Friday, 3 September 2010

ဆုတောင်းစာ...




အိပ်ပျော်သွားဖို့ကောင်းပြီ......။

ဒီညအိပ်ပျော်ဖို့ ခက်ခဲလိမ့်မယ်လို့ ကြိုတင်တွက်ဆထားခဲ့ပေမယ့်လည်း ဒီလောက်ညဥ့်နက်စွာ မျက်စိကြောင်လိမ့်မယ်လို့ ကိုယ်မမျှော်လင့်ခဲ့ဘူး....။ အခုတော့.... ဖြစ်သင့်ဖြစ်ထိုက်တဲ့ စိတ်လှုပ်ရှားမှု ထက်ပိုနေပြီ...။ ညဦးပိုင်းက ရေးထားခဲ့တဲ့ ကဗျာတစ်ပုဒ်ကို ပြန်ဖတ်ချင်နေမိတယ်...။ ဗိုက်ထဲဟာတာတာ ဖြစ်တော့မှ ညစာကို ပေါင်မုန့်နှစ်ချပ်ပဲစားထားမှန်းသတိရမိတယ်....။ ခေါင်းရင်းက မီးခလုတ်ကိုစမ်းပြီး နာရီကြည့်လိုက်တာ့ တစ်နာရီထိုးဖို့ ဆယ့်ငါးမိနစ်....။ လမ်းပေါ်က မုန့်ဖက်ထုပ်သည်အသံကို ကြားနေရတုန်း....။ စာကြည့်စားပွဲပေါ်က စာအုပ်ကို ကောက်ကိုင်ပြီး မီးဖိုခန်းဘက် ထွက်သွားခဲ့လိုက်တယ်...။ ကဗျာကို ခေါက်ဆွဲပြုတ်နဲ့ မြည်းလိုက်တယ်..။ ကိုယ့်ကို သူက ... သူ့မွေးနေ့လက်ဆောင်အဖြစ် ကဗျာတစ်ပုဒ်ရေးပေးပါလို့ တောင်းဆိုထားတယ်...။ ကဗျာတွေကို ချစ်မြတ်နိုးတယ် ဆိုပေမယ့် သူများကဗျာတွေလောက်ပဲ ဖတ်ဖူးခဲ့တာ...။ ကြိုက်တဲ့ ကဗျာတွေကို ကူးထားတယ်...။ ဒီလောက်ပဲ...။ ခုလိုကိုယ်ကိုယ်တိုင် ရေးချရမယ်ဆိုတော့ တော်တော်လေး ရင်ခုန်လှုပ်ရှားသွားမိခဲ့တယ်....။ ဘယ်လိုအကြောင်းအရာကို ဘယ်လိုပုံစံမျိုးနဲ့ ရေးရင်ကောင်းမလဲလို့ တွေးရင်း ကိုယ်ကြိုက်လို့ စုဆောင်းထားသမျှကဗျာစာအုပ်တွေကို ပြန်ဖတ်နေလိုက်တယ်...။ ကိုယ်တိုင်ရေးကဗျာဆိုတာ ဘယ်သူ့အငွေ့အသက်မှ မလွှမ်းတဲ့ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်ခံစားမှုနဲ့ စကားလုံးတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာမျိုးပဲ ဖြစ်သင့်တယ်လေ...။ ဒါနဲ့ သူ့ပုံစံ သူ့အကြောင်း... သူကြိုက်တာလေးတွေကို ပြန်တွေးကြည့်ရင်း...အခြေခံရတယ်...။ ဒီလိုနဲ့ ကာရံမညီတဲ့ကဗျာ တစ်ပုဒ်ထွက်လာခဲ့တယ်...။ ကိုယ့်လက်ရေးနဲ့ ကဗျာတစ်ပုဒ်ကို ဟိုးးးး အဝေးမှာရှိတဲ့ သူ့ဆီ Scan ဖတ်ပြီးမေးလ်နဲ့ပို့ပေးရမှာ...။ ကဗျာလေးရဲ့ အောက်ခြေမှာ ကိုယ့်လက်မှတ်လေးပါမှပေါ့နော်...။ A4 စာရွက်ရဲ့လေးပုံတစ်ပုံလောက်က ကိုယ့်ရဲ့လက်မှတ်နဲ့ ပြည့်သွားတယ်...။ အို...မွေးနေ့ဆုတောင်းစာလေးတစ်ကြောင်းတော့ ရေးရဦးမယ်...။ ခေါက်ဆွဲပန်းကန်ကို ဘေစင်ထဲထည့်ပစ် စာအုပ်လေးယူပြီး စာကြည့်စားပွဲမှာပြန်ထိုင်လိုက်တယ်...။ ဘယ်လိုဆုတောင်းစာမျိုး ရေးရင်ကောင်းမလဲ...။ “ဒီမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ သာယာပျော်ရွှင်ပါစေ” ဟင့်အင်း ဒါမျိုးက လူတိုင်းရေးနေကျ စာသားကြီး...။ “လိုအင်ဆန္ဒပြည့်ဝပါစေ” မဟုတ်သေးပါဘူး ဒါလဲ...။ “ချစ်တဲ့ သူနဲ့ အမြန်ဆုံး ဆုံဆည်းရပါစေ”... နိုး....။ ဘာလို့လဲ...ဒါကောင်းတာပဲ... သူ့ချစ်သူနဲ့ သူပြန်ဆုံဆည်းဖို့ ဆုတောင်းပေးတာပဲ... ဘာမနာလိုစရာရှိလဲ..။ ကိုယ်ချင်းတောင်စာပေးရဦးမှာ....။ (အသက်ကို၀၀ရှူ.... ပြန်ထုတ်.... မကောင်းတဲ့စိတ်တွေ ၀င်လာတဲ့အခါတိုင်း ကိုယ်လုပ်နေကျမျိုး.... ၀မ်းထဲက မကောင်းတာတွေကို လေနဲ့အတူ နှင်ထုတ်ပစ်လိုက်တဲ့သဘော) ဟုတ်တယ်... ဒါပဲကောင်းတယ်...။ ရှည်ရှည်ဝေးဝေးစဉ်းစားမနေတော့ဘူး အဲဒါလေးပဲ ကောက်ရေးလိုက်တော့မယ်...။


“ချစ်တဲ့သူနဲ့ ထာဝစဉ်လက်တွဲရပါစေ” လို့ ကိုယ်ဆုတောင်းပါတယ်....။


မိုးငွေ့

11 comments:

ကိုကိုးအိမ်(မန္တလေး) said...

မကောင်းတာတွေကို လေနဲ့မှူတ်ထုတ်ပစ်လို့ရသလို အိပ်ပျက်ညတွေကိုလည်း မှုတ်ထုတ်ပစ်လို့ရရင်ကောင်းမှာနော်

ခင်မင်လျှက်
ကိုကိုးအိမ်(မန္တလေး)

အဖြူရောင်နတ်သမီး said...

“ရှည်ရှည်ဝေးဝေးစဉ်းစားမနေနဲ့တော့ဘူး အဲဒါလေးပဲ ကောက်ရေးလိုက်တော့မယ်...။

“ချစ်တဲ့သူနဲ့ ထာဝစဉ်လက်တွဲရပါစေ” လို့ ကိုယ်ဆုတောင်းပါတယ်....။”...
..............................

Paste လုပ်တယ်လို့အထင်မလွဲပါနဲ့...
အဲဒီစာကြောင်းလေးဖြစ်လာဖို့ ဇာတ်အိမ်ဆွဲလာတာကို သဘောကျလို့ပါ...
.............................

Happy Birthday ပါ..“သူ”ရေ...
မမိုးလည်း အဆင်ပြေပါစေရှင်...

Cameron said...

အဟားး နတ်သမီးကတော့လုပ်ချလိုက်ပြန်ပြီ.....

Mamoonn said...

ရင်ထဲမှာ တစ်မျိုးကြီး ခံစားလိုက်ရတယ်..။
သူ့မှာ ချစ်သူရှိနေသလိုပဲနော်..။
ဆုတောင်းပေးလိုက်တာ အကောင်းဆုံးဖြစ်မှာပါ..။

သက်ဝေ said...

ရေးထားတဲ့ စာလေးက ချစ်စရာလေး..............း))

ချစ်တဲ့သူနဲ့ ထာဝစဉ် လက်တွဲရပါစေ လို့ ဆုတောင်းပေးလိုက်သလို ကိုယ်တိုင်လဲ အဲဒီဆုတောင်းလေး ပြည့်ပါစေလို့ ဆုတောင်းသွားတယ်...

blackroze said...

တောင်းတဲ့ဆုနဲ့
အမြဲထာဝရပြည့်ပါစေ..မကြီးမိုးငွေ့

ပန်းခင်းလေး said...

ဘ၀ဆိုတာ ဒီလိုပါပဲမမရယ် . .
ဒီလို အပူအပင်တွေကြားထဲမှာပဲ
ပျော်ရွှင်မှုကို ရှာဖွေယူတာမျိုးမဟုတ်လား . .
စိတ်ပျိုမှ ကိုယ်နုမယ်တဲ့  . .
စိတ်ကိုပျော်အောင်ထား . . (အပျော်လွန်သွားမှာဆိုးရင်တော့ 
ဖွဲအုံထားပေးပေါ့ နော်) :D
ရုပ်ကတော့  ညီမလေးအစ်မကပြောစရာမလိုပါဘူးနော်
လှပြီးသားပဲကို . .

ခင်မင်စွာနဲ့ 

ပန်းခင်းလေး

ညလင်းအိမ် said...

ဘယ်သူ့အတွက်မှဆုတောင်းမပေးချင်ဘူး ..
ဆုမတောင်းပေးလည်း ဖြစ်ချင်တဲ့သူက ဖြစ်အောင်လုပ်မှာပဲ ...

ကျွန်တော့်ဖာသာ ပြောတာနော် .. ဘယ်သူ့ကိုမှ မရည်ရွယ်ဘူး ...

မှားတယ်ထင်ရင် ခွင့်လွှတ် ..း)

Cameron said...

မောင်တူးရေ...ငါကဆုတောင်းပေးသလောက် ငါကိုယ်တိုင်ကတော့ဆုတောင်းမပြည့်ဘူးဖြစ်နေတယ်....ဘာပဲဖြစ်ဖြစ် ငါ့မင်းသားကိုတော့ ငါစောင့်နေမယ်...

မောင်သီဟ said...

ဟူးးး နောက်ပို့တွေဖတ်ရင် ပိုခံစားမိမလားပဲ ကိုယ်ချင်းစာမိတယ် တော်ပီ နောက်ပို့စ်တခုမဆင်းတော့ဖူးး) အသစ်တင်မှလာခဲ့မယ်း)

မိုးသက် said...

အချစ်ရှိနေရင်.. ဆောင်းရာသီမှာနွေးပြီး နွေရာသီမှာအေးပါတယ်.။ .. ဟုတ်တယ်ဟုတ်.. အစ်မမိုး..။