ပါ အိန်ဂျယ်……..။ (နွေဦး၃)

အိန်ဂျယ်ဆိုတာ ရုပ်ရည်ချောမောစရာမလိုပါဘူး လိမ္မာစရာမလိုပါဘူး အသက်အရွယ်ကွာခြားလွန်းတာကိုလည်း ဂရုစိုက်စရာမလိုပါဘူး…. ။ အိန်ဂျယ်လို့သတ်မှတ်ဖို့လောက်ထိ ကိုယ့်ကိုဆွဲဆောင်နိုင်တဲ့သူဖြစ်ဖို့သာလိုတာပါ…။(Angel Smile)

လက်ခံပေးပါအိန်ဂျယ်…..။ မိန်းမတစ်ယောက်အတွက် မင်းဟာ အဖြူရောင်တောင်ပံတစ်စုံကိုပိုင်ဆိုင်အုပ်မိုးခွင့်ရခဲ့ဖူးတဲ့ အိန်ဂျယ်တစ်ယောက်ဖြစ်ဖူးခဲ့တယ်ဆိုတာ မင်းသမိုင်းမှာတွင်စေခဲ့ချင်သေးတယ်…။ မင်းနဲ့ပတ်သက်ပြီး အဆုံးအစမဲ့ ရူးသွပ်မှုတွေနဲ့ပြည့်နှက်နေတဲ့ မိန်းမတစ်ယောက်….။ အိပ်မက်ကလန့်နိုးမှာကို သေမလောက်ကြောက်နေတဲ့ မိန်းမတစ်ယောက်…..။
မင်းကို ပန်းပွင့်လေးတွေလို သီကုံးနေတတ်တဲ့ မိန်းမတစ်ယောက်…။ မင်းအတောင်ပံဖြူဖြူတွေကို ကြွေကျပျက်စီးသွားမှာစိုးလို့ ခပ်ဖွဖွလေးတောင် တို့ထိမကြည့်ဖူးတဲ့ မိန်းမတစ်ယောက်…….။
ကိုယ့်အဖြစ်က စိတ္တဇဆန်လွန်းနေပြီလား…..။ ရုပ်ရှင်လည်းဆန်နေမယ်လို့ကိုယ်ထင်တယ်….။ ရုပ်ရှင်ဆန်လွန်းတော့လဲ တချိန်ချိန်မှာ စာတန်းထိုးလို့ရပ်သွားမှာစိုးရတယ်….။(စိတ္တဇရုပ်ရှင်)
 
ချစ်သောအိန်ဂျယ်…ကိုယ်သာမင်းဘဝမှာ သေဆုံးပျောက်ကွယ်သွားသူဖြစ်ချင်ဖြစ်မယ်….မင်းကတော့ ကိုယ့်ဘဝမှာ ဘယ်တော့မှသေဆုံးမသွားမယ့် ကိုယ့်အနားမှာထာဝရရစ်ဝဲနေမယ့် အဖြူရောင်အငွေ့ပါးပါးလေးတစ်ခုပါ…..။(လိမ္မော်ရောင်ညနေ)
 
အဲဒါ….ယောကျာၤးမာယာတဲ့…. အဲဒီစကားလုံးနဲ့ ကိုယ်သိပ်မကျွမ်းဝင်ဘူး…..။ ကိုယ်မသိဖူး မကျွမ်းဝင်ဖူးပေမယ့်လည်း မင်းမိတ်ဆက်ပေးလို့….. မာယာဆိုတာကိုလဲကိုယ်ချစ်တတ်ခဲ့ပြီ…။(မာယာ)

တခါတခါကျရင် ကိုယ်ဟာ အချစ်ကျိန်စာသင့်နေတာများလားလို့တောင် ကိုယ့်ကိုယ်ကိုသံသယဖြစ်မိတယ်.....။  (မိန်းကလေးတစ်ယောက်အသည်းကွဲနေသည်) 

ကိုယ်တကယ်စိတ်မကောင်းဘူး…အဲဒီညက ကိုယ့်ကိုအမုန်းများစွာနဲ့ ကျောခိုင်းထွက်သွားတဲ့ မင်းကျောပြင်ကို ကိုယ့်တစ်သက်ဘယ်တော့မှမေ့မယ်မထင်ဘူး….။ ပြီးတော့ ကိုယ့်ဖုန်းကိုဆက်ပြီး အကြာကြီးစကားလုံးတွေနဲ့ ပစ်ဖေါက်ခွဲသွားခဲ့တဲ့ မင်းအသံတွေ….။ ကိုယ်ဘာမှပြန်မပြောနိုင်ခဲ့ဘူး…။ ကိုယ်တောင်းပန်ပါတယ် အိန်ဂျယ်…ကိုယ်တကယ်တောင်းပန်ပါတယ်…. ကိုယ့်ကို အဲလိုထားမသွားပါနဲ့…..။ မင်းမရှိရင် ကိုယ့်ကမ္ဘာအမှောင်ကျသွားလိမ့်မယ်….။ ကိုယ့်စကားလုံးတွေအားလုံးသေဆုံးသွားလိမ့်မယ်……။ ကိုယ့်မျက်ရည်တွေ ချောင်းစီးကုန်လိမ့်မယ်..။(နိုဝင်ဘာ၁၄)

မင်းဟာ လတစ်စင်းဖြစ်ခဲ့မယ်ဆိုရင် ကိုယ်ဟာ မင်းဘေးနားက ကြယ်မှုန်မွှားလေးတစ်ပွင့်ပဲဖြစ်မှာပါ…….(လမင်းနဲ့ကြယ်စင်)

မင်းဟာ ကိုယ့်အတွက် အိန်ဂျယ်မဖြစ်နိုင်ဘူးဆိုရင်တောင်မှ မင်းအမြဲတမ်းစိတ်ချမ်းသာပျော်ရွှင်ဖို့အတွက် အရာရာကိုဖန်ဆင်းပေးမယ့်ကိုယ်...မင်းရဲ့ အိန်ဂျယ်တော့ဖြစ်ချင်ပါတယ်...။(ရင်ဖွင့်ဖော်)

အရင်လို ကိုယ့်ကိုအားအင်တွေပေးပါလား......
အရင်လို အတောင်ပံတစ်စုံနဲ့ နွေးထွေးမှုတွေပေးပါလား...
အရင်လို သံစဉ်လှလှတေးတွားလေးတွေ ညည်းဆိုပါဦးလား.........အိန်ဂျယ်(အမှောင်ထဲကရှိုက်သံ)

စက်တင်ဘာဝတ်ရုံကိုခြုံလို့ ကမ္ဘာဆုံးထိတိုင် မင်းကိုလွမ်းတတ်တဲ့
မှော်ဆရာမတစ်ယောက်ရှိနေသေးတယ်ဆိုတာ သတိရပေးပါ.....။(စက်တင်ဘာဝတ်ရုံ)

မိုးညမှမဟုတ်ပါဘူး....အရင်တုန်းကဆို ညတွေတိုင်းမှာ မင်းက ကိုယ့်အတွက်လေပြေလေးဖြစ်ခဲ့ဖူးတာပါ...။
အိပ်မက်တွေတောင်...ကိုယ့်ဆီရောက်မလာတတ်တော့ဘူး....အဲလောက်ထိ မင်းစိမ်းပြတ်တာ...။
အလွမ်းတွေဟာ...ကိုယ့်ရဲ့ ကောင်းကင်စက်ဝန်းမှာ တိမ်ညိုတွေပမာပိန်းပိတ်နေသလိုပဲ...
အုံမှိုင်းပြီး ရွာချဖို့ခက်ခဲနေလေရဲ့...။(မိုးညလေပြေ)
 
 
ဇွန်လရဲ့ မိုးသက်လေမှာ စကားပန်းတွေက ထုံအီမွှေးပျံ့လို့…။
ကောင်းကင်ကြီးတစ်ခုလုံးလဲ ခဲသားရောင်တိမ်အုပ်တွေနဲ့ပြည့်နှက်လို့...။
မင်းပုံပြောတာ ကိုယ်တခါမှနားမထောင်ဖူးဘူး…။ မင်းက သီချင်းဆိုကောင်းသလို စကားပြောတော့လဲ ပျိုမျစ်နုနယ်ပြီး တော်တော်နူးညံ့ဝါညက်တယ်…။ မင်းမျက်လုံးတွေကလည်း ကောင်းကင်ပေါ်ကကျလာတဲ့ မိုးစက်တွေလိုပဲ လင်းလင်းလက်လက်နဲ့.....။
ပုံပြင်ပြောနေတဲ့ မင်းအသံထဲမှာ အချစ်ကို ကိုယ်ခံစားမိလိုက်ရလို့ အံ့သြသွားမိတယ်...ပြီးတော့ ရမ်းရော်မှန်းဆမှုတွေ လွမ်းဆွတ်အောက်မေ့မှုတွေပါဝင်နေတယ်...။ အဲဒီကတည်းက မင်းပုံပြင်လေးဟာ အလွမ်းနဲ့ဇာတ်သိမ်းလိမ့်မယ်လို့ ကိုယ်သိပြီးသား.....။ (မိုးထဲ)

အိန်ဂျယ်ရေ....... မင်းဘယ်မှာ ပုန်းနေလဲ...ကိုယ့်မှာ မင်းလိုကိုယ်ယောင်ဖျောက်သူကိုမြင်နိုင်စွမ်းတဲ့ တန်ခိုးပိုင်ဆိုင်ချင်လိုက်တာ...။ မိုးပေါက်တစ်စက် ကော်ဖီတစ်ခွက်နဲ့ အဖော်ပြု ... အလွမ်းတွေကိုဖျော်သောက်ကြည့်မိတယ်...ကော်ဖီခါးခါးထက် အလွမ်းတွေက ပိုခါးတယ်..။ (မိုးရာသီအလွမ်း)

မိုးသက်လေကင်းတဲ့အခါ ပြာလွင်တဲ့ကောင်းကင်...တခါတလေ လိမ္မော်ရောင်တောက်တဲ့ တိမ်တွေကြောင့် အရောင်အဆင်းတွေပြောင်းလဲတဲ့ကောင်းကင်....ကိုယ်ကတော့ မီးခိုးရောင်တွေမှိုင်းညို့နေတတ်တဲ့ မိုးရာသီရဲ့ ကောင်းကင်ကို ပိုနှစ်သက်မိတယ်.......။ အဲခါမျိုးမှာ ကောင်းကင်ကြီးကို မော့ကြည့်ရတာ ကိုယ့်ရဲ့စိတ်ဝိညာဉ်တွေကို သိမ်းနှုတ်ယူငင်သွားသလိုလဲ ခံစားရတတ်တယ်....။ အဲဒါမကောင်းဘူးလေ နာကျင်ရတယ်.....။ ဒါပေမယ့် အိန်ဂျယ် ကိုယ်အဲဒီဝေဒနာတွေနဲ့အသားကျနေတတ်ခဲ့ပြီ......။(Sky)

တကယ်ဆို ကိုယ်တို့နှစ်ယောက်က တူညီတဲ့ ကောင်းကင်တစ်ခုတည်းရဲ့ အောက်မှာအတူရှိနေကြတာပါ...။(လမင်းလှေငယ်)

ညက ကြယ်ကလေးတွေကို ဝှက်ထားသလို မင်းကိုလဲ ဝှက်ထားသလား အိန်ဂျယ်....။
ဒါကြောင့်မင်းကို ညထဲမှာ ကိုယ်လာရှာတာ....။ (ကြယ်တွေဝှက်ထားတဲ့ည)

အဝါရောင်လိပ်ပြာငယ်လေးတစ်ကောင် ကိုယ့်နားရစ်သီရစ်သီနဲ့ ဝဲလာတယ်.......
ကိုယ်ဖမ်းလိုက်ရမလား အိန်ဂျယ်........
လက်ဖဝါးလေးကို ဆန့်ထုတ်လိုက်ပြီးမှ..... လိပ်ပြာလေးတွေရဲ့ အတောင်ပံက သွေးကြောမျှင်လေးတွေဟာ တို့ထိရက်စရာမရှိ နုဖတ်လွန်းလို့ ကိုယ်လက်ပြန်ရုတ်လိုက်မိတယ်..။
လိပ်ပြာကလေး သူ့ဘာသာသူလွတ်လွတ်လပ်လပ်ပျံသန်းပါစေ........
ဟိုးးး အဝေးဆုံးအထိ........
မိုးကုတ်စက်ဝိုင်းအထိ........ (နွေရာသီအလွမ်း)

သိပ်လှတဲ့ နွေဦးရဲ့ နေဝင်ချိန်ညနေခင်းလေး.........။ အဲလိုညနေခင်းမျိုးကို ဘယ်ချိန်ရောက်မှကိုယ်ထပ်မြင်ခွင့်ရမလဲ...။ ထပ်မြင်ခွင့်ရရင်တောင် မင်းမရှိတဲ့ ကမ်းခြေအလှဟာ ပြီးပြည့်စုံမှာမဟုတ်ပါဘူး အိန်ဂျယ်.......။ (နွေဦး၂)

ဒီနှစ်ဆောင်းကပိုအေးတယ်နော်......။
မင်းလဲ အလာကျဲသွားတယ်.......။ ဆောင်လေအမြူးမှာ ပျောက်ကွယ်သွားပြန်တယ်.......။ ခုလိုချမ်းချမ်းစီးစီးမှာ ကိုယ့်အတွက်အနွေး ဓါတ်ဖြည့်ဖို့ မင်းဆီက ကော်ဖီပူပူတစ်ခွက်လောက်သောက်ရရင် သိပ်ကောင်းမှာပဲ.....။ (စောင့်နေမယ်နှင်း)

မြို့လေးက မှုန်မှိုင်းပြာဝေနေတဲ့ မြူနှင်းတွေနဲ့ အုပ်ဆိုင်းနေတဲ့ တောင်တန်းပြာတွေပတ်လည်ဝိုင်းထားတော့.... ခုလိုရာသီလေးမှာ အပေါ်ဝတ်အနွေးထည်လေးလွှမ်းခြုံထားပြီး အိန္ဒြေရနေတဲ့ မိန်းမပျိုတစ်ယောက်လိုပါပဲ...။(ဖျားနေသောမြို့)

မိုးရေထဲမှာကြာနေပြီဖြစ်လို့ ပြာနှမ်းအေးစက်နေတဲ့ ကိုယ့်နှုတ်ခမ်းတစ်စုံပေါ် အိထွေးတဲ့ နွေးခနဲအသိနဲ့...။
“ကျနော်တို့ ကော်ဖီပူပူလေးသောက်ဖို့လိုနေပြီ...” ဆိုပြီး ကိုယ့်လက်တစ်ဖက်ကို တင်းတင်းဆုတ်ကိုင်ပြီး လှည့်ထွက်လာခဲ့တယ်....။  (စူးနစ်မိုး)


မိုးငွေ့

4 comments:

ပျိုးယုဝသုန် (Pyo Yu Wathone) said...

အိန်ဂျယ်လ် အိန်ဂျယ်လ်

မိုးငွေ့ရဲ့ အိန်ဂျယ်လ် ကို မြင်ဖူးချင်လိုက်တာ ကွယ်

နွေတေးရှင် (မင်းဧရာ) said...

ကောက်နှုတ်ထားတဲ့
စကားလုံးတိုင်း အသက်ဝင်
လှိုင်းကြွနေလေရဲ့ဗျာ....။

Yoemyaykya said...

မမ ၀မ်းသာလိုက်တာ။ မမမှာ အိန်ဂျယ် ပရိသတ်တွေအများကြီးပဲ။ စာအုပ်ထုတ်ဖို့တော့ သင့်နေပြီ။ လုပ်လိုက်တော့ မမ။ လုပ်လိုက်တော့

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ကြယ်တွေဝှက်ထားတဲ့ည နဲ့
နွေရာသီအလွမ်း လေးကို မြတ် နှစ်သက်တယ်။

ပြီးတော့ မိုးငွေ့ရဲ့ အိန်ဂျယ်ကို မြတ်လည်း မြင်ဖူးချင်တယ်ကွယ်။

ချစ်တဲ့
မြတ်