Thursday, 2 February 2012

ချစ်သူရဲ့မြို့.....




အဲဒီတုန်းက မြူတွေမှုန်ဝါးဝါးနဲ့ ညနေခင်းလေးမှာ ဘုရားဖူးရင်း အဲဒီဘုရားရှေ့က အုတ်ခုံတန်းလေးမှာ ထိုင်ခဲ့ဖူးတယ်.......။ မီးခိုးရောင်မှိန်မှိန်အောက်ကမြို့ကလေးကို ငေးကြည့်ခဲ့မိတယ်....။ နာရီစင်ကိုငေးကြည့်ခဲ့မိတယ်...။ လမ်းမပေါ်မှာ ဆိုင်ကယ်တွေနဲ့ရှုပ်ရှက်ခတ်နေတာကို ငေးကြည့်ခဲ့မိတယ်...။ ခဏလေးပါပဲ....။ ဘယ်လိုထင်ခဲ့မလဲနော်....။ အဲဒီမြို့ကလေးက လူငယ်လေးတစ်ယောက်နဲ့ ဆုံတွေ့ပတ်သက်လိမ့်မယ်လို့....။

ညနေဆည်းဆာချိန်လေးရဲ့ မြင်ကွင်းက လွမ်းဆွေးချင်စရာလေးပါ....။
အဝေးပြေးလမ်းကလဲ မီးခိုးရောင် လမ်းတလျှောက်တွေ့ရတဲ့ အပင်တွေကအစ ညနေအရောင်လေးကြောင့်မီးခိုးရောင်ခပ်ရင့်ရင့်တွေဖြစ်ကုန်တယ်....။

မြန်မာပြည်ရဲ့ အထင်ကရမြစ်တစ်စင်းကိုဖြတ်ကျော်ပြီးမှ ရောက်တဲ့မြို့ကလေး....။
မြို့ကလေးက သေးငယ်ပေမယ့် လူတွေစည်ကားလို့ အသီးအနှံတွေလည်းပေါတယ်ပြောတယ်....။ ခရီးသွားဟန်လွှဲ ခဏလေးပဲဖြတ်သွားရတာမို့ မြို့ကလေးကို နှံ့နံှ့စပ်စပ်မလေ့လာခဲ့ရဘူး......။ မြို့ကလေးရဲ့ အဓိကစီးပွားရေးက စိုက်ပျိုးရေးလို့တော့ အကြမ်းမျဉ်းသိရတယ်...။ ဒါဖြင့် သူကြိုက်တတ်တဲ့ ပန်းကလေးတွေကောစိုက်ကြသလား.......။ ဒီဒေသမှာ ဘာပန်းတွေထွက်သလဲ သိချင်မိတယ်။

စိတ်ကူးထဲမှာတော့ တောင်စောင်းအနိမ့်အမြင့်လေးတွေမှာ ရောင်စုံပန်းခင်းလေးတွေကိုမြင်မိတယ်...။ ဒါပေမယ့် ရှမ်းပြည်လိုအေးတဲ့ နေရာမျိုးမှာပဲ ဒီလိုမြင်ကွင်းမျိုးရှိမယ်ထင်တယ်...။ ဒီမြို့ကလေးရဲ့ ရာသီဥတုက နဲနဲ ပူအိုက်စွတ်စိုတဲ့ အထဲပါလိမ့်မယ်ထင်တယ် မိုးလေဝသ သတင်းထဲမှာ အပူချိန်တွေကိုကြည့်ရသလောက်ပေါ့..။

ချစ်သူကို လွမ်းလို့ ခဏကလေးရောက်ခဲ့ဖူးတဲ့ ချစ်သူရဲ့မြို့ကို ပြန်မှန်းဆကြည့်မိတာပါ.....။
မြို့ကလေးအကြောင်းကို သေသေချာချာမသိပေမယ့် အလင်းရောင်အောက်မှာလဲ သိပ်လှတဲ့မြို့ကလေးတစ်မြို့ဖြစ်လိမ့်မယ်လို့ထင်ပါတယ်.....။


မိုးငွေ့

11 comments:

နေ၀သန် said...

နာရီစင်မြင်ရင် သတိထားကြည့်ကြည့်မိနေတာ.. ဒီနာရီစင်ကိုလည်း မြင်ရော.. စဉ်းစားလိုက်ရတာ... ဘာမြို့လဲပေါ့... သေချာတာကတော့ ဒီမြို့ကို ကျွန်တော်မရောက်ဖူးဘူးထင်တာပဲ.. :P

ခင်မင်လျက်
နေ၀သန်

ညီရဲသစ် said...

ဘယ်မြို့ လဲ အစ်မ... ပြည်မြို့ လားလို့ သေချာကြည့်မိတယ် မဟုတ်ဘူးလို့  ထင်မိတာဘဲ...

မဒမ်ကိုး said...

မော်လမြိုင်မြို့ ဟ အပေါ်ကငတုံးနှစ်ယောက်ရ ဟီးးဟီးးး) ထင်တာပြောတာနော် သထုံလဲဖြစ်နိုင်တာဘဲ .သေချာတာတော့မော်လမြိုင်ဘဲး))

ချစ်တဲ့

မဒိုးကန်

Cameron said...

မွှားဒယ်........:P

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ဟိဟိ.. သန်လျင် နဲ့တော့ တော်တော်ကိုတူသကွာ ..

Candy said...

ပူတယ်ဆိုတော့ မော်လမြိုင်ဖြစ်ဖို့များတယ်...
မမမိုးငွေ့ကတော့ သိချင်အောင်လုပ်ပြီ

San San Htun said...

ပုသိမ် မဟုတ်တာတော့ သေချာတယ်..ရမ်းတုတ်သွားသည်..ဟိ..ဟိ..

ချစ်ကြည်အေး said...

အဲ့မြို့ကို သိတယ်။ နာရီစင်ရှိတယ်လေ....ဟိဟိ။
သေချာတာပဲ ပြောတယ် တို့ကး)))

လွင်ပြင်လှိုင်းငယ် said...

ဘယ်မြို့လဲဟင်

ညီလင်းသစ် said...

မြို့ကလေးကို ဖွဲ့ထားတဲ့ အဖွဲ့က ဘယ်မြို့လဲလို့ ပိုပြီး သိချင်စိတ် ဖြစ်လာရတယ်၊ သစ်ရွက်တွေနောက်က မခို့တရို့ နာရီစင်ကလေးကလည်း အဖြေမှန်ကို မပေးနိုင် ခဲ့ပါဘူး၊ မြန်မာပြည်မှာက နာရီစင် ရှိတဲ့မြို့တွေ အတော်များသား ကလား..၊ ပို့စ်ထဲမှာ သဲလွန်စတွေ အများကြီး ပါရဲ့သားနဲ့ ကျနော်တို့ မတွေ့နိုင်ခဲ့ဘူး ထင်ပါရဲ့...။း(

မအိမ်သူ said...

ပုသိမ်နဲ့တော့ခပ်ဆင်ဆင်.. ဒါပေမဲ့ ဟုတ်ပုံမရ.. မြန်မာပြည်အလယ်ပိုင်းလောက်က ဆိုရင်တော့ မကွေးတို့ မုံရွာတို့ မြင်းခြံတို့များလား မပြောတတ်ပါ။ မြန်မာပြည်မှာ နာရီစင်နဲ့မြို့တွေက လက်ညှိုးထိုးမလွဲဆိုတော့ အဲဒီလောက်သဲလွန်စနဲ့တော့ အဖြေရှာလို့ ရနိုင်လိမ့်မယ်မထင်... :D