
ကိုယ့်ပုံပြင်ပြောပွဲကို ချစ်သူရောက်မလာခဲ့ဘူးနော် ...။
ဒီပုံပြင်လေးကို နားထောင်ချင်လှချည်ရဲ့ဆိုပြီး ကိုယ့်ကို ပြောပြပါ ပြောပြပါလို့ဆန္ဒတွေများခဲ့တာလဲ ချစ်သူပဲ..။ တကယ်တမ်း ကိုယ်ပုံပြင်တစ်ပုဒ်ကိုသပ်သပ်ရပ်ရပ်လေး ပြောပြနေချိန်မှာတော့ ပုံနားထောင်တဲ့ ပရိတ်သတ်အလယ်မှာ ကိုယ်လိုက်ရှာမိသေးတယ် ။ ချစ်သူကို အရိပ်အယောင်တောင်မတွေ့မိဘူး...။ ဘာကြောင့်ရောက်မလာခဲ့သလဲ...။ သံသယတွေ ထုံမွှမ်းလို့ ကိုယ်ရဲ့ ပုံပြင်ပြောတဲ့ပွဲသာ ပြီးဆုံးလို့သွားခဲ့တယ်...။
ချစ်သူရောက်မလာခဲ့ဘူးကွယ်။ ပုံပြင်လေးရဲ့ အဆုံးသတ်က ကိုယ့်နှလုံးသားကို အဖြားခတ်သွားခဲ့တယ် ချစ်သူ...။
ပုံနားထောင်ကြသူတွေ ကိုယ့်မျက်ရည်ကိုမမြင်အောင် ကိုယ်ဘယ်လိုမှ မဖုံးကွယ်နိုင်ခဲ့ဘူး...။ သူတို့ကတော့ ထင်သွားကြမှာပါ ပုံပြောသူလေးက သူ့ပုံပြင်ထဲမှာ ဇာတ်မျောသွားပုံရတယ်လို့လေ..။ အကြောင်းအမျိုးမျိုးကြောင့် ဒီပုံပြောပွဲကို ချစ်သူရောက်မလာနိုင်ခဲ့ပေမယ့် ကိုယ်ကတော့ ပုံပြင်တစ်ပုဒ်ကို တာဝန်ကျေစွာပြီးဆုံးအောင်ပြောခဲ့ပါတယ်...။ “တာဝန်ကျေစွာ”ဆိုတဲ့ စကားလုံးမှာ အပေါ်ယံယှက်ပြီးပြောတာ မဟုတ်ပါဘူး ပုံပြင်တစ်ပုဒ်ပြောတိုင်း ကိုယ်ဟာ စိတ်ရော ကိုယ်ပါနစ်ပြီး ရင်ဘတ်နဲ့ ရင်းပြီး ပါဝင်ပြောဆိုတတ်တယ်ဆိုတာ ချစ်သူသိပါတယ်..။ ကောင်းကင်မှာလဲ တိမ်ညိုတွေဖုံးလွှမ်းလို့ ညကလဲ တဖြေးဖြေးရင့်ရင့်လာပြီ....။ ကိုယ့်ရှေ့မှာ ဘယ်ပရိတ်သတ်မှမရှိတော့ဘူး...။ ငြိမ်းစပြုနေပြီဖြစ်တဲ့ မီးပုံလေးပဲကျန်ရစ်တော့တယ်။ လေကြမ်းလေးတစ်ချက်ဝှေ့လာတယ်...။ ကိုယ့်ဆံနွယ်တွေဖွာလန်ကျဲ သွားကြပြီ..။ စိုစွတ်နေတဲ့ ပါးပြင်ပေါ်တချို့လာကပ်ညှိနေကြတယ်...။ ဖယ်ရှားပစ်ဖို့ ကိုယ်မကြိုးစားမိဘူး..။ ကိုယ့်ရဲ့ညဟာလဲ...ရှေ့ကမီးပုံလေးလိုပဲ တမြေ့မြေ့နဲ့ ကျွမ်းလောင်ပြီး ခပ်မှိန်မှိန်ပြာအဖြစ်ပြောင်းလဲစပြုနေပြီ...။ အတွင်းမှာတော့ တအုံနွေးနွေးနဲ့လှိုက်စားပြီး လောင်ကျွမ်းဆဲပေါ့..။
ချစ်သူရေ........မင်းနားထောင်ချင်တယ်ဆိုတဲ့ ပုံပြင်လေး ဒီညမှာတော့ တိမ်တွေဖုံးသွားခဲ့ပြီ....။
မိုးငွေ့
3 comments:
နာ့အစ်မ သနားပါတယ် ...
အဲဒီ ချစ်သူ တော်တော်ဆိုးတယ် ...
တွေ့လို့ကတော့လား ...
တစ်ကယ်တော့ အစ်ကို့ကအပြစ်မရှိပါဘူး သူ့နောက်ကကြိုးကိုင်တဲ့သူကိုပဲမုန်းတယ်....မုန်းတယ်...မုန်းတယ်.....မုန်းတယ်....မုန်းတယ်.......
ကြိုးကိုင်ခံရတယ် ဆိုကတည်းက မဟုတ်တော့ဘူးလေဗျ ..
Post a Comment