Wednesday, 23 June 2021

Rest In Power Raymond......



ဒီနေ့ တစ်နေ့လုံးတော့ ကိုတွတ်ပီ(Idiot , Raymond) ရဲ့ သီချင်းတွေပဲနားထောင်ခွင့်ပြုပါ......။

မနက်က group chat ထဲမှာ သတင်းတက်လာကတည်းက လုံးဝနေလို့မကောင်းတော့ဘူး.....။ ရေမွန်က ကျွန်မအနှစ်သက်ဆုံး အဆိုတော်တွေထဲမှာ တစ်ယောက်ပါပါတယ်....။  သူဖန်တီးထားခဲ့တဲ့ဂီတတွေကို လေးစားရတဲ့ တန်ဖိုးရှိတဲ့ အနုပညာရှင်တစ်ဦး ရုတ်တရက်နှုတ်ဆက်ထွက်ခွာသွားတော့ တကယ် ဝမ်းနည်းနှမြေတသ ငိုကြွေးမိပါတယ်....။ တကယ်တော့ စောလွန်းပါတယ်.....ထွက်ခွာသွားတာ......။ တစ်နေနေ့ကျရင် ကျွန်မတို့ အသစ်အသစ်တွေဆီကို ရောက်တဲ့အခါ   ဆုံးရှုံးသွားခဲ့တဲ့ ပေးဆပ်သွားခဲ့ကြတဲ့သူတွေအားလုံးအတွက် သမိုင်းတွင်ကျန်ရစ်မဲ့ အမှတ်တရတွေ နောင်လာနောက်သားတွေအတွက် ချန်ထားခဲ့ရစ်နိုင်မှာပါ.....။ အဲဒီတစ်နေ့နေ့ကို လက်တွေ့မြင်တွေ့နိုင်ဖို့ ကျွန်မတို့ အခု ဉာဏ်ပညာအားကိုးနဲ့ အသက်ဆက်ရှင်ကြမယ်...။ 






🎵🎵.....ကမ္ဘာမြေဟာ အရောင်လွှင့်ပြယ် ..........🎵🎵


🎵🎵..... လေထုထဲလွှင်ပြယ်သွားခဲ့..........🎵🎵








🎵🎵.....စိတ်ဖြောင့်ဖြောင့်နဲ့သာချန်ခဲ့........... 🎵🎵





အဆိုတော်၁ယောက်ကို ရူးရူးမူးမူးကြိုက်ပြီဆိုရင် ရှိသမျှသီချင်းအကုန်လုံးကိုလည်း စာသား၁လုံးမကျန်အကုန်ရတဲ့အထိကြိုက်တယ်... အဲ့ဒါကိုရေမွန်ပဲ... SIR ပွဲတွေတုန်းကလည်း ရန်ကုန်မှာရှိတဲ့အချိန်နဲ့ကြုံရင် ၁ပွဲမကျန်ကြည့်ခဲ့ဖူးတယ် ...အခုထိကားပေါ်မှာ ဖွင့်နေကြအကို့သီချင်းတွေ ရိုးသွားတယ်ဆိုတာမရှိဘူး ...ကိုယ်တိုင်အနုပညာလုပ်တော့ ပွဲတွေမှာဆုံတယ် အကိုဆိုတဲ့အချိန် ရှေ့ဆုံးတန်းက ကြည့်ပြီးပျော်ရတဲ့အချိန်တွေ အများကြီးပဲ... မှတ်မှတ်ရရ အခုနောက်ဆုံးလုပ်သွားတဲ့ IC Show မှာ Special Guest အဖိတ်ခံရတော့ အကိုနဲ့ ၁ဝိုင်းထဲကျတယ် ... ဘာပြောကောင်းမလည်း ပြောချင်တဲ့စကားတွေပြောခွင့်ရတဲ့နေ့ပေါ့ ... သူကလည်း ကျနော့်ကိုသိတယ် ညီလေးမိုက်တယ် အကိုအမြဲတွေ့တယ်ဆက်ကြိုးစားဆိုပြီးမှာတယ် ... အဲ့ဒီတုန်းကအမှတ်တရတခုကတော့ ကျနော်အကို့ကိုပြောခဲ့တဲ့စကားလေးတခုပေါ့ ... အကို့ကို ICထက်ကျနော် ကြိုက်တယ်ဗျာလို့ပြောလိုက်တော့ ဟေ ဆိုပြီး အဲ့လိုမနှိုင်းပါနဲ့ဗျာ ကျနော်ကဘာမှမဟုတ်ပါဘူးဆိုပြီး ကျေနပ်အပြုံးကြီးနဲ့ရယ်ပြီးပြန်ဖြေရှာတယ် ... မာနမရှိတဲ့အကိုဗျာ ... နောက်ပိုင်းတွေ့တော့လည်း အမြဲအရင်လာနုတ်ဆက်တတ်တယ် ... ကျနော်မှာ အိပ်မက်၁ခုရှိတယ် အကိုရေးပေးတဲ့သီချင်းကိုဆိုချင်တဲ့အိပ်မက်လေးတော့မပြည့်တော့ဘူး ဗျာ😭 ပြီးတော့ ကျနော်တို့ရိုက်တဲ့ လိပ်ပြာ ဇာတ်လမ်းတွဲမှာ အကိုကOST ဆိုမယ်ကြားတော့ ပျော်ရပြန်ရော ... အဲ့ကားရိုက်ပြီးနောက်ဆုံးနေ့မှာ အဖြူရောင်ထောင်ချောက်ဆိုတဲ့ ဇာတ်ဝင်သီချင်း MVမှာနောက်ဆုံး ဆုံတွေ့မှုပေါ့ အဲ့နေ့ကလည်း အကိုသီချင်းရိုက်ပြီး ပြန်ခါနီးမှာ ကျနော် ဓာတ်ပုံလေး၁ပုံတောင်းရိုက်ခဲ့တယ် .. အဲ့ဒါကအမှတ်တရအဖြစ်ဆုံးဖြစ်သွားပြီ... ကျနော့်မှာဘအကျင့်၁ခုရှိတယ် ကျနော်အရမ်းကြိုက်တဲ့သူကို အနှောက်အယှက်ဖြစ်မဲ့ပုံစံတို့ တခုခုဖြစ်သွားမှာလားဆိုတဲ့စိုးရိမ်စိတ်အမြဲရှိတော့ တော်ရုံအမှတ်တရ ဓာတ်ပုံတောင်းရိုက်လေ့မရှိဘူး ... ဒါကတော့ ကျနော်အရဲစွံပြီးတောင်းပန်ရင်းရိုက်ခဲ့တဲ့ နောက်ဆုံးပုံလေးဖြစ်ခဲ့ပြီ ... ကောင်းရာမွန်ရာရောက်ပါစေ အကို ... ဒီပုံလေးကိုတော့အမှတ်တရအနေနဲ့တင်ထားပါရစေ ... သီချင်းတွေရှိတဲ့အရပ်မှာပဲအကိုပျော်ပျော်နေမယ်ဆိုတာသိပါတယ် ... ကျနော်လည်းအကို့သီချင်းတွေနဲ့ကျန်တဲ့သက်တမ်းလေးကို ဖြတ်သန်းရဦးမယ် Rest In Peace bro 🥀

ဒီနေ့မနက် မနက်စာစားရင် IG ဖွင့်ကြည့်တော့ မော်ဒယ်လ်နဲ့သရုပ်ဆောင် ချာလီ တင်ပြီး ရေမွန်အတွက် အမှတ်တရရေးထားတာကို ဖတ်ရင်း စိတ်မကောင်းလို့ မျက်ရည်လည်ရတယ်....။ အားလုံးကိုမျှချင်လို့  ပြန်ကူးထားတာပါ....။ ဖေဖော်ဝါရီ(၁)ရက်နေ့ကစပြီး ဒီနေ့ထိ မျက်ရည်တွေမခမ်းသေးဘူး.... ဆုံးရှုံးမှုတိုင်းအတွက် တစ်ဆစ်ဆစ်နဲ့နာကျင်ရတယ်....။ အားလုံးအကျေပြန်ရမယ့်နေ့ကို စောင့်နေမယ်....။


Revolution will Prevail .......

မိုးငွေ့


Saturday, 19 June 2021

#THE_LADY





အမေစုမွေးနေ့အကြို ဂုဏ်ပြုကဗျာပြိုင်ပွဲရဲ့

ပထမဆုရ ကဗျာ


**************


ခေါက်ရိုးကျိုးနေတဲ့

လူနေမှုအဆင့်အတန်း ...

ကြောက်ရိုးကျိုးနေတဲ့

တရားဥပဒေဘောင်တန်း ...

ဟေ့ ...

The Ladyရှေ့မှာ ဒူးထောက်ကြစမ်း ...


The Lady နဲ့တွေ့ရင်

သေနတ်ပြောင်း၀က ကျည်ဆံဖူးတွေ 

အငွေ့တလူလူနဲ့ အပြင်မထွက်ဝင့်ဘူး ...

The Lady နဲ့ ဆုံရင် 

နေပြည်တော်က စားဖားကြီးတွေ

သွားရည်တမြားမြားနဲ့ ပါးစပ်မဟရဲဘူး ...

The Lady နဲ့တွေ့ရင်

ဝိတိုရိယ ဘုရင်မကြီးတောင်

ခနိုးခနဲ့မရယ်ရဲဘူး ...


စနစ်ကြောင့် ကျွန်ဖြစ်ရတာ

သမိုင်းရဲ့အပြစ်မဟုတ်ဘူး ...

စနစ်ကိုမတော်လှန်ပဲ ကျွန်ဖြစ်ခံရင်တော့

ငါတို့အပြစ်ဖြစ်သွားပီ ...

ဘုရားခေတ်မှပဲ လိမ္မာကြတာပေါ့ ...

လာ ...

Do Or Die တစ်ခုကိုရွေး

The Lady နဲ့သာဆို 

နိုင်ငံတော်အလံရဲ့အနီရောင်ကိုတောင်

ငါ့နှလုံးသွေးနဲ့ရေးခြစ်ခြယ်ပေးမယ် ...


"မဟတ္တမဂန္ဓီ" ကပြောတယ် ...

"An eye For an eye only ends

up making the whole world blind..."

"မျက်လုံးတစ်လုံးအတွက် နောက်ထပ်တစ်လုံး

ထပ်ပြီးစတေးရရင် တစ်ကမ္ဘာလုံး

မျက်ကန်းတွေ ဖြစ်ကုန်လိမ့်မယ်"တဲ့ ...

စုံလုံကန်းချင်သူများ 

The Lady ကို ပုန်ကန်ပါ ...

နှစ်ပေါင်း(၂၀)ကျော်

တစ်ဖက်ကန်းခဲ့ရတဲ့ ငရမကန်းနိုင်ငံတော်ဟာ

အမှန်လက္ခဏာနဲ့မိုးစင်စင်လင်းသင့်ပြီ ...

နှင်းဆီရေကြည် သစ္စာတည်မှ

အတ္တအမှောင်ကို ခွဲနိုင်မယ် ...

ကိုယ့်သမိုင်းကိုယ်ရေးပေါ့ ...

နောက်ထပ်မျက်လုံးတစ်လုံး

ဘယ်သူတွေကန်းချင်မိသေးလဲ, ဖြေ ...


ဂါထာမန္တရားမတိုးတဲ့

ဘုန်းကြီးတစ္ဆေဝေလေလေများ

The Lady အမိန့်ပေးမယ် နားစွင့်ထား ...

ဒီစတုတ္ထနိုင်ငံတော်ရဲ့ခြစားအဂတိ

အမြစ်လှန်တော်လှန်မှုမှာ

"ငါ"စွဲသူများအတွက် အမျှဝေကြမယ် ...


ဒီဘက်ခေတ်မှာ ဒဏ္ဍါရီတွေထဲကလို

အရိုးနဲ့စည်းရိုးထိုးစရာမလိုဘူး ...

"သူခိုးနဲ့အမျိုး"အတွက်မကြည့်ရင်

မြေပုံစည်းတစ်စက်မရွေ့ဘူး ...

ဘယ်သူသေသေ ငတေမာရင်ပြီးရောသူတွေ

ခေါင်းမြီးတွေခြုံမနေနဲ့ 

The Lady လာနေတယ် ...


မြန်မာပြည်ရဲ့လမ်းထိပ်တွေမှာ

စစ်သေနတ်နဲ့ပစ်သတ်ခံရတဲ့ 

ဒီမိုကရေစီစစ်သည် ညီလေးတို့ရေ ...

သွေးအိုင်အတိမ်အနက်ထဲက

လူ့အခွင့်အရေးကို မီးအိမ်ထွန်းပြချင်တဲ့

ဒေါင်းချေသည် ညီမလေးတို့ရေ ...

ကောင်းချီဩဘာ မျှဝေယူဖို့

အလင်းခန္ဓာတို့ကို မတ်ပြီး

ခေါင်းထောင်လို့ ကြည့်လှည့်ပါတော့ ...


ကမ္ဘာမကြေမီးတွေ ညှိမ်းဖို့ ...

တောင်တန်းတိုက်ပွဲတွေ ငြိမ်းဖို့ ...

ပြည်သူတွေ စိမ်းလန်းစိုပြေဖို့ ...

နှင်းဆီပန်းတွေ ပန်ပြီး

နေဝန်းနီနီနဲ့အပြိုင် သတ္တိအစိုင်အခိုင်နဲ့ 

အားလုံးရဲ့ရှေ့ကို 

The Lady လာနေပြီ ... ။ ။


Credit


Wednesday, 16 June 2021

ပိုကြောက်စရာ ကောင်းတယ်

 



ပြုံးမပြတတ်တဲ့ မျက်နှာထက် 

လိုအပ်ရင်မျက်နှာချိုသွေးတဲ့ လိုပြုံးတွေက

ပိုကြောက်စရာကောင်းတယ်။


တစ်ယောက်တည်း အထီးကျန်ရတာထက်

သာမှအတူနေချင်တဲ့ အဖော်ပြုခြင်းက

ပိုကြောက်စရာ ကောင်းတယ်။


မယုံကြည်ရတာထက်

အယုံသွင်းနေတဲ့ ရိုးသားမှုက

ပိုကြောက်စရာ ကောင်းတယ်။


ဆိုးကွက်ကိုပဲ အပြစ်တင်တာထက်

ဘာလုပ်လုပ် အကောင်းမမြင်တတ်တဲ့ မျက်လုံးတွေက

ပိုကြောက်စရာ ကောင်းတယ်။


အားနည်းချက်ကို ဝေဖန်တာထက်

အားသာချက်ကို မချီးမွမ်းချင်တဲ့ မနာလိုဝန်တိုမှုက

ပိုကြောက်စရာ ကောင်းတယ်။


ပွင့်ပွင့်လင်းလင်းပြောတာထက်

နောက်ကွယ်မှကဲ့ရဲ့တတ်တဲ့ အတင်းစကားတွေက

ပိုကြောက်စရာကောင်းတယ်။


ကျေးဇူးမသိတတ်တာထက်

ကျေးဇူးကန်းတာက 

ပိုကြောက်စရာကောင်းတယ်။


ကိုယ့်ကိုမုန်းနေသူထက်

မာယာတွေနဲ့ ချစ်ဟန်ဆောင်နေသူက

ပိုကြောက်စရာ ကောင်းတယ်။


အဝေးကရန်သူထက်

နောက်ကျောကိုဓားနဲ့ထိုးမယ့် အနီးကပ်မိတ်ဆွေက

ပိုကြောက်စရာကောင်းတယ်။


ရုပ်ဆိုးအကျည်းတန်တာထက်

စိတ်ထားမလှတာက ပိုကြောက်စရာကောင်းသလို

လောကမှာ…ပညာမဲ့လူယုတ်မာထက်

ပညာတတ် လူယုတ်မာက ပိုကြောက်စရာ ကောင်းပါတယ်။

#credit


Sunday, 13 June 2021

နွေဦးတော်လှန်ရေး(၂၀).....



မင်းတုန်းမင်းဟာ မိန်းမလှလှ မြင်ရင်

သိမ်းပိုက်လေ့ရှိတယ်။


သိမ်းပိုက်ပြီးရင်လဲအဲဒီမိန်းမရဲ့ ဦးလေးတွေ 

အကိုတွေမောင်တွေကိုပါရောပြီးမြှောက်စား

တဲ့အနေနဲ့ ဟိုနယ်စားစေ..ဒီနယ်စားစေ

ဆိုပြီး နယ်စားတွေ လျှောက်ပေး ပစ်တာ။


ဟိုသကောင့်သားတွေကလဲ အုပ်ချုပ်ရေးဆိုလို့

နကန်းတစ်လုံးမှ နားမလည်တဲ့ 

စာမတတ် ပေမတတ်လယ်သမား 

ထန်းတက်သမား တောသားတွေ။


ရှင်ဘုရင်နဲ့ အမျိုးတော်ပြီဟေ့လဲဆိုရော 

အော်တိုမက်တစ် မြို့စားနယ်စားတွေ ဖြစ်ကုန်ရော..


ဘုမသိ ဘမသိ အုပ်ချုပ်တော့ စနစ်တကျ ဖြစ်မလာဘဲ 

အကုန် ကစဉ့်ကလျားတွေ 

ဖြစ်ကုန်ပြီး မြို့ခံနယ်ခံ လူထုခမျာ

အတော် ဒုက္ခရောက်ရှာကြရတယ်။


အဲဒါကို အမြင်မတော်တဲ့ပုဂ္ဂိုလ် တစ်ယောက် ရှိခဲ့တယ်။ 

သူကတော့ တခြားသူမဟုတ်ဘူး


မြန်မာ့သမိုင်းမှာ အထင်ကရ မှူးမတ်ကြီး

ယောအတွင်းဝန် ဦးဘိုးလှိုင်"..


ရှင်ဘုရင် နှာဘူးထလို့ ကို့ရို့ကားရား ဖြစ်နေတဲ့ 

နိုင်ငံ့အရေးမှာ မလွှဲမရှောင်သာ ဝင်ပြောရတော့တယ်..


" အစ်မ နှမ၊ သမီးကကို၊ စ၍ဆက်နှင်း၊ 

  လက်ဆောင်သွင်း၍၊ စိုးမင်းချစ်မြတ်၊ 

  ထိုအမတ်သည်၊ အတတ်မရှိ၊

  တတ်သိကင်းကွာ၊ ဘုန်းကြီးလာမူ၊ 

  ပြည်ရွာပျက်ကြောင်း၊ တစ်ပါးတည်း" 

ရယ်လို့စာစပ်ပြီး သံတော်ဦးတင်လိုက်တယ်..


အဲဒီချိန်မှာ မင်းတုန်းက ရှက်ရမ်းရမ်းပြီး 

သူ့ရဲ့လက်စွဲတော် လှံကို ဆွဲထုတ်လိုက်တယ်..

တကယ်တော့ အဲဒါ မိုက်ကြေးခွဲတဲ့ လမ်းဘေးကွက်ပဲ..


ကိုယ့်မှာ အင်အားရှိလို့ကတော့ 

ဘယ်သူမဆို အဲဒီလို ခြိမ်းခြောက်ရဲတယ်..


မင်းတုန်းမင်းလည်း 

ဦးဘိုးလှိုင်ကို သွေးတိုးစမ်းကြည့်တယ်..


"မောင်မင်း.. ဒီလှံကို သိလား"

"မှန်ပါ.. သိကြောင်းပါ"

"ဒီလှံနဲ့ ဘယ်သူ အစီရင်ခံရဖူးလဲ"

"ကျွန်တော်မျိုးရဲ့ဖခင် ရင်းတောဝန်ကြီး

ပါဖုရား"


မင်းတုန်းက ခေါင်းတဆတ်ဆတ်ငြိမ့်နေတယ်..

ဘိုးလှိုင်တစ်ယောက်တော့ ကြောက်နေရှာပြီပေါ့..


အဲဒါနဲ့ ဆက်ပြီး ဖြဲခြောက်လိုက်တယ်..

"ဒီလှံနဲ့ အစီရင်ခံလိုသလား"


အဲဒီမှာ ဦးဘိုးလှိုင်က ထပြီး 

ရင်ကော့ပေးလိုက်တယ်..

"ထိုးတော်မူပါဖုရား"


မင်းတုန်းလည်း ရှက်ရမ်းရမ်းကာမှ 

တကယ့်သတ္တိခဲနဲ့ လာတိုးနေတော့ 

ဘာလုပ်လို့လုပ်ရမှန်းမသိဘဲ

ပလ္လင်ပေါ်ကထပြီး 

အတွင်းဆောင်ကို ပြန်သွားတယ်..


တစ်ချိန်လုံး ငြိမ်ဝပ်နေတဲ့ 

တခြားအမတ်တွေက အဲဒီတော့မှ 

ဦးဘိုးလှိုင်ကို ဝိုင်းပြောကြတယ်..


" ဝန်မင်းရာ.. တင်းတင်းမာမာ

   ရဲပဲရဲလွန်းလှတယ်ဗျာ "


ဦးဘိုးလှိုင်က အိနြေ္ဒမပျက် ပြန်ပြောလိုက်တယ်..

" ကျုပ်ဟာ အမတ်တစ်ယောက် ဖြစ်တယ်..

အမတ်ဆိုတဲ့အတိုင်း လွဲနေတာတွေ့ရင်

တည့်တည့်မတ်မတ်ဖြစ်အောင် ထိန်းရမှာပဲ"


လက်ရှိမြန်မာပြည်မှာတော့ 

အာဏာရူးပြီး 

ထင်ရာစိုင်းသမျှ သတ္တိရှိရှိ တည့်မတ်ပေးရဲတဲ့ 

အမှုထမ်းအရာထမ်းတွေ မရှိခဲ့ဘဲ 

ဖားယားပြီး အကုန်ကောင်းပါတယ်

ဝိုင်းလိမ်ပေးကြလို့ ဒင်းတို့ လုပ်ချင်သလို 

လုပ်ခွင့်ရတော့တိုင်းပြည်လည်း ဖြစ်ချင်တိုင်းဖြစ်ပြီး 

မြောင်းထဲရောက်တာပဲ..


ဦးဘိုးလှိုင်လို 

သမာသမတ်ကျပြီး 

သတ္တိရှိတဲ့ ဝန်ထမ်းကောင်းတွေ 

များများ ပေါ်ထွက်လာမှ 

ဒီတိုင်းပြည် နာလံထူနိုင်ပါလိမ့်မယ်..


လေးစားစွာဖြင့်

#crd


Wednesday, 9 June 2021

အောက်မေ့သတိရမိပါတယ်.....

 



ဒီနေ့မနက်အိပ်မက်မက်တယ်....။ ကျွန်မ တက္ကသိုလ်တက်တုန်းက သူငယ်ချင်းနဲ့သူ့မိသားစုကို အိပ်မက်မက်တာ...။ အဲတုန်းက ကျွန်မက ဒုတိယနှစ် Zoology တက်နေတဲ့အချိန် သူငယ်ချင်းက Geography ပထမနှစ် သူတို့အိမ်က RC 3 ကြည့်မြင်တိုင်နဲ့ တစ်မှတ်တိုင်ပဲဝေးတာ....။ သူတို့အိမ်မှာ ကျွန်မ ခဏ ခဏ ထမင်းသွားစားခဲ့ဖူးတယ်....။ သူ့အဖေအမေနဲ့ရော အစ်မနဲ့ပါခင်တာ....။ သူတို့မောင်နှမက မြန်မာကရင်ကပြား ခရစ်ယာန်နှစ်ချင်းဘာသာဝင်တွေ....။ သူငယ်ချင်းရဲ့အဖေကတော့ မြန်မာ ဗုဒ္ဓဘာသာစစ်စစ် ... အန်ကယ်နဲ့အန်တီတို့က နားလည်မှုအပြည့်ရှိပြီး အိမ်ထောင်ရေး လူမှုရေး အေးအေးချမ်းချမ်းနဲ့ အတူဖြတ်သန်းနေထိုင်လာခဲ့ကြတဲ့သူတွေ....။ ခရစ္စမတ်နေ့တို့ ဆုတောင်းပွဲလုပ်တာတို့ဆို နှစ်တိုင်းသူတို့အိမ်မှာ သွားစားသောက်နေကျ....။ တစ်အိမ်လုံး သဘောအရမ်းကောင်းကြတယ်....။ သူတို့ အိမ်နားတဝင်းလုံး အမျိုးတွေပဲ အိမ်ဆောက်စုနေကြလို့ သူတို့အမျိုးတွေ တစ်ဝမ်းကွဲတွေနဲ့ပါ ကျွန်မနဲ့ခင်ကြတယ်....။ သူတို့အိမ်သွားလို့ ကျွန်မသတ်သတ်လွတ်စားတဲ့နေ့ဆို အန်တီက ကန်ဇွန်းရွက်ကြော် အာလူးကြော်တွေ လက်ဖက်သုပ်တွေလုပ်ပေးတတ်တယ်....။ အဲချိန်လေးတွေတောင် ပြန်လွမ်းသွားတယ်...။ ကျွန်မသူတို့နဲ့ အဆက်အသွယ်မရှိတော့တာ ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်လောက်ရှိသွားပြီ....။ ထူးဆန်းတာက သူတို့ကို အိပ်မက်မက်ရင် အမြဲတမ်း မိသားစုဝင်တွေ စုံစုံလင်လင်ပါတယ်....။ ဒီနေ့မနက် အိပ်မက်ထဲမှာတော့ သူငယ်ချင်းအိမ်ကို ကျွန်မဝင်သွားလိုက်တာနဲ့ သူ့အမေက ကျွန်မကိုလဲမြင်ရော "အိုး!!! အန်တီရဲ့ငါးကလေးနဲ့မတွေ့တာကြာပြီနော်" ဆိုပြီး ကျွန်မကိုလာပွေ့ဖက်ထားတာတဲ့ ဘာလို့ ကျွန်မကိုငါးကလေးလို့ခေါ်လဲလို့ ...နောက်တော့ အော်!!! ကျွန်မက မိန်ရာသီဖွား ငါးနှစ်ကောင်သင်္ကေတမို့လို့ခေါ်တာဖြစ်မယ်လို့ အိပ်မက်ထဲမှာတွေးလိုက်သေးတယ်.....။ 

ခုဆို အဲသူငယ်ချင်းလဲ မိန်းမရလို့ သူ့သားလေးတောင် တော်တော်ကြီးနေပြီ သူ့အစ်မရဲ့သမီးလေးဆို ခုအသက် ၁၈နှစ်ကျော်နေလောက်ပြီ....။ အဲကလေးမလေးနာမည်က Noe Noe တဲ့ ကျွန်မနဲ့သူတို့မိသားစု နောက်ဆုံးအဆက်သွယ်ရှိတဲ့အချိန် အဲကလေးလေးက သုံးနှစ်သမီးလေးလောက်ပဲရှိဦးမှာ....။ အဲကလေးလေးက ကျွန်မငယ်ငယ်ကပုံနဲ့သိပ်တူတာ.....။ အစ်မ ကိုယ်ဝန်ရှိတုန်းက ကျွန်မက သူတို့အိမ် အမြဲဝင်ထွက်စားသောက်နေတာကြောင့် ကျွန်မကို မြင်ပါများပြီး မွေးလာလို့ ကျွန်မငယ်ပုံနဲ့တူတာဖြစ်မယ်လို့ ...။ အစ်မကို ကျွန်မငယ်ပုံလေးပြတော့ သူတောင်အံ့အားသင့်သွားခဲ့ရသေး....။ ခုတော့ သူတို့မိသားစုလဲ အိမ်ပြောင်းသွားပြီကြားတယ် အဝေးကြီးတော့မဟုတ်ပါဘူး အဲကရင်ခြံနားတစ်ဝှိက်တွေမှာပါပဲ....။ မတွေ့တာကြာပြီ အိပ်မက်ကနိုးလာတော့ အားလုံးကို အရမ်းသတိရသွားတယ်...။ ဒီပို့စ်ရေးရင်းနဲ့ သတိရလို့ မျက်ရည်လည်မိတယ်....။ ခုလိုချိန်မှာ သူတို့ မိသားစု အေးချမ်းစွာ ကျန်းမာစွာရှိနေပါစေလို့ ဆုတောင်းပါတယ်....။ 

ကျွန်မညတိုင်း ဘုရားရှိခိုး ဩကာသရွတ် ငါးပါးသီလခံယူပြီးရင် ခင်ပွန်းကြီးဆယ်ပါးနေ့စဉ်မပြတ်ကန်တော့ဖြစ်တယ်....။ သူတို့မိသားစုလဲ ခင်ပွန်းကြီးဆယ်ပါးကန်တော့တဲ့ထဲမှာ ဆယ်ပါးမြှောက်ဖြစ်တဲ့ "ထမင်းတလုတ် ရေတမှုတ်ပေးကမ်းထောက်ပံ့ဖူးသော ကျေးဇူးရှင် ပုဂ္ဂိုလ်" ထဲမှာပါတယ်လေ... ကျွန်မ သူတို့အိမ်မှာ ထမင်းတစ်လုတ်မက စားခဲ့ဖူးတာကိုး....။ 

လူတွေဟာ ငယ်ကအကြောင်းရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောနေပြီဆို ဒုတိယအရွယ်ရဲ့နှောင်းပိုင်းကို ရောက်ပြီဆိုတာဖော်ပြတာပဲ...။ အသက်ကြီးလေလေ ငယ်တုန်းကအကြောင်းပြောလို့ကောင်းလေပေါ့ ပြန်မရနိုင်တော့တဲ့အချိန်လေးတွေကို ....။ ကဲ... အန်တီမိုးငွေ့လို့ခေါ်တတ်တဲ့ ထာဝရပရိတ်သတ်လေးလည်း ဖတ်ပြီးပြုံးနေလောက်ရော့ပေါ့...။ 


မိုးငွေ့


Sunday, 6 June 2021

မိုးကောင်းကင်မှာ.....

 




ဒီသီချင်းလေးဖြစ်ပေါ်လာပုံ ကိုမျိုးကျော့ ဖေ့ဘုတ်ပေ့ချ်မှာတင်ထားတာတွေ့လို့ သီချင်းလေးကိုတင်ရင်း ပြန်ရေးပြပါရစေ....။ အဲတုန်းက ဒီသီချင်းကို လေယာဉ်ပျံပေါ်မှာရေးခဲ့တဲ့ အသက်၁၅နှစ် အရွယ်ကောင်လေးတစ်ယောက်ရဲ့ လက်ရာတစ်ခုဆိုတာကို ကာယကံရှင်ကိုယ်တိုင်သာမပြောပြခဲ့ရင် သိနိုင်မှာမဟုတ်ဘူး....။ တော်လိုက်တာ......:) ဒီသီချင်းက မိုးတွေရွာနေချိန်ခဏ အမ်လ်ဘမ်ထဲက လေးပုဒ်မြှောက်သီချင်းလေးပါ.....။


" ဒီမိုးကောင်းကင်မှာ သီချင်းက 🎵ကိုယ့်အနားတိမ်ရိပ်တွေ ကိုယ့်အနားကြယ်စုတွေ🎵 ဆိုတဲ့ စာသားရေးတဲ့အချိန်မှာ တကယ်ပဲ ကျွန်တော့်အနား တိမ်တွေရော ခပ်လှမ်းလှမ်းမှာလဲကြယ်တွေကိုပါ နီးနီးလေး တွေ့နေရတဲ့အချိန်မှာ ရေးခဲ့တာပါ....။ ကျွန်တော့်အသက် ၁၅ နှစ်လောက်က အဖေတခြား Pilotတွေကို သင်ပေးတဲ့ Training flight မှာလိုက်သွားရင်း လေယာဉ်တစ်စင်းလုံး Passenger Seat မှာ တစ်ယောက်ထဲမို့ ဟိုတွေးဒီတွေးနဲ့ နေဝင်နေတဲ့အချိန် တိမ်တွေကလဲ ကိုယ့်အောက်ရောက်လိုက် ဘေးနားရှိလိုက်နဲ့ အဲလိုအချိန်မှာ ရေးမိခဲ့တာပါ...လေယာဉ်ဆင်းသွားတဲ့ အချိန်မှာပဲ သီချင်းအစအဆုံးရေးပြီးခဲ့ပါတယ်...တကယ်သတိရစရာပါပဲ...." သီချင်းလေးဖြစ်ပေါ်လာပုံက ကြည်နူးကျေနပ်စရာကောင်းလိုက်တာ....။ 

ကျွန်မသာ ကိုမျိုးကျော့လိုအရွယ်မှာ အဲလိုလေယာဉ်ထဲမှာ တစ်ယောက်ထဲ တိမ်တွေ ကြယ်တွေကို အနီးကပ်မြင်နေရရင် အပျော်လွန်ပြီး ဘာမှတောင် ရေးလို့ထွက်မှာမဟုတ်ဘူး ကျွန်မက တိမ်တွေ ကြယ်တွေကိုချစ်တယ်လေ... သူတို့ကိုငေးမောရတာနဲ့တင် အားလုံးကို မေ့မျောနေမှာ သေချာတယ်....။ 


-------------------------   ---------------------------   ------------------------

 
ကျွန်မ Instagram stories မှာ Y-zet(ကိုကြီး) တင်ထားတာလေးတွေ့လို့ ပြန်မျှဝေပေးတာပါ....ညီမလေးတစ်ယောက်တင်ထားခဲ့တဲ့ ပို့စ်ကို သူက ss နဲ့ stories မှာပြန်တင်ပေးထားတာ....။ ဒါဟာ Civil Disobedience Movement of Artists, for the people by the people ပါပဲ ....
အနုပညာချစ်တဲ့သူတိုင်းအတွက်သာ...<3 <3 <3

အနုပညာတွေ ကန်းသွားတဲ့အချိန် ........................

ကိုကျားပေါက်က သီချင်းတွေ မရေးတော့ဘူးလို့ official တောင်းပန်သွားတယ်.......... 

ကိုမျိုးကျော့မြိုင်က သူ့ဖန်တီးမှုတွေ ရပ်လိုက်ရမယ့် ကာလတစ်ခု ကြုံရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူးတဲ့ ...................

ရသစာပေရဲ့ မြစ်ဖျားဖြစ်တဲ့ ရွှေအမြုတေ ပိတ်သိမ်းလိုက်ရတယ်...........

Social Media တွေမှာ နေ့စဉ်နဲ့အမျှနီးပါး ထွက်ရှိခဲ့တဲ့ သီချင်းအသစ်တွေ Music Creation တွေ ဘာမှ မရှိတော့ဘူး...................

အဆိုတော်တွေ သီချင်းမဆိုကြတော့ဘူး

သရုပ်ဆောင်တွေ ထောင်ထဲမှာ

ပန်းချီဆရာတွေ ပန်းချီမဆွဲတော့ဘူး

Street Art တွေ မမြင်ရတော့ဘူး

အနုပညာ ကန်းသွားတဲ့နိုင်ငံ

Soft Power တွေ သေသွားတဲ့နိုင်ငံ

နင်တို့ကတော့ တစ်မနက်တည်း ကြော်ငြာလိုက်တာပါပဲ 

ငါတို့မှာသာ

နေရာပေါင်းစုံ ဆွံ့အမှောင်မည်းသွားခဲ့ရတာ

Credit : Nobel


အနုပညာကန်းသွားတဲ့နိုင်ငံမှာ ဘာကြောင့် အနုပညာယန္တရားကြီးတစ်ခုလုံး ရပ်တန့်သွားရတယ် ဆိုတဲ့အကြောင်းအရင်းတချို့ကို ကမ္ဘာတဝှမ်းက မြန်မာတွေသိအောင်တော့ ကျွန်မမှာပြောပြရမယ့် တာဝန်ရှိပါတယ်....။ ဒါကြောင့် ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ကျွန်မဘလော့အမြဲတမ်း Streaming ဖြစ်နေမှာပါ......။


မိုးငွေ့

Thursday, 3 June 2021

#WHATHAPPENINMYBODY

 



ဘာဖြစ်နေသလဲဆိုတော့....ခါတိုင်းနှစ်တွေဖြစ်နေကျလေ ဒီပို့စ်တွေနှစ်တိုင်းဖတ်ရလို့ စာဖတ်သူတွေလည်း အလွတ်တောင်ရနေလောက်ပြီ....။ မိုးရာသီရောက်တိုင်းဖြစ်နေကျ ဘယ်ဖက်လက်ဖမိုးရောင်တာ ခုနှစ်တော့ မိုးဦးကျမှာကိုစဖြစ်တော့တာ....။ ခါတိုင်းနှစ်ဆို August လလောက်ဖြစ်နေကျ.....။ ကံ စိတ် ဥတု အဟာရ ဒီအကြောင်းတရားလေးပါးကနဲ့မလွတ်ကင်းသရွေ့ပေါ့....။ အကြောင်းအရင်းကိုရှာကြည့်တာ ဖြစ်နိုင်ချေအနီးစပ်ဆုံးအချက်တစ်ခုကို ရှာတွေ့လိုက်တယ်....။ အဲဒါကတော့ ခြေထောက်ကိုရေနွေးနဲ့ဆားစိမ်တာပဲ....။ လက်မရောင်ခင်တစ်ရက်အလိုက သူငယ်ချင်းအိမ်မှာ ရခိုင်မုန့်တီသုပ်လုပ်စားလို့ ရခိုင်သုပ်တစ်ပွဲစားလိုက်တယ်....။ ငါးပိကြောင့်လို့ နာမည်တပ်လို့ရပေမယ့် ပြီးခဲ့တဲ့တစ်ပတ်က ရခိုင်မုန့်တီစားတာ ဘား....မှမဖြစ်ပါဘူး....။ မနှစ်ကလည်း ခြေထောက်အညောင်းပြေ ရေနွေးစိမ်ခဲ့တယ်ဆိုတဲ့ အကြောင်းရင်းနဲ့ ဒီပို့စ်မှာရေးခဲ့ပါသေးတယ်....။ ခုလည်း ဒါပဲဖြစ်ဖို့များတယ်  တိုင်းရင်းဆေးဆရာကြီးဦးရန်အောင် အဆိုအရ အပူကန်ထွက်တာ သေချာတယ်...။ အပူအစပ်အစားများရင် ကန်ထွက်တာမှာ အဲလို ရောင်တာတွေ အမ်းတာတွေအဖြစ်ပြန်ပေါ်လာတတ်တယ်တဲ့...။ အပူအစပ်ကတော့ စားဖြစ်ပါတယ်...ကြိုက်တာကိုး....။ ဒါမယ့် မိုးဥတုမှသာ သူက ဒုက္ခနဲ့လှလှပေးတတ်တာ....။ အခုက အပူရှိန်တွေများတော့ အပြင်မှာအရမ်းပူတဲ့နေရာကနေ လေအေးစက်ခန်းထဲတန်းဝင်လိုက်တာမျိုးလုပ်တာလဲ အပူအအေးမမျှရင်ဖြစ်တတ်တယ်...။ ဖြစ်လိုက်ရင်လဲ ဘယ်ဖက်လက်ပဲ အဲဒါလဲအကြောင်းရှိရမယ်....။

အဲလိုရောင်ပြီဆို အဲနေရာမှာ တဆစ်ဆစ်နဲ့ကိုက်တတ်လာတယ် နောက်လက်ဖမိုးကနေ တတောင်ဆစ် လက်မောင်း အဲလိုထိကိုက်လာတတ်တယ်....။ ဘယ်ဖက်လက်ကိုက်ရင် နှလုံးပြဿနာရဲ့အစလို့ သိထားတော့ ....။ မနှစ်တုန်းက ဆေးခန်းပြ သွေးစစ်တုန်းက ကျွန်မကို အထူးကုက ECG ရိုက်ဖို့လုပ်သေးတယ် အဲဒါဘာကြောင့်မရိုက်ဖြစ်လိုက်လဲမသိဘူး...။ ပြီးတော့ ဟိုးနှစ်တွေတုန်းက ချင်းပြည် ကန်ပက်လက်မှာ နတ်မတောင်သွားတက်တုန်းက တောင်ပေါ် ဘယ်နှစ်လှမ်းမှမတက်ရသေးဘူး အသက်ရှူမဝတော့ဘူးလို့ ကျွန်မခရီးသွားပို့စ်မှာရေးဖူးခဲ့တာကို သွားအမှတ်ရမိရင်း နှလုံးများစစ်ဖို့လိုလာပြီလားပေါ့.....။ တွေ့လား လူ့ခန္ဓာဟာ တနေရာရာ သေးသေးလေးကအစ ချို့ယွင်းပြီဆို ဘယ်လိုမှ ပုံမှန်အတိုင်း နေလို့မကောင်းတော့ဘူး.....။ ငါဘာမှမဖြစ်ဘူး ဒါငါဖြစ်နေကျပဲလို့ စိတ်ကိုလျှော့ပြီး ကိုယ့်ကိုယ်ကို ပြန်ချော့ထားပေမယ့် မသိစိတ်က ဖိစီးမှုတွေရနေတယ်.....။ ပြီးတော့ ခုလိုကာလမျိုး နိုင်ငံရေး စီးပွားရေးမကောင်းတော့ ပိုဆိုး.....။ ဒီလအတွက် ဘဏ်ကငွေဘယ်လောက်ပဲထုတ်ပေးတော့မလဲ ရုံးမှာက လစာပေးချိန်ဆို ပူရတယ်လေ ငွေသားအခက်အခဲအများကြီးရှိနေတော့ တချို့ ဘဏ်ကဒ်မရှိတဲ့သူ အောက်ခြေအလုပ်သမားတွေကျတော့ ငွေသားပေးမှအဆင်ပြေတာလေ... wave money ဆိုတာကလည်း % တွေ ယူတာ ပက်ပက်စက်စက် ဆိုတော့ အဲအပူတွေကလည်း ကိုယ်ကထမ်းထားရသေးတယ်.....။ ဆိုတော့ ဒါက စိတ်ရဲ့အပူ လောလောဆယ်ဖြစ်ပျက်နေတာတွေက ကံရဲ့အပူ ဥတုက မိုးဦးကျကာလ အဟာရကတော့ အလာဂျီဖြစ်နိုင်တဲ့ ငါးပိ ငံပြာရည် မှို မျှစ် ဘာညာသွားစားမိ အဲလို အားလုံးတိုက်ဆိုင်သွားတော့ ကျွန်မဘယ်လက်ကလေး တဖန်ရောင်အမ်းရပါသည်ပေါ့....။

ဘယ်ဖက်လက်ဖြစ်တာ ကျွန်မအတွက် ကထိကအောက်တော့ဖြစ်တယ်....။ ကျွန်မက မျက်နှာသစ်တာဘယ်လက်နဲ့ပဲသစ်ခဲ့တာ ငယ်ငယ်ကတည်းက...။ ဦးနှောက်က ဒီလိုမှတ်ထားပေးပုံရပါတယ် ညာလက်က မျက်နှာသစ်ဖို့အတွက် ရေခွက်ကိုင်ရတဲ့အလုပ်ကိုလုပ်ရတော့ ဘယ်လက်ကမျက်နှာသစ်တာ အသားကျသွားတယ်...။ ငယ်ငယ်က တောမှာ ဘေစင်မှာသစ်ရတာမှမဟုတ်တာ ရေတွင်းမှာ ဒန်ဖလားခွက်နဲ့ရေခပ်ပြီး တစ်ဖက်က ခွက်ကိုင်ထားရတာကိုး အဲတော့ မျက်နှာသစ်တာမှာ ဘယ်သန်သွားတယ်...။ ထမင်းစားလဲ ဘယ်ညာနှစ်ဖက်လုံးသုံးတယ်....။ လွယ်အိတ်လွယ် နှာရီပတ်လဲ ဘယ်ဖက်ပဲ ဖုန်းနားထောင် ဖုန်းကိုင်လဲဘယ်လက်ပဲသန်တယ်...။  ညာလက်က တခြားအရေးကြီးတာ ထီးကိုင်တာ တံခါးဖွင့်တာ သော့ဖွင့်တာလုပ်ရမယ်ဆိုတဲ့ အသိနဲ့မှတ်ထားလို့ထင်တယ် ပစ္စည်းသယ်ရင်လဲ ဘယ်လက်နဲ့ပဲအသုံးများတယ်...။ သူက ညာလက်ထက်တောင်အလုပ်ပိုပန်ပန်းသလိုပဲ ပြန်တွေးကြည့်ရင်...။ 

ထုံးစံအတိုင်းပဲ ရေခဲအိတ်ကပ်ပေးတယ် မနှစ်ကဆရာဝန်ပေးထားတဲ့ဆေးစာအတိုင်း ငါးရက်စာဆေးဝယ်သောက်တယ် ဗိုက်တာမင်စီသောက်တယ်....။ ရေများများသောက်တယ်....။ ဆင်ခြင်ရမယ် ဆင်ခြင်ရမယ် နောက်ဆို ဆားရေလုံးဝမစိမ်တော့ပါ.....။ ဆရာကြီးဦးရန်အောင်က ပြောထားပြီးသား ရေမချိုးခင်ကို ဆားကြမ်းနဲ့ ခြေဖဝါးတစ်ဖက်စီကို အခါခြောက်ဆယ်လောက်ပွတ်ပေးပြီးမှ ရေကို ခြေဖျားထိပ်ကနေစလောင်း အပေါ်ဖက်ကိုတဆင့်ချင်းလောင်းပြီးမှချိုးရတာ....။ အဲဒါသိပြီး သတိလွတ်သွားတာ ခြေဖနောင့်ကွဲနေတာကို အကြောင်းပြပြီး ရေနွေးစိမ်လိုက်တာ ကျယ်မရဲ့ မဟာအမှားတစ်ခုဖြစ်သွားခဲ့တယ်....။  သတိ... သတိ အရေးအကြီးဆုံးပဲ.....။ သူများဘာတွေဖြစ်နေလဲဆိုတာထက် ကိုယ့်ကိုယ်ကို ဘာဖြစ်နေလဲဆိုတာကို သတိချပ်ပြီး စောင့်ကြည့်နေရမှာ...။ လူအများစုက ကိုယ့်အကြောင်းထက် သူများအကြောင်းကို ပိုစိတ်ဝင်စားတတ်ကြတာမဟုတ်လား....။ 

အားလုံးကျန်းမာလန်းဖြာကြပါစေ.....

အရေးတော်ပုံအောင်မြင်ပါစေ.....

မိုးငွေ့