Saturday, 11 February 2012

နွေဦး(၂)








နွေဦးကို ဥသြတွေက ချိုသာတဲ့အသံလေးနဲ့ စပြီးနှုတ်ဆက်ပါတယ်.....။ ဆောင်းလေမကုန်သေးတဲ့ နွေဦးလေက ကိုယ့်ရဲ့ ဆံနွယ်တွေကိုတိုက်ခတ်ကျီစယ်လိုက်တယ်...။ ဒီမနက်က မြူတွေပိန်းပိတ်နေတာများ လမ်းတောင်မမြင်ရဘူး ... မနက်ကိုးနာရီမှာ ဒီလိုမြူဆိုင်းတာ တခါမှမမြင်ဖူးဘူး...။

နွေဦးကာလမြူထသောအခါတဲ့....
မြူတွေအများကြီးထတာဟာ သြဥငှက်တွေတွန်မြည်တာဟာ နွေဦးရဲ့ လက္ခဏာတွေတဲ့....။

ပြီးခဲ့တဲ့ ဒီလိုအချိန်မှာပေါ့ မင်းနဲ့စဆုံခဲ့တာ ...တစ်နှစ်ပတ်လည်ခဲ့ပါရောလား....။ လှိုင်းပုတ်ခတ်သံတွေ လေပြေညှင်းတိုက်ခတ်လို့ အုန်းလက်တွေလှုပ်ခတ်သွားတဲ့ အသံတွေကို ခပ်တိုးတိုးပြန်ကြားယောင်နေမိတယ်......။

ကြယ်တွေစုံတဲ့ သံစဉ်ညလေးကိုပြန်လွမ်းမိသွားတယ်.....။ ကြည်လင်တဲ့ အပြုံးဖြူဖြူလေးတွေကို မြင်ယောင်မိသွားတယ်.....။ တေးသံချိုချိုတွေကို သီဆိုတတ်တဲ့ နှုတ်ခမ်းထူထူတစ်စုံကို သတိရမိသွားတယ်....။ မင်း....ဘယ်ဆီမှာလဲ အိန်ဂျယ်လို့ ကိုယ်မတဖြစ်တာကြာပြီ........။

အချိန်တွေအကြာကြီးနေမှ ခနကလေးပေါ်လာတတ်တဲ့ မင်းကို.... မင်းရဲ့ အတောင်ပံဖြူဖြူတွေကို ငေးမောကြည့်လို့မဝဘူးကွယ်....။ တဖျတ်ဖျတ်ရှိနေတဲ့ အတောင်ပံတွေက ကိုယ့်ကိုဘယ်ချိန်မဆို နွေးထွေးမှုပေးတတ်တယ်.....။ ဟိုတစ်ညတုန်းကပဲ ရုတ်တရက် ကိုယ့်ကို မက်မွန်သီးလေးလာကျွေးတယ်.....။ ထူးထူးဆန်းဆန်းနော်.......။ ပြီးတော့ ချက်ချင်းပဲ ပျောက်ကွယ်သွားတယ်.....။

ဟန်ထူးလွင်ရဲ့ “နွေဦး” သီချင်းကို နားထောင်မိရင် ပိုလွမ်းမိတယ်......။
“မနေ့ကလိုပဲ ငါ....လွမ်း...... တယ်...” လို့လိုက်ညည်းရင်းလေ....

ကမ်းခြေရဲ့လှိုင်းကြက်ခွပ်တွေထရုံကလေးရှိတဲ့ နွေဦး နေ့လည်ခင်းလေးကို အုန်းရည်ချိုမြမြလေးနဲ့ ထိုင်မြည်းရတာလေးကိုလွမ်းတယ်....

ကမ်းခြေသောင်ပြင်က အရောင်စုံဆော့ကစားနေကြသူတွေကို ငေးမောရတာလေးလွမ်းတယ်.... 

လာသမျှမုန့်သည်တွေကို ခေါ်ပြီးဝယ်စားရတာတွေကိုလွမ်းတယ်....

ကိုယ်မပါဝင်လိုက်ရတဲ့ မီးပုံပွဲကိုလွမ်းတယ်......

လွှင့်ပျံလာတဲ့ သံစဉ်ချိုမြမြတွေ ဖမ်းဆုတ်ရတာကို လွမ်းတယ်......

သိပ်လှတဲ့ နွေဦးရဲ့ နေဝင်ချိန်ညနေခင်းလေး.........။ အဲလိုညနေခင်းမျိုးကို ဘယ်ချိန်ရောက်မှကိုယ်ထပ်မြင်ခွင့်ရမလဲ...။ ထပ်မြင်ခွင့်ရရင်တောင် မင်းမရှိတဲ့ ကမ်းခြေအလှဟာ ပြီးပြည့်စုံမှာမဟုတ်ပါဘူး အိန်ဂျယ်.......။



မိုးငွေ့

10 comments:

Angelhlaing(May everybody be happy and healthy! said...

နွေဦးရဲ့ နေဝင်ချိန်မှာ ချစ်သူရဲ့ လက်အစုံနဲ့ ထွေးပွေ့ခြင်း ရရှိနိုင်ပါစေလို့ ဆန္ဒပြုရင်း ခံစားအားပေး လျှက်ပါမမရေ...

သိင်္ဂါကျော် said...

နွေဦး တောင် ရောက်ပြီလား...
ဒီမှာတော့ ချမ်းနေတုန်းပဲ.. :)

စံပယ်ချို said...

ဟုတ်တယ်နော်နွေဦးရောက်နေပြီ
ချစ်သူမရှိတဲ့ ရာသီတွေဟာ
အဓိပ္ပါယ်မရှိဘူး--------
ဒါကြောင့်ချစ်သူမရှိသေးသူများအမြန်ချစ်သူရှာကြပါလို့
လေးစားစွာတိုက်တွန်းအပ်ပါတယ်ရှင်
ချစ်တဲ့ jasmine

သဒ္ဓါလှိုင်း said...

ပြည့်စုံနေမယ့် ကမ်းခြေအလှရဲ့ဘေးနားမှာ အုန်းရည်လေးကို သောက်ရင်း နွေးနွေးထွေးထွေးလေးပေါ့..
ချစ်တဲ့
သဒ္ဓါ

ဘိုဖြူ said...

နွေဦးရဲ့နေ၀င်ချိန် ချစ်သူရှိသူတွေအတွက်တော့
လက်အစုံနဲ့ ထွေးပွေ့ခြင်းတွေကြောင့်
သာယာတဲ့နွေဦးပေါ့ဗျာ

Latt Latt said...

အားပေးသွားပါတယ်

ညီရဲသစ် said...

သြော်... နွေရာသီတောင် ရောက်တော့မှာပါလား...

Han Kyi said...

နွေဦးက စောလှချေလားကွယ်...ဒီမှာဖြင့် မနက်ခင်းတိုင်း အနွေးထည် အထပ်ထပ်ဝတ်ပြီး အလုပ်သွားနေရတုန်း...အိန်ဂျယ်ခေါ်လာတဲ့ နွေဦးက လှတော့ အလှသားကပဲ...

အယ် အပေါ်က ဂျက်က ကလေးတွေကို မြှောက်ပေးသွားတယ်...သူခိုင်းတိုင်း လိုက်မလုပ်ကြပါနဲ့ဦးကွယ်...ဘ၀သမိုင်းလေးတော့ အလှမပျက်အောင် အရင်ရေးကြပါဦး...

San San Htun said...

ချစ်စရာ ကောင်းတဲ့နွေဦးကို သတိရသွားတယ်

မြတ်ပန်းနွယ် (Myat Pan Nwe) said...

နှစ်သက်တယ် ခံစားသွားပါတယ် မိုးငွေ့ရေ..

ခင်လျက်
မြတ်