ကျန်ရစ်သူအတွေး...
သူသွားတော့မည်
ပွေ့ချော့ထွေးလည်း ၊ ဝမ်းနည်းရုံမျှ
မှုန်ဝါးမျက်နှာ ၊ မျက်ရည်ကာဆီး
ပြန်လာပါဦး ၊ ခွဲချင်ဘူးကွယ်
မူးယစ်ဝေည ၊ မွှေးထုံသဆဲ
ခဏတွေ့မော ၊ ရင်ခုန်ရောယှက်
ပြောချင်စကား ၊ မေးခွန်းများစွာ
မေ့ကာထားပြီး ၊ ပြန်ချိန်နီးမှ
ငိုညည်းတစ်ဝက် ၊ မမှီလက်ကမ်း
နှုတ်ဆက်ဝိုးဝါး ၊ ပြေးထွက်သွားမှ
တံခါးရပ်မှီ ငေးခဲ့ပြီ ။
သူချန်ရစ်သော
မူးယစ်ဝေည ၊ မွှေးထုံမြခဲ့
အလှမပီ ၊ နွမ်းလျသီသော
နှင်းဆီဝါဝါ ၊ ငုံပြေအာစ
ရင်မှာချွေးလွင့် ၊ ပွင့်ဖတ်နုကို
ယုယခုပင် ၊ စုဆောင်းကောက်ယူ
နမ်းရှိုက်ရှူမွှေး ၊ သူလာခဲ့သော
လွမ်းပုံပြောသည် ၊ စိတ်မောသက်သေ ။
သူ့စကားမူ
ချော့ဖြားပလီ ၊ သီရီတတ်သော
နတ်မိနွယ်လို ၊ ပိုမိုဟုတ်ဘူး
မေ့မူးရစ်ဝေ့
သူ့ကိုယ်ငွေ့မွှေး ၊ နွေးပူတတ်သည်
မျက်ရည်ပုလဲ ၊ သည်းဖိုငိုသည်
ညိုမှောင်ဝင်းလျှပ် ၊ မျက်တောင်ခတ်သည်
ရှတိုက်ရွေ့လျား ၊ တိမ်လွင့်ပါးသို့
ပြန်သွားတတ်သူသာတကား ။ ။
( ကြည်အေး )
ရှုမဝမဂ္ဂဇင်း ၊ ဧပြီ ၊ ၁၉၇၂ ၊ စာ -၁။
11 comments:
ဖြေမဆယ်နိုင်ပေမယ့်လည်း...
သွေဖယ်နိုင်ရက်တဲ့ သူမို့...
“မေ”ရေ..
သူ့အတွက်..
ခပ်လျော့လျော့လေးပဲ...နေပေးလိုက်ပါ...
(စာလုံးပေါင်းမှားလို့ ပထမ comment ကို ဖျက်လိုက်တယ်နော်)
သွားချင်ရင်လည်း သွားပါစေ.. :P
အင်းလေ...တားမရတော့လည်းးးးးးးးးးး။
ကဗျာလေးလာဖတ်သွားပါတယ်..။
ကျွန်တော်လည်း ထွက်သွားသူတစ်ယောက်ကို ငေးကြည့်ဖူးတယ် သွားချင်နေမှတော့ဗျာ မတားမိတော့ဖူး
ကိုယ့်ထက်သာတာတွေ့လို့ ကိုယ့်အနားက ထွက်သွားတယ်လို့ဘဲ မှတ်ပါတယ်..
တိမ်လွင့်ပါးသို့
ပြန်သွားတတ်သူသာတကား ။ ။
တိမ်တွေနား သွားချင်တယ်ဆိုတော့လဲ သွားပါစေတော့လေ...
ကျန်နေရစ်ခဲ့လိုက်ပါ့မယ်....
မကျန်ရစ်ခဲ့ချင်ပါဘူးအမရာ..
ကျန်ရစ်ခဲ့ရတာကို မလိုချင်ပေမယ့် သွားချင်တယ်ဆိုရင်လည်း မတားလိုတော့ပါဘူး။
ဟင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
Post a Comment